Book Image
တင်လှဝင်းတင်
#တင်လှ၀င်းထင်(၁၉၄၂-၂၀၂၂)

     တင်လှ၀င်းထင်သည် တခေတ်တယောက်ထင်ရှားခဲ့သော မြန်မာပန်းချီဆရာအကျော်အမော်တယောက် ဖြစ်သည်။တင်လှ၀င်းထင်ကို ၁၉၄၂ခုနှစ် ဇန်နဝါရီလတွင် သဲတော၀မ်းတွင်းအပိုင်း နေပူကုန်းကျေးရွာ၌ အဖဦးဘသန်း အမိဒေါ်အေးမိတို့မှ ဖွားမြင်သည်။အမည်ရင်းမှာ မောင်တင်ထွန်း ဖြစ်သည်။ တစ်ဦးထဲသောသား ဖြစ်သည်။ ပန်းချီလောက စာပေလောက ဂီတလောက စသည့်အနုပညာနယ်ပယ်မှ လူငယ်လူကြီးအားလုံးက #အကိုလေး ဟုချစ်စနိုး‌ခေါ်‌ဝေါ်ကြသေးသည်။

မိခင်ဖြစ်သူ ‌ဒေါ်အေးမိမှာ ကောက်စိုက်သမတစ်ဦးသာဖြစ်သော်လည်း သူ၏ပါရမီဖြစ်သော အသံကောင်း အဆိုကောင်းဖြစ်သူဖြစ်သောကြောင့် လုပ်ငန်းဖော် လယ်သူမများက သူတို့၏တစ်နေ့တာကို ဒေါ်အေးမိ၏ အသံဖြင့်ဖြတ်သန်းခဲ့ကြရသည်။မိခင်ဖြစ်သူသည်ဤမျှအထိ အထုံပါရမီပါသူဖြစ်သည်။ တနည်းဆိုရသော် လယ်ကွင်းထဲ၌ ကောက်စိုက်စရာမလိုပဲ ဖျော်ဖြေရသော တေးသံရှင်တစ်ဦး ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးဘသနါးမှာလည်း အရပ်ဆိုင်းထောင်သူ ဖြစ်သောကြောင့် မောင်တင်ထွန်းကလေး၏ ငယ်ဘ၀တလျှောက်လုံးသည် အဆိုအက ဂီတသံစဉ်များဖြင့်သာ လွှမ်းမိုးလျက်ရှိကာ အထုံကူးစက်ခဲ့ရသည်။ 

မောင်တင်ထွန်း၏ ဘုန်းကြီးကျောင်းသားဘ၀တွင် ဆရာတော်နှင့်အတူ ပျားစွဲ/ဆတ်ခင်းစသော ကျေးရွာများသို့ ဆွမ်းစားကြွအတူလိုက်ပါရင်းမှ ကျေးရွာအလှ ဘ၀ပန်းချီများကို ခံစားနားလည်ခဲ့ရသည်။ မိခင်ဖြစ်သူမှလည်း ဘုကားကျောင်းကန်များသို့ရောက်သောအခါ ဇတ်တော်လာ နရံဆေးရေးပန်းချီများမှ နတ်ပြည်ခြောက်ထပ်/ငရဲခန်း စသည့်တို့ကို ရှင်းပြတက်သောကြောင့် နဂိုကပင်ပန်းချီဗီဇနှင့် အလှစိတ်ရှိသူ မောင်တင်ထွန်းသည် ခံစားတက်သည့်စေတနာ သိမ်မွေ့မူနှလုံးသား အလှရှာတက်သည့်အမြင်များမှာ ငယ်စဉ်ကထဲကပင် ကိန်း၀ပ်နေခဲ့ပြီး ဖြစ်သည်။မိခင်ဖြစ်သူ ဒေါ်အေးမိကွယ်လွန်ပြီးနောက် မောင်တင်ထွန်းမှာ အဘွား အဒေါ်ဖြစ်သူတို့၏လက်တွင် ကြီးပြင်းခဲ့ရသည်။ ထိုနောက်ဖခင်ဖြစ်သူ ပြောင်းရွေ့အခြေချရာ မန္တလေးအနောက်ပြင် အီကင်း ပုဏ္ဏားစုတွင် နေထိုင်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဘသန်းသည် ရေနံဆီအထမ်းရောင်းသမားဘ၀ သစ်စက်အလုပ်သမားဘ၀ဖြင့်လည်း မောင်တင်ထွန်းကလေးကို အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ခဲ့သည်။ ထိုမှတဆင့် ဦးဖိုးကြွယ်ဦးစီးသောစံပြအငြိမ့်နှင့် ဆက်သွယ်မိပြီး စန်းစန်း လူရွှင်တော် ကပ်ကြေး ပိုလိုတို့နှင့် ခင်မင်ကာ ပိုလို၏ အဒေါ် ဒေါ်ဒေါ်ရွှေနှင့်မေတ္တာမျှရာမှ ဦးဘသန်းသည် အိမ်ထောင်သစ် ထူထောင်သည်။

