Book Image
မောင်မောင်ညွန့် (မန်းတက္ကသိုလ်)
မောင်မောင်ညွန့် (မန်းတက္ကသိုလ်)
????❄????❄????❄????❄????❄????
ပေပုရပိုက်၊ ပါဠိပိဋကတ် စာပေအမွေ ပေးဝေသူ

မောင်မောင်ညွန့်၊ မန်းတက္ကသိုလ် (၁၉၂၉ - ၂၀၂၁)

???? မောင်မောင်ညွန့် (မန်းတက္ကသိုလ်) (ဆရာကြီး 
ဦးညွန့်မောင်) ကို အဖ ဦးပိုး၊ အမိ ဒေါ်ဂေါက်တို့က 
၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ အင်္ဂါနေ့တွင်
ဖွားမြင်သည်။

???? မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊
နွားတဲရွာ (ယခု နန်းတည်ရွာ) ဇာတိဖြစ်သည်။

???? အမည်ရင်းမှာ ဦးညွန့်မောင်ဖြစ်ပြီး မွေးချင်း 
၈ ယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။ 

???? ငယ်စဉ်က ဘုန်းတော်ကြီး ဦးနန္ဒမာလာကျောင်း
ဖြစ်သော နွားတဲရွာတောင်ကျောင်းကြီးတွင် အခြေခံ
အရေးအဖတ်ပညာများကို သင်ယူသည်။ မူလတန်း
ပညာကို နွားတဲရွာနှင့် ၄ မိုင်ခန့်ကွာဝေးသော 
ဇဂျမ်းရွာ မြန်မာအလယ်တန်းကျောင်း၌ သင်ယူသည်။ ကဗျာစာဆိုကြီးတင်မိုး၊ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးတို့နှင့် ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ကြသည်။ 

???? အလယ်တန်းပညာကို တောင်သာအထက်တန်း ကျောင်းတွင် သင်ယူပြီး ယင်းကျောင်းမှ သတ္တမတန်း အောင်မြင်သည်။

???? သတ္တမတန်း အောင်မြင်ပြီးချိန်တွင် ဒုတိယ
ကမ္ဘာစစ်ဘေးကြောင့် ကျောင်းများ ပိတ်သွားသည်။ ထို့ကြောင့် မင်္ဂလာမှန်ကျောင်းဆရာတော် 
ဦးနန္ဒဝံသထံ၌ ရှင်သာမဏေဝတ်ပြီး 
သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပါတိမောက် စသော 
ပါဠိပိဋကတ်စာပေများကို သင်ယူသည်။ 
သာမဏေဘဝဖြင့် ပါဠိပထမပြန်စာမေးပွဲကို 
ဝင်ရောက်ဖြေဆိုရာ ပထမငယ်တန်း၊ 
ပထမလတ်တန်းတို့ကို အောင်မြင်သည်။

???? ၁၉၄၉ ခုနှစ်တွင် ပခုက္ကူမြို့၊ မဟာဝိသုတာရာမ
တိုက်ကြီး၏ ပဓာနနာယက ဘဒ္ဒန္တသုန္ဒရာဘိဝံသ
ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ အဘွားဖြစ်သူ
ဒေါ်နှင်းအေး၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ 
ရဟန်းဘောင်သို့ ရောက်သည်။

???? ထို့နောက် မန္တလေးအနောက်ပြင် မိုးကောင်းတိုက်
ဇယဝတီကျောင်း ဆရာတော်ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ
ထံ၌ အထက်တန်းပိဋကတ်စာဝါများကို ဆက်လက်
သင်ယူသည်။ 

???? ၁၉၅၄ ခုနှစ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊
၁၉၅၉ ခုနှစ်တွင် သကျသီဟဓမ္မာစရိယစာမေးပွဲ
များကို အောင်မြင်သည်။

???? သုံးခွမြို့ အောင်မြေလောကကျောင်းတိုက်၊ 
မန္တလေး မိုးကောင်းတိုက် ဇယဝတီကျောင်းတို့တွင် 
စာဝါများ ပို့ချသည်။

