Book Image
ခင်ဆွေဦး
ခင်ဆွေဦး

စာရေးဆရာကြီး မဟာဆွေ နှင့် ဒေါ်ကြည်ကြည်တို့၏ သမီး ဖြစ်ပြီး ၁၉၃၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့သည်။

၁၉၃၉ မှ ၁၉၄၂ အထိ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း တွင် သုံးတန်းအထိ သင်ကြားခဲ့သည်။ ၁၉၄၂ မှ ၁၉၄၉ အထိ စိန့်ဂျွန်းကွန်ဗင့်ကျောင်းတွင် သုံးတန်းမှ ခုနစ်တန်းအထိလည်းကောင်း၊ ၁၉၄၉ မှ ၁၉၅၁ အထိ စိန့်မေရီကျောင်းတွင် ရှစ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။

၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၅၁ မှ ၁၉၅၃ အထိ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ပညာသင်ကြားခဲ့ပြီး ၁၉၅၄ မှ ၁၉၅၅ အထိ မန္တလေးတက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။

၁၉၆၅ မှ ၁၉၆၇ ခုနှစ်အထိ ပညာရေးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၆၇ ခုနှစ်တွင် ပညာရေးဘွဲ့ကို ရရှိခဲ့သည်။

လုပ်ငန်းခွင် 

၁၉၅၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ လသာ (၂) တွင် အထက်တန်းပြ ဆရာမ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ 

စာပေရေးသားခြင်း 

၁၉၄၆ ခုနှစ်၌ သံတော်ဆင့် သတင်းစာ ကလေးစာပေကဏ္ဍတွင် ဆောင်းပါးများစတင် ရေးသားခဲ့သည်။ ၁၉၆၁ ခုနှစ်ထုတ် တို့ တိုင်းဌာနီ အမည်ရှိ ပထမဆုံး လုံးချင်း ဝတ္ထုကြီးဖြင့် စာပေနယ်တွင် ထင်ရှား။ ဘဝမုန်တိုင်း၊ ဥမ္မာ၊ ကံ့ကော်ဦး၊ မိုးနှင့်ရေ၊ မြကာရှင်၊ မိုးပန်း ဝေဝေလွင်၊ အင်ကြာင်းရဂုံ၊ တေးသီလို့ ဖွဲ့မယ်၊ ရွှေပြည်ကိုသာ လွမ်းတော့သည်၊ တိမ်တောက်ချိန်၊ မိုးရေ ချိုချို၊ အသက် ကလေးရယ်တဲ့ ရှည်စေလို စသည်ဖြင့် လုံးချင်း များစွာနှင့် မဂ္ဂဇင်း၏ ဝတ္ထုရှည်၊ ဝတ္ထုတိုနှင့် ဆောင်းပါး များစွာ ရေးသားခဲ့သည်။ "ငြိမ်းချမ်းပါစေ" ဝတ္ထုတို ပေါင်းချုပ် စာအုပ်ဖြင့် ၁၉၆၃ ခုနှစ်၊ အနုပညာ စာပေ ဆိုင်ရာ ဝတ္ထုတို ပေါင်းချုပ် စတုတ္ထ ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

၁၉၅ဝ ခုနှစ်တွင် ရှုမဝ၊ ကလေးတို့စာပေ၊ ဆောင်းပါး နှင့် ယနေ့မဂ္ဂဇင်း ( မိုးဝေ စာပေ မဂ္ဂဇင်း၊ ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ သွေးသောက်၊ ရုပ်ရှင်၊ ပေဖူးလွှာ၊ စစ်ပြန်) များထိ ဝတ္ထု တိုပေါင်း ၂ဝဝ ကျော်၊ ဆောင်းပါးပေါင်း ၃ဝ ကျော် နှင့် လုံးချင်း ဝတ္ထု ရှည် အပုဒ်ပေါင်း ၅ဝ ကျော် ရေးသားခဲ့သည်။