မောင်တင်ထွန်းသည် မိခင်ဖြစ်သူ ဒေါ်ဒေါ်ရွှေ၏ တိုက်တွန်းအားပေးမူ ဖခင်၏အနုပညာမျိုးဆက်သွေး နဂိုဗီဇအထုံဝါသနာတို့ကြောင့် ၁၉၅၃ခုနှစ် ဆယ့်တစ်နှစ်သားအရွယ်တွင် အစိုးရထောက်ပံ့ကြေး ငါးကျပ်ဖြင့် မန္တလေးပန်တျာကျောင်းသို့ရောက်ရှိကာ ပန်းချီပညာကို သင်ကြားခွင့်ရရှိခဲ့သည်။ မန္တလေးပန်တျာကျောင်းတွင် မြန်မာ့ပန်းချီကျော်များဖြစ်သော ဦးချစ်မြဲ ဦးဘသက် ဦးအေးကျော် ဦးကံညွန့်တို့၏ ပညာရင်နို့ကို သောက်စို့ခွင့် ရခဲ့သည်။ ထိုနောက် ပန်တျာကျောင်းမှဆင်းသောအခါ ဆိုင်တန်းရုပ်ရှင်ရုံတွင် ပိုစတာပညာအား ဦးဘဦးလေး ဦးကျော်ရှင်တို့ထံတွင် ၂နှစ်မျှ ပညာသင်ကြားခဲ့သည်။ တဖန် မွေးရပ်ဇာတိရပ်ရွာသို့ ပြန်ကာ စက်ရက်ကန်းအလုပ်ကို ၃နှစ်မျှလုပ်ကိုင် ခဲ့သည်။ ထိုအချိန်တွင်ဖခင်၏အိမ်ထောင်ရေးမှာ ပြိုကွဲခဲ့ပြန်ရကာ ၁၉၅၈ခုနှစ်တွင် ကျောက်ဆည်မြို့ရှိ ပန်းချီမလိခ၏ဖခင်ဖြစ်သူ ‌ဦးကျော်ညွန့်ထံသို့ ရောက်ရှိကာ ရုပ်ရှင်ပိုစတာနှင့် စီးပွားရေးပန်းချီရေးနည်းကို လက်တွေ့သင်ကြားပြီး ၂နှစ်ကျော်မျှ ကိုယ်ပိုင်ရေးဆွဲကာ ဘ၀လမ်းကြောင်းခဲ့သည်။