???? ရဟန်းဝတ်ဖြင့် မန္တလေးမြို့၊ ပွဲကုန်းရပ် လှသိပ္ပံ
အလွတ်ပညာသင်ကျောင်းတွင် ညနေသင်တန်း 
တက်ရောက်ပြီး ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း
စာမေးပွဲကို နှစ်ချင်းပေါက် အောင်မြင်သည်။

???? တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် 
လူဝတ်လဲကာ မန္တလေးတက္ကသိုလ်သို့ တက်ရောက်
ပညာဆည်းပူးသည်။ ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်မှ မြန်မာစာ ဝိဇ္ဇာဘွဲ့ (B.A.) ကို ရရှိသည်။

???? ဘွဲ့ရပြီးနောက် မန္တလေးမှ ရန်ကုန်သို့ ဆင်းလာကာ
ကမ္ဘာအေး ဗုဒ္ဓသာသနအဖွဲ့၊ တိပိဋကပါဠိမြန်မာ အဘိဓာန်ဌာနတွင် အဘိဓာန်စာပြုအဖြစ် တစ်နှစ်ခန့်
လုပ်ကိုင်သည်။

???? ၁၉၇၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စာကြည့်တိုက် 
ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းကို တက်ရောက်သည်။
၁၉၇၅ ခုနှစ်တွင် စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာ
ကို 'ကုန်းဘောင်ခေတ်မြန်မာနိသျများ စာစုစာရင်း' ဖြင့်
ရရှိသည်။

???? စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း
အောင်မြင်ပြီးနောက် စာကြည့်တိုက်မှူးကြီး 
ဦးသော်ကောင်း၏ ခေါ်ယူချက်အရ တက္ကသိုလ်များ
ဗဟိုစာကြည့်တိုက်ရှိ ပေပုရပိုက်ဌာနစိတ်တွင် 
ဝင်ရောက်လုပ်ကိုင်သည်။ ပေပုရပိုက်ဌာနစိတ် 
စတင်ဖွင့်လှစ်သည့် ၁၉၆၄ ခုနှစ်မှ ၁၉၇၁ ခုနှစ် 
ကာလအတွင်း ပေစာ ၁၀၀၀ နီးပါးမျှသာ 
ရှိခဲ့သော်လည်း ဆရာကြီး တာဝန်ယူပြီးနောက်ပိုင်းတွင် ပေပုရပိုက်လက်ရေးစာများ ၁၆၀၀၀ ခန့်အထိ တိုးပွားလာသည်။ ယင်းပေပုရပိုက်များကို ဆရာကြီး တစ်ဦးတည်း ကိုင်တွယ်ဖတ်ရှုကာ တိုက်ပိုင်စာရင်းတင်သည်။
ထို့ကြောင့် ဆရာကြီးကို  'မြန်မာနိုင်ငံတွင် ပေပုရပိုက်လက်ရေးစာ အများဆုံးကိုင်တွယ်ဖတ်ရှုစာရင်းပြုစုဖူးသူ' ဟု ဆိုရပေမည်။

???? ၁၉၇၅ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်
ပညာဘွဲ့လွန်ဒီပလိုမာသင်တန်းတွင်လည်းကောင်း၊
ပြန်ကြားရေးဝန်ကြီးဌာနက ဖွင့်လှစ်သော စာကြည့်တိုက် 
ပညာသင်တန်းတွင်လည်းကောင်း ပေပုရပိုက်ဘာသာရပ် နှင့် ဗုဒ္ဓကျမ်းစာဘာသာရပ်များကို သင်ကြားပို့ချပေးသည်။