စပယ်ဖြူ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။

ဝိကီပီးဒီးယား

ခင်ဆွေဦ်းစာစုစာရင်း

၁။ မျှော်...မျှော်ရှာသူ မောရသည်နှင့် မပန်သာသည်(၁၉၆၀)
၂။ တို့တိုင်းဌာနီ(၁၉၆၁)
၃။ ခေတ်နှင့်အတူ(၁၉၆၂)
၄။ ဘဝနှင့်မုန်တိုင်း(၁၉၆၂)
၅။ ဥမ်မာ(၁၉၆၃)
၆။ ငြိမ်းချမ်းပါစေ(၁၉၆၃)
၇။ ကံ့ကော်ဦး(၁၉၆၃)
၈။ စုံတောမြိုင်(၁၉၆၃)
၉။ ဖက်ရှင်မယ်(၁၉၆၃)
၁၀။ မိုးနှင့်ရေ(၁၉၆၄)
၁၁။ မိန်းမနှင့်...(၁၉၆၄)
၁၂။ မိုးတိမ်လွှာ(၁၉၆၅)
၁၃။ မင်္ဂလာရယ်မှ(၁၉၆၅)
၁၄။ မြကေရှင်(၁၉၆၅)
၁၅။ပုလဲငုံ(၁၉၆၆)
၁၆။ ပန်းဗေဒါပွင့်ရွှေကြာနှင့်မဂ္ဂဇင်းဝတ္ထုတိုများ(၁၉၆၆)
၁၇။ လှမျိုးနွယ်(၁၉၆၆)
၁၈။ ရွှေပြည်ကိုသာလွမ်းတော့သည်(၁၉၆၇)
၁၉။ တေးသီလို့ဖွဲ့မယ်(၁၉၆၇)
၂၀။ နေကြာမျက်နှာနေမျက်နှာ(၁၉၆၇)
၂၁။ ဖြူဖြူနီနီဝါဝါ(၁၉၆၈)
၂၂။ သဇင်ပန်းတစ်ခက်နှစ်ခက်(၁၉၆၈)
၂၃။ ငွေလကြယ်စင်(၁၉၆၈)
၂၄။ တိမ်တောက်ချိန်(၁၉၆၉)
၂၅။ အလှအပလက်ရွေးစင်မဂ္ဂဇင်းဝတ္ထုတိုပေါင်းချုပ်(၁၉၆၉)
၂၆။ မိုးပန်းဝေဝေ(၁၉၆၉)
၂၇။ နေဝန်းဖလ်ဝါ(၁၉၆၉)
၂၈။ နှင်းဆီကမွှေး(၁၉၇၀)
၂၉။ အလင်းနှင့်အမှောင်(၁၉၇၀)
၃၀။ အသက်ကလေးရယ်တဲ့ရှည်စေလို(၁၉၇၀)
၃၁။ လူချို(၁၉၇၁)
၃၂။ ပျံသာပျံပါငှက်ရွှေဝါ(၁၉၇၁)
၃၃။ ဆူးနှစ်ဆူး(၁၉၇၁)
၃၄။ နေခြည်ဖြာတော့နွေးလိမ့်မယ်(၁၉၇၂)
၃၅။ မလေးသုံးပန်လှ(၁၉၇၂)
၃၆။ လှေတစ်စင်းနဲ့ ရွက်လွှင့်မယ်(၁၉၇၂)
၃၇။ သူကအနီကိုယ်ကအစိမ်း(၁၉၇၂)
၃၈။ အဝါနှင့်အစိမ်း(၁၉၇၂)
၃၉။ မိုးတစ်လှမ်းမြေတစ်လှမ်း(၁၉၇၂)
၄၀။ လှမ်းမယ်နော်အောင်မြေနန်းကို(၁၉၇၃)
၄၁။ ချစ်ခြင်းကိုဖွဲ့ဆိုမယ်(၁၉၇၃)
၄၂။ ဆီမီးတစ်ထောင်ပန်းတစ်ထောင်(၁၉၇၃)
၄၃။ တစ်ခိုင်နှစ်ခိုင်နှင်းပန်းခိုင်(၁၉၇၃)
၄၄။ ဇင်ဂမုန်းနဲ့ယဥ်ဦးမယ်(၁၉၇၄)
၄၅။ နံ့သာတောမှာ ပြောပါလား(၁၉၇၄)
၄၆။ သေနိုင်ပါရိုးလား(၁၉၇၄)
၄၇။ စကားတစ်ဖြာလှလိမ့်မယ်(၁၉၇၅)
၄၈။ စာပေဆွေးနွေးပွဲ(၁၉၇၅)
၄၉။ တိမ်နီလာရောင်(၁၉၇၅)
၅၀။ လွင်(၁၉၇၅)
၅၁။ ဝါဆိုဦးကပန်းဖူးတယ်(၁၉၇၅)
၅၂။ အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ်(၁၉၇၆)
၅၃။ နန္ဒာမည်သာ(၁၉၇၇)
၅၄။ သရဖီဦး(၁၉၇၈)
၅၅။ မပုံ့အကြောင်း(၁၉၇၉)
၅၆။ ပတ္တမြားမြလုံးနီလာကုံး(၁၉၈၀)
၅၇။ တစ်ရောင်တည်းခြယ်(၁၉၈၁)
၅၈။ ပေါက်ပေါက်နဲ့အပေါင်းအဖော်များ(၁၉၈၂)
၅၉။ နဒီသောင်ကမ်းဘေးမှာနွေးသည်(၁၉၈၄)
၆၀။ ပန်းတွေတိတ်ဆိတ်အိပ်နေတယ်(၁၉၈၅)
၆၁။ ကမ္ဘာ​မြေရဲ့တေး(၁၉၈၈)
၆၂။ နေပွင့်လပွင့်ကြယ်ပွင့်များ(၁၉၈၉)
၆၃။ အိုဆာကာမီဂျီဂန်ဘွန်းမှသည် ပုဂံသို့(၁၉၉၃)
၆၄။ တိမ်လွှာပေါ်မှခြေရာများ(၁၉၉၅)
၆၅။ အင်ကြင်းရဂုံ(၁၉၉၆)
၆၆။ အောင်ရဲ့အောင်(၁၉၉၆)
၆၇။ ထာဝရလရိပ်ချို(၁၉၉၉)
၆၈။ မိုးရေချိုချို(၂၀၀၂)
၆၉။ တက္ကသိုလ်စာမျက်နှာများ(၂၀၀၂)
၇၀။ ကုသိုလ်ဖြစ်မြစ်တစ်စင်း(၂၀၀၃)
၇၁။ စစ်ကိုင်းမင်းသမီးဒိုင်ယာရီ(၂၀၀၃)
၇၂။ ပန်းခင်းတဲ့လမ်းကိုမျှော်(၂၀၁၁)

