Book Image
မောင်သင်းခိုင်
oမောင်သင်းခိုင်
????????????????????
ကဗျာအမွေ ပေးဝေသူ

သင်းခိုင်၊ မောင် (၁၉၄၀ - ၂၀၂၁)

???? ကဗျာစာဆိုကြီး မောင်သင်းခိုင်ကို အဖ ဦးတင်ဦး၊
အမိ ဒေါ်သန်းရင်တို့က ၁၉၄၀ ပြည့်နှစ်၊ မတ်လ 
၂၁ ရက်၊ ကြာသပတေးနေ့တွင် ပျဉ်းမနားမြို့၌ 
ဖွားမြင်သည်။

???? ဖခင်သည် 'သခင်' တစ်ဦးဖြစ်ပြီး မိခင်မှာ
ဗမာ့ကာကွယ်ရေးတပ်မတော်က 'သူနာပြုဆရာမ'
တစ်ဦး ဖြစ်သည်။

???? တစ်ဦးတည်းသော သားဖြစ်ပြီး အမည်ရင်းမှာ
ဦးမြင့်ဦးဖြစ်သည်။

???? လယ်တီပဏ္ဍိတဦးမောင်ကြီး၏ မြေးတော်စပ်သူ
ဖြစ်သည်။

???? ၁၉၄၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ပျဉ်းမနား
အထက ၂ ကျောင်းတွင် ပညာသင်ယူသည်။

???? ၁၉၅၆ ခုနှစ်တွင် ကဗျာကို စတင်ရေးသားပြီး
ထိုနှစ်ထုတ် ဆန်းညွန့်ဦးမဂ္ဂဇင်း၌ ပါရှိသော ကဗျာမှာ
ပထမဆုံး ပုံနှိပ်စာမူ ဖြစ်သည်။

???? ၁၉၅၈ ခုနှစ်တွင် ပျဉ်းမနားကဗျာဆရာအသင်း၌
အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ 

???? ၁၉၆၀ ပြည့်နှစ်တွင် ဒါရိုက်တာဦးချစ်ခင်၏သမီး
ဒေါ်ခင်ချို (ကဗျာဆရာမ ခင်ဝတ်လွှာ) နှင့် ထိမ်းမြား 
လက်ထပ်သည်။ သားသမီး ၅ ယောက် ထွန်းကားသည်။

???? ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၌
ဗဟိုကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်သည်။

???? ၁၉၆၉ ခုနှစ်တွင် ရှုထောင့်ဂျာနယ်၏ အမှုဆောင်
အယ်ဒီတာ၊ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၂ ခုနှစ်အထိ
မိုးဝေမဂ္ဂဇင်း၏ ကဗျာအယ်ဒီတာ၊ ၁၉၈၀ ပြည့်နှစ်မှ
၂၀၂၀ ပြည့်နှစ်အထိ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၏
ကဗျာအယ်ဒီတာ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

???? ယောက္ခမဖြစ်သူ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကား
အချို့တွင် နောက်ခံသီချင်းအတွက် တေးစာသားများ
ကို အမည်မခံဘဲ ရေးပေးဖူးသည်။ ရေဒီယိုအဆိုတော်
တချို့အတွက်လည်း သီချင်းစာသားများ ရေးပေးဖူး
သည်။ ပျဉ်းမနား သစ်ထုတ်လုပ်ရေးလုပ်ငန်း၌လည်း
ခေတ္တခဏ လုပ်ကိုင်ဖူးသည်။

???? ၁၉၅၈ ခုနှစ်တွင် ရမည်းသင်းထောင်၊ ၁၉၆၆ ခုနှစ်
တွင် ပျဉ်းမနား ရမည်းသင်း မန္တလေး ထောင်များ၊
၁၉၇၈ ခုနှစ်တွင် အင်းစိန်ထောင်တို့၌ ဖမ်းဆီးထိန်းသိမ်း
ခံခဲ့ရသည်။

???? 'ရိုးမ' ကလောင်အမည်ခွဲဖြင့် ဘာသာပြန်ကဗျာ၊
ဆောင်းပါးများ ရေးသားသည်။ 

???? ထုတ်ဝေပြီးစာအုပ်များမှာ 'ချစ်သူများကို 
တမ်းတခြင်း' ပင်ကိုရေးကဗျာများ (၁၉၉၄)၊ 
'မမြင်ရတဲ့ မြစ်' ဘာသာပြန်ကဗျာများ (၂၀၀၁)၊
'အဖြူအမည်း သမိုင်းဘိုင်စကုပ်' ကဗျာရေးရာ
ကဗျာဆိုင်ရာ ဆောင်းပါးများ (၂၀၁၉)၊ 
'မြို့ပြသစ်ရွက်' ကဗျာပေါင်းချုပ်တို့ ဖြစ်သည်။

???? ကဗျာစာဆိုကြီး မောင်သင်းခိုင်၏ ထင်ရှားသော
ကဗျာလက်ရာများမှာ မြို့ပြသစ်ရွက်၊ အိပ်မက်ထဲက
စပိန်ပြည်၊ လက်ပံတောင်းတောင်၊ ထလော့ ဗော်လဂါ 
နှင့် ကဗျာဆရာရဲ့တောလားတစ်ပုဒ်တို့ ဖြစ်သည်။

???? ကဗျာမိတ်ဆွေများက ချစ်စနိုးဖြင့် 'ဗိုလ်ကြီး'
ဟုခေါ်လေ့ရှိကြပြီး မြန်မာကဗျာအသိုင်းအဝိုင်းတွင် ခေတ်ကာလ မရွေးသော ကဗျာဆရာ (Poet Without
Epoch) အဖြစ် သတ်မှတ်ခံထားရသည်။ 

???? ကဗျာစာဆိုကြီး မောင်သင်းခိုင်၏ မွေးနေ့ကို
အလေးအမြတ်ပြုသည့်အနေဖြင့် အလယ်ရိုးမကဗျာဆရာများက 'အလယ်ရိုးမ ကဗျာဆု' ကို 
၂၀၀၂ ခုနှစ်မှစ၍ ပေးအပ်ချီးမြှင့်သည်။ 
ထိုကဗျာဆုကို နေမျိုး၊ ဇေယျာလင်း၊ အောင်ဘညို၊ 
လှသန်း၊ ခရမ်းပြာထက်လူ၊ မင်းထင်ကိုကိုကြီး၊ 
ကိုရွေး၊ ဝင်းမြင့်၊ ကြည်ဇော်အေး စသော 
ကဗျာဆရာများ ရရှိဖူးသည်။ 

???? ကဗျာအမွေ ပေးဝေသူ ကဗျာစာဆိုကြီး
မောင်သင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊
သောကြာနေ့၊  ညနေ  ၃ နာရီ ၅၅ မိနစ်တွင် ဇာတိမြို့
ပျဉ်းမနား၌ ကိုဗစ် ၁၉ ရောဂါဖြင့် ကွယ်လွန်သည်။ 

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၃၀၊ ၇၊ ၂၀၂၁

*စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းကို ကိုးကားသည်။



Reference from: facebook

Written Books