???? ၁၉၈၀ ပြည့်နှစ်တွင် ဒေါ်ခင်ဝင်းနှင့် 
အိမ်ထောင်ကျသည်။

???? ၁၉၉၂ ခုနှစ်တွင် တက္ကသိုလ်များဗဟိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူး-၂ အဆင့်ဖြင့် သက်ပြည့်ပင်စင်
ယူသည်။ ထို့နောက် ဦးသော်ကောင်း၏ ကူညီမှုကြောင့်
တက္ကသိုလ်များသမိုင်းသုတေသနဌာနတွင် 'ရှေးဟောင်းစာပေပညာရှင်' အဖြစ် ဆက်လက်အမှုထမ်းသည်။
ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ဦးသော်ကောင်း၏
ပံ့ပိုးမှုကြောင့်ပင် ရွှေတိဂုံစေတီတော်ပိဋကတ်တိုက်တွင်
'ပိဋကတ်တိုက်မှူး' အဖြစ် တာဝန်ထမ်းဆောင်ရသည်။
အစိုးရရုံးဖွင့်ရက်များတွင် သမိုင်းသုတေသနဌာန၌
ရုံးတက်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်
ရွှေတိဂုံစေတီတော်ပိဋကတ်တိုက်၌ အလုပ်ဆင်းရသည်။
ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာန
တွင် အချိန်ပိုင်းကထိက၊ ပြင်ပစာစစ် တာဝန်များကို
ထမ်းဆောင်ခဲ့သည်။ 

???? ဆရာကြီးသည် သမိုင်းသုတေသနစာကြည့်တိုက်ရှိ
ပေပုရပိုက်ပေါင်း ၁၇၀၀ ခန့်နှင့် ရွှေတိဂုံစေတီတော်
ပိဋကတ်တိုက်ရှိ ပေပုရပိုက်ပေါင်း ၁၆၀၀ ခန့်ကို
ကက်တလောက် လုပ်ပေးနိုင်ခဲ့သည်။ ထို့ပြင်
သက်ဆိုင်ရာဌာနများ၏ မေတ္တာရပ်ခံချက်အရ
ရှေးဟောင်းသုတေသနဌာနစာကြည့်တိုက်ရှိ
ပေစာပေါင်း ၅၀၀ ခန့်နှင့် ဗိုလ်တထောင်စေတီတော်
ပိဋကတ်တိုက်ရှိ ပေစာပေါင်း ၃၀၀ ခန့်ကိုလည်း
ကက်တလောက်များ ရေးပေးခဲ့သည်။

???? ၁၉၆၀ ပြည့်နှစ်မှစ၍ စာပေများ ရေးသားသည်။

???? ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ထုတ် 
လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် ဖော်ပြခံရသည့်
'အမှန်ဖြစ်စေချင်သော ဖြင့် နှစ်မျိုး' ဆောင်းပါးသည်
ဆရာကြီး၏ ပထမဆုံးပုံနှိပ်စာမူဖြစ်သည်။ 

???? ၁၉၉၈ ခုနှစ်တွင် 'မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုအမွေ ပေစာ ပုရပိုက်' စာမူဖြင့်လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် 'မန်ကျည်းစေ့ကမ္မဝါ ပန်းအက္ခရာ' စာမူဖြင့်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် 
'မြန်မာနိုင်ငံ ပါဠိနှင့် ပိဋကတ်စာပေသမိုင်းသစ်' 
စာမူဖြင့် လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် 'ရှေးခေတ်မြန်မာစာပေဆိုင်ရာကျမ်းများ လေ့လာမှု' စာမူဖြင့်လည်းကောင်း ပခုက္ကူဦးအုံးဖေစာပေဆု (ကျမ်းစာပေ) ပထမဆုကို ၄ ကြိမ်တိုင်တိုင် ရရှိသည်။

???? ၂၀၀၈ ခုနှစ်တွင် 'မြင်းခြံမြို့ဆရာကြီးဦးဧနှင့် တိမ်မြုပ်နေသော သူ့စာပေများ' စာမူဖြင့် 
ထွန်းဖောင်ဒေးရှင်း စာပေဆု (ရှေးဟောင်းကျမ်းဘာသာရပ်) ကို ရရှိသည်။