၇၃။ ပန်းတစ်ပွင့်လွမ်းချင်း
၇၄။ မှတ်မှတ်ရရနေ့ရက်များ
၇၅။ နှင့်ကျွန်မ
၇၆။ စာပေဆွေးနွေးပွဲ
၇၇။ မြပုဝါ
၇၈။ ခင်ဆွေဦးဝတ္ထုတိုပေါင်းချုပ် 
၇၉။ အရိန္ဒမာရင်ခုန်သံဝတ္ထုတိုများ

"ကျွန်မသည် ဒို့တိုင်းဌာနီကို ဖတ်ပြီးသည့်နောက်တွင် ခင်ဆွေဦး၏ အမာခံပရိသတ် ဖြစ်ခဲ့တော့သည်" လို့ ဆရာမဂျူးက ဆိုခဲ့တဲ့ စာရေးဆရာမကြီး ခင်ဆွေဦးကို ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ တစ်ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူကတော့ မြန်မာဝတ္ထုခေတ်ဦးပိုင်း ဦးဆောင်ခဲ့သူတွေထဲမှာထင်ရှားတဲ့ စာရေးဆရာကြီး မဟာဆွေဖြစ်ပါတယ်။ 
အသက် ၁၂ နှစ်အရွယ်က စပြီး စာရေးခဲ့တဲ့ ဆရာမကြိီးဟာ လုံးချင်းစာအုပ်ပေါင်း ၉၀ ခန့် ရေးသားခဲ့ပါတယ်။ ပခုက္ကူဦးအုန်းဖေတစ်သက်တာ စာပေဆုကို ၂၀၀၆ ခုနှစ်မှာ ရရှိခဲ့ပြီး အမျိုးသားစာပေတစ်သက်တာဆုရှင် အမျိုးသမီးစာရေးဆရာ လေးဦးထဲမှာ တစ်ဦးအပါအဝင်လဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မှာ ဂိုအင်ကာရဲ့ ဖိတ်ခေါ်ချက်အရ ဓမ္မဂီရိဝိပဿနာရိပ်သာမှာ ၁၀ ရက်တရားစခန်းဝင်ဖို့နဲ့ ဝိပဿနာ တရားဆွေးနွေးဖို့ အိန္ဒိယနိုင်ငံကို ၄၅ရက်မျှ သွားရောက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဆရာမဂျူးက"ခင်ဆွေဦး ကွယ်လွန်ခြင်းသည် နောက်ဆုံးကျန်ရစ်သော အားကိုးရာအရိပ်ကောင်း သစ်ပင်တစ်ပင် လဲပြိုသွားခြင်း ဖြစ်ပါသည်"လို့ ဖွင့်ဟခဲ့ပါတယ်။

ပထမဆုံးထုတ်ဝေခဲ့တဲ့ မျှော်...မျှော်ရှာသူ မောရသည်နှင့်မပန်သာသည် မဂ္ဂဇင်းဝတ္ထုရှည်နှစ်ပုဒ်ပေါင်းချုပ်စာအုပ်ကို ဆရာဇော်ဂျီက "မပန်သာသည်က ဇာတ်အတက်အကျ ရှုပ်ထွေးမှုနည်းတယ်။ ဇာတ်ကောင်တွေရဲ့ ပဋိပက္ခလည်း မရှိဘူး။ ပြီးတော့ မင်းသမီးက ကိုယ့်ကိုယ်ကိုယ် သနားတာတွေ ဖြစ်မနေဘူးလား၊ စာရေးဆရာက သူ့ကို သနားနေတာကိုး"၊ "မျှော်...မျှော်ရှာသူ မောရရှာသည်ကျတော့ အရင်ဝတ္ထု(မပန်သာသည်ကိုဆိုလို)ထက်ပိုပြီး ပြည့်စုံလာပါရဲ့၊ ပဋိပက္ခလည်း အားကောင်းလာပါရဲ့၊ ဒါပေမဲ့ ငါမကြိုက်သေးဘူး၊ ဝတ္ထုကိုဖြစ်စဥ်အတိုင်းပြောသွားတာကိုး။ နင့်အတွေးတွေ လိုက်