ထိုမှတဆင့် ကျောက်ဆည်ရှိ ကုမ္ပဏီပိုင်ရှင် ဦးတင်ရွှေ ဦးရွှေတင်တို့၏ခေါ်ဆောင်မူဖြင့် ရန်ကုန်မြို့ရှိ ဦးလေးဖြစ်သူ ဦးမြထွန်းထံသို့ရောက်ရှိခဲ့သည်။ ရန်ကုန့်သို့အရောက်တွင် ၂၇လမ်းရှိ ဦးစန်းလိူင်ထံ၌ စီးပွားရေးပန်းချီကို သင်ကြားလုပ်ကိုင်နေရာမှ ကျောက်ဆည်စောလုံ၏ဆက်သွယ်ပေးမူကြောင့် ကာတွန်းဦးအောင်ရှိန်ထံသို့ရောက်ရှိပြီး သူကိုယ်တိုင်ရေးဆွဲထားသောပန်းချီများကိုပြသသောအခါ ကာတွန်းနှင့်မလိုက်ဖက်သော သူ့လက်ရာကြောင့် ကာတွန်းဦးအောင်ရှိန်မှ ပန်းချီဦးသောင်းဟန်၏မိသားစုနှင့်အတူနေ အတူစားကာ ဦးသောင်းဟန်ထံတွင် သရုပ်ဖော်ပန်းချီးရေးဆွဲနည်းကို အနီးကပ်လေ့လာသင်ကြားစေခဲ့သည်။ ဤသို့ဖြင့် ဦးသောင်းဟန်ထံတွင် ၂နှစ်မျှပညာသင်ကြားနေစဉ် သူ့အားအပိုသုံးအဖြစ် လစဉ် ၁၅၀ကျပ် ပေးခဲ့သည်။ တတိယနှစ်တွင် မစန်းနှင့် ရွှေလက်တွဲအိမ်ရာထူထောင်သည်။ ထိုမှတဆင့် မျက်နှာဖုံးပန်းချီလောက မဂ္ဂဇင်းပန်းချီလောကထဲသို့ အခြေချရောက်ရှိခဲ့သည်။ ပထမဦးဆုံးသော မျက်နှာ၊ုံးပန်းချီမှာ စာပေပေါင်းကူး စာအုပ်တိုက်မှထုတ်ဝေသော မြင့်ကျော် မြင့်နီ ကရမတ်တို့၏ #ချစ်ဦးသူသို့ပေးစာများ မျက်နှာဖုံး ဖြစ်သည်။ ပထမဆုံး မဂ္ဂဇင်းသရုပ်ဖော်လက်ရာမှာ နတ်သျှင်နောင်မဂ္ဂဇင်းတွင် ပါရှိသော ရွှေဖြးလွင်၏ #ပန်တော်သက်သ်ကြွေ ၀တ္ထုသရုပ်ဖော် ဖြစ်ည်။ရုပ်ရှင်နယ်ထဲတွင်လည်း ကျင်လည်ခဲ့ဖူးရကာ နေလရတနာရုပ်ရှင်ကုမ္မဏီ၏ ဖြူပြာမူယာ သူဇာ ဇာတ်ကားအတွက် Art Director အဖြစ်လည်းကောင်း နန်းတွင်းအရေးတော်ပုံဇာတ်ကားတွင်လည်း ပန်းချီတာ၀န်ခံ ဦးအုန်းမောင်နှင့်အတူ ကူညီလုပ်ကိုင်ခဲ့သည်။ ဆလိုက်မီးထိုးခြင်းမှတဆင့် မီး၏ပူလောင်မူ ဒေါသအဟုန်၏အကြောင်းကို ဒါရိုတ်တာဦးတင်ယုထံမှလည်းကောင်း သွင်ပြင်အမူအရာနှင့် အနိမ့်အမြင့်သဘောများကို ဒါရိုတ်တာဦးသာဓု ထံမှသင်ယူဆည်းပူးလေ့လာခဲ့ကြောင်းလည်းသိရှိရသည်။ ဦးသောင်းဟန်ထံ၌ ပညာသင်ကြားစဉ်ကပင် ဦးသောင်းဟန့်အိမ်သို့ ၀င်ထွက်သွားလာကြသော ဘိုကလေးတင့်အောင် ဂီတလုလင်မောင်ကိုကို စန္ဒရားဘိုကြီးစသည့်ဂီတနယ်ပယ်မှ ပုဂ္ဂိုလ်တို့၏ တီးခတ်သီဆိုမူအျားကို နားရည်၀ခဲ့သည့်အပြင် မြေပဒေသာရှိ ရွှေပြည်အေးထံသို့သွားရောက်ကာ ဂီတနှင့်ပတ်သက်သမျှနားယူဆည်းပူးခဲ့မူများ မိခင်ဖြစ်သူ ဒေါ်အေးမိ၏ သွေးမှတဆင့်ကူးစက်လာသော ဂီတဝါသနာသည် မြန်မာ့အသံမှ ညမွှေးပန်းတေးဂီတဝိုင်းအတွက် မိုးမင်း၀င်းရေးသားသော #အကြင်နာဆူးကလေး သီချင်းဖြင့် ဓါတ်ပြားရရှိခဲ့ကာ ဂီတလောကတွင်လည်း ဖူးပွင့်ဝေဆာခဲ့သေးသည်။

ထို့ကဲ့သို့ ဆရာစုံ အသိစုံခဲ့သည့်အပြင် ဘ၀ပေးအမြင်များခဲ့သူ အလှနှင့်ဘ၀ကိုနားလည်ခံစားတက်သော တင်လှ၀င်းထင်တဖြစ်လဲ မောင်တင်ထွန်းသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့ အသက် ၈၁နှစ်အရွယ်တွင် ရန်ကုန်မြို့ ပင်လုံဆေးရုံ၌ ကွယ်လွန်သွားပြီ ဖြစ်သည်။ ။

#ကိုးကား
မဂ္ဂဇင်းသရုပ်ဖော်ပန်းချီဆရာများ(ကောင်းညွန့်)

MSHP
8:31
Thu, 20
Jan
2022

Reference from: facebook

Written Books