???? ၂၀၀၉ ခုနှစ်တွင် 'သုတရိပ်မြုံ စာရဂုံ'၊ 
၂၀၁၉ ခုနှစ်တွင် 'သုတရိပ်မြိုင် စာဂနိုင်' 
ဆောင်းပါးပေါင်းချုပ် စာအုပ်များကို 
ရေးသားထုတ်ဝေသည်။

???? ၂၀၁၃ ခုနှစ်တွင် 'စူဠဂန္ထဝံသမြန်မာပြန်နှင့် 
လေ့လာစိစစ်ချက်စာတမ်း' နှင့် 'မြန်မာသင်ပုန်းကြီး
အခြေပြကျမ်း' တို့ကို ပြုစုထုတ်ဝေသည်။

???? ဆရာကြီး တည်းဖြတ်ခဲ့သော စာအုပ်များမှာ
သညာသည် နေမျိုးနာဋကကျော်ခေါင်၏ ရာမပြဇာတ်တော် ၃ တွဲ (၂၀၀၁ - ၂၀၀၂)၊ ပြင်စည်မြင်းမှူးမင်းသား မင်းရဲနရသူ၏ ရွှေတိဂုံသမိုင်းပျို့ (၂၀၀၃)၊ ကျီးသဲလေးထပ်ဆရာတော်၏ ဓမ္မဒေသနာတရားစာ (၂၀၀၃)၊ 
ရတနာပုံခေတ် ဗိသုကာဦးရွှေမြ၏ ရွှေတိဂုံသမိုင်းပျို့
(၂၀၁၂)၊ ပါရဂူ၏ လေးဆူဓာတ်ပုံ ရွှေတိဂုံ (၂၀၁၂)၊
မိုင်းခိုင်မြို့စား ပိဋကတ်တော်အုပ် မင်းကြီးမဟာ 
သိရိဇေယသူ၏ ပိဋကတ်သုံးပုံစာတမ်း ခေါ် ပိဋကတ်တော်သမိုင်း (၂၀၁၂)၊ တတိယနံမော်ဆရာတော်
ရှင်ဝိနန္ဒာသဘ၏ သီလဝိသောဓနီကျမ်း (၂၀၁၃)၊ 
မဟာသမ္ပုဏ္ဏ (သင်ပုန်းကြီး) အဋ္ဌကထာပါဌ်အနက်နှင့်
၆ ကျမ်းတွဲ (၂၀၁၆)၊ မြင်းခြံမြို့ကိုးဆောင်တိုက် ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး ဦးဝေပုလ္လအရှင် ရေးသားတော်မူသော မေတ္တာစာအမျိုးမျိုးနှင့် အထွေထွေစာများ (၂၀၁၆) တို့ ဖြစ်ကြသည်။ 

???? ၂၀၁၉ ခုနှစ်တွင် အမျိုးသားစာပေ
တစ်သက်တာဆု (ပညာရှင်) ကို ရရှိသည်။

???? ဆရာကြီးသည် မြန်မာစာပေ၊ ပိဋကတ်စာပေ
စသည့်ကျမ်းမျိုးစုံမှ ကိုးကားရည်ညွှန်း၍ ရသော
စာများကို မှတ်စုစာအုပ်တွင် ရေးမှတ်ထားလေ့
ရှိသူ ဖြစ်သည်။ ယင်းမှတ်စုများကို 'ဆရာကြီး
ဦးညွန့်မောင်၏ ပေ၊ ပုရပိုက်မှတ်စုများ' အမည်ဖြင့်
ပုံနှိပ်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်နေကြောင်း
သိရသည်။ 

???? ပေပုရပိုက်၊ ပါဠိပိဋကတ် စာပေအမွေ ပေးဝေသူ
ဆရာကြီးဦးညွန့်မောင် (မောင်မောင်ညွန့် - 
မန်းတက္ကသိုလ်) သည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။

ဂါရဝဖြင့်
????????????
ဖြိုးသီဟကျော်
၂၈၊ ၇၊ ၂၀၂၁



Reference from: facebook

Written Books