Book Image
ကျောင်းကုန်းဧည့်မှူး
ကျောင်းကုန်းဧည့်မှူး
????????????????????????
ရသ စာ ကဗျာ ပညာအမွေ ပေးဝေသူ

ဧည့်မှူး၊ ကျောင်းကုန်း (၁၉၅၄ - ၂၀၂၁)

???? ကဗျာဆရာ၊ စာရေးဆရာ၊ ကျောင်းဆရာဖြစ်သူ
ကျောင်းကုန်းဧည့်မှူးကို ၁၉၅၄ ခုနှစ်၊ ဖေဖော်ဝါရီလ 
၇ ရက်၊ တနင်္ဂနွေနေ့တွင် ကျောင်းကုန်းမြို့နယ်၊ 
ကိုင်းတာရွာ၌ အဖ လယ်သမားကြီး ဦးသောင်း၊
အမိ ဒေါ်ကုလားမတို့က ဖွားမြင်သည်။

???? မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်ပြီး
အမည်ရင်းမှာ ဦးအေးသန်းဖြစ်သည်။

???? ငယ်စဉ်က ကိုင်းတာရွာ ဆရာဦးချစ်ထွေး
မြန်မာစာသင်ကျောင်း၊ ရွာဦးဘုန်းတော်ကြီးကျောင်း
တို့တွင် လောကုတ္တရာစာပေများ သင်ယူခဲ့သည်။ 

???? ၁၉၆၄ ခုနှစ်တွင် ကျောင်းကုန်း အထက၌
ပထမတန်းမှ စတင်တက်ရောက် ပညာသင်ယူပြီး
၁၉၇၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။
ကျောင်းသားလူငယ်ဘဝတွင် ကြက်ခြေနီ၊ 
လမ်းစဉ်လူငယ်နှင့် ရပ်ကျိုးရွာကျိုးလုပ်ငန်းများကို
လုပ်ဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာစာ
အဓိကဖြင့် ဝိဇ္ဇာဘွဲ့ (B.A.) ရရှိသည်။ 

???? ၁၉၇၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ကျောင်းကုန်း
မြို့နယ် လယ်သမားအစည်းအရုံး၊ ရန်ကုန်ဗဟို
လယ်သမားအစည်းအရုံး၊ ကျောင်းကုန်းမြို့နယ်
ပါတီယူနစ်တို့၌ ပြည်သူ့ဝန်ထမ်းအဖြစ် ထမ်းရွက်ခဲ့
သည်။

???? ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ကာလများတွင်
မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ဆန်ကုန်သည်၊ လယ်လုပ်၊
ကြံစိုက်၊ ကြံ ကြံသကာ ကုန်သည်၊ ဆန်စပါး ပဲမျိုးစုံ
ကုန်သည် ဟူသော အလုပ်မျိုးစုံကို လုပ်ကိုင်ကာ 
ဘဝမျိုးစုံ၌ ကျင်လည်ခဲ့သည်။

???? ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ 'ကံ့ကော်မြိုင်'
အပါအဝင် ပြင်ပကိုယ်ပိုင်သင်တန်းကျောင်းများတွင်
'မြန်မာစာပြ ကျူရှင်ဆရာ' အဖြစ် လုပ်ကိုင်ရင်း 
တပည့်များစွာကို ပညာအမွေ ပေးဝေခဲ့သည်။ 
၂၀၀၈ ခုနှစ်တွင် ဇာတိကျောင်းကုန်းမြို့၌
'ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်း' ကို
တည်ထောင်ဖွင့်လှစ်၍ ပညာရေးလုပ်ငန်းများကို 
ကွယ်လွန်ချိန်အထိ လုပ်ဆောင်ခဲ့သည်။ 

???? ဆရာကျောင်းကုန်းဧည့်မှူး၏ ပထမဆုံး 
ပုံနှိပ်စာမူမှာ ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလထုတ်
ပုသိမ်ခရိုင်မဂ္ဂဇင်းပါ 'ရပ်လှမ်း' ကဗျာ ဖြစ်သည်။

???? ကျောင်းကုန်းဧည့်မှူး ကလောင်အမည်အပြင်
မောင်အေးသန်း (ကျောင်းကုန်း)၊ ကိုရင်ဖိုးသာအောင်၊
ဇာတ်ဆရာစိန်မျက်ခုံး၊ ဦးဩဘာသောင်း ဟူသော
ကလောင်အမည်များဖြင့်လည်း ဆောင်းပါး၊ ဝတ္ထု၊
ပြဇာတ်၊ ရသစာတမ်းများ ရေးသားခဲ့သည်။ 
မိုးကောင်းငွေရတုမဂ္ဂဇင်း (၁၉၉၉)၊ ကျောင်းကုန်း
အထက ရွှေရတုမဂ္ဂဇင်း (၂၀၀၃) တို့ကို တာဝန်ခံ
အယ်ဒီတာအဖြစ် ဦးစီးထုတ်ဝေခဲ့သည်။

???? ၁၉၈၃ ခုနှစ်တွင် 'အနင်းခံနိုင်သောစပါး သန်သည်'
စာမူဖြင့် စာပေဗိမာန်စာမူဆု (ဝတ္ထုရှည်၊ ဒုတိယ) ကို
လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် ဗဟိုမူးယစ်ဆေးဝါး၊
ငွေတာရီမဂ္ဂဇင်း၊ မန္တလေးမေတ္တာရှင် ဝတ္ထုဆု ၃ ဆုကို
လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် 'ငှက်တစ်သောင်း
အတွက် သစ်တစ်ပင်နှင့် အခြားဝတ္ထုတိုများ' စာမူဖြင့်
ပခုက္ကူဦးအုံးဖေစာပေဆု (ဝတ္ထုတိုပေါင်းချုပ်၊ ဒုတိယ)
ကိုလည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် 'မျိုးစောင့်တရား
ကဗျာများ' စာမူဖြင့် ပခုက္ကူဦးအုံးဖေစာပေဆု (ကဗျာ
ပေါင်းချုပ်၊ တတိယ) ကိုလည်းကောင်း၊ ၂၀၀၀ ပြည့်
နှစ်တွင် 'ကျောက်ခွေးဝတ္ထုတိုများ' စာမူဖြင့် ပခုက္ကူ
ဦးအုံးဖေစာပေဆု (ဝတ္ထုတိုပေါင်းချုပ်၊ တတိယ) ကို
လည်းကောင်း ရရှိသည်။

???? ဆရာကျောင်းကုန်းဧည့်မှူး၏ ကဗျာများနှင့်
ပတ်သက်၍ "ဧည့်မှူး၏ ကဗျာသံကလေးများမှာ
ချိုမြနေ၏။ သုတိသာနေ၏။ အသံချိုရုံမျှနှင့်
ကဗျာကောင်း အင်္ဂါနှင့် ပြည့်စုံပြီဟု မပြောနိုင်
သော်လည်း စကားရွေးချယ်ပုံ၊ စိတ်ကူးဉာဏ်
ခင်းပုံကအစ သေသပ်လှသည်ဖြစ်၍ ကျွန်တော့်မှာ
အရသာ တွေ့နေမိခြင်း ဖြစ်လေ၏။ အထူးသဖြင့် 
ဧည့်မှူးသည် သံချိုအဖွဲ့ ကောင်း၏။ အချိုးကဗျာ
ကလေးများကို မရိုးမအီရအောင် ဆင်ယင်ဖွဲ့ဆို
တတ်ပေ၏" ဟု ကဗျာစာဆိုကြီးတင်မိုးက 
မှတ်ချက်ပြုခဲ့သည်။

???? ကျောက်ခွေးဝတ္ထုများနှင့် ပတ်သက်၍လည်း
ဆရာမောင်ခိုင်လတ်က "ကျောက်ခွေးတို့၏ ဘဝ
သည် အင်မတန်ရိုးလှသည်။ လုံးဝလူသားပီသသော
ဘဝနေနည်း ဖြစ်သည်။ မိသားစုဘဝကို ခုံမင်သည်။
ကြွားဝါ၊ ဟန်ဆောင်မှု ကင်းသည်။ ကောက်ကွေ့ခြင်း
အလျဉ်းမရှိ။ ဘဝတွင် ကွက်လပ်များစွာနှင့် ရောင့်ရဲ
နိုင်စွမ်း ရှိသည်။ ကျောက်ခွေးတို့၏ စရိုက်သည်
မြန်မာလူမျိုးအများစု၏ စရိုက်ပင် ဖြစ်လေသည်။
ဝတ္ထုရေးဆရာသည် ကျောက်ခွေးတို့၏ ဘဝကို
ဖွဲ့နွဲ့ရင်း မြန်မာလူမျိုးတို့၏ အမျိုးသားစရိုက်ကို
ရေးခြယ်ပြသွားသည်" ဟု ကောက်ချက်ချခဲ့သည်။

???? "ရသစာတမ်းကို ရေးဖြစ်ခြင်းအကြောင်းသည်
'ကံ့ကော်မြိုင်စာတမ်း' က အကြောင်းအရင်းခံ 
ဖြစ်ပါသည်။ နွေဦးကျက်သရေမျိုး။ ဆားဒယ်လိုမျိုး။
ဦးရာကျော်ကောင်းမှုလိုမျိုး။ ထိုရသစာတမ်းများက
တရိပ်ရိပ် တငွေ့ငွေ့ လှုံ့ဆော်မှုတို့ကြောင့် ကျွန်တော်၏
ရသစာတမ်းကို ကူးစက်သည်ဟု ထင်ပါသည်" ဟူ၍
ရသစာတမ်း ရေးဖြစ်ပုံကို ဆရာက ဖွင့်ဟခဲ့သည်။ 

???? ဆရာကျောင်းကုန်းဧည့်မှူး၏ ထုတ်ဝေပြီးစာအုပ်
များမှာ အနင်းခံနိုင်သောစပါး သန်သည် (၁၉၈၆)၊
ငှက်တစ်သောင်းအတွက် သစ်တစ်ပင် (၂၀၀၁)၊ 
မျိုးစောင့်တရား ကဗျာများ (၂၀၀၂)၊ ကျောက်ခွေး
ဝတ္ထုတိုများ (၂၀၀၃)၊ ထုံးမှီလို့ ကုံးသီစို့ (၂၀၀၅)၊
ကျေးရွာဝါဒ ပြန်ဆိုတေး (၂၀၀၆)၊ ပန်းခပ်ပျား
ကဗျာများ (၂၀၁၅)၊ လာလေ စောစောသွားမှ
နေရာရမယ် ကျောက်ခွေးဝတ္ထုများ (၂၀၁၇)၊
ဘယ်ဆီဘယ်ဝယ် ဥဩသံ ရသစာတမ်းများ 
(၂၀၁၈)၊ မြား၏ အလင်္ကာ - ဖခင်ဖွဲ့ (၂၀၁၉) တို့
ဖြစ်သည်။ သူငယ်ချင်း မောင်ရင့်မာ (ကျောင်းကုန်း) 
နှင့် တွဲဖက်၍ ပန်းခင်းအလွန်လမ်း (၂၀၁ဝ) ကို 
ရေးသားထုတ်ဝေခဲ့သည်။ 

???? "ဖိုးအေးသန်းက စာဟောင်းပိုင်တယ်" ဟု
ပုသိမ်အေးကျော်၏ မှတ်ချက်ပြုခြင်းကို ခံရသော
ရသ စာ ကဗျာ ပညာအမွေ ပေးဝေသူ ကဗျာဆရာ
စာရေးဆရာ ကျောင်းဆရာ ကျောင်းကုန်းဧည့်မှူးသည်
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ သောကြာနေ့၊ နံနက်
၁ နာရီ ၂၃ မိနစ်တွင် ကွယ်လွန်အနိစ္စရောက်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ရီရီမြင့် (ထက်ပြ၊ ငြိမ်း)၊
သားသမီး ၃ ဦး၊ မြေး ၂ ဦး ကျန်ရစ်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၃၊ ၈၊ ၂၀၂၁

*ဆရာကျောင်းကုန်းဧည့်မှူး၏ ကိုယ်ရေးအချက်အလက်များကို ဆရာ့တပည့်ဖြစ်သူ ကိုလင်းထက်နိုင်၊ ဆရာ့သမီးဖြစ်သူ အစ်မရွှေစင်နှင်းဆီတို့က ကျေးဇူးပြုပါသည်။



Reference from: facebook

Written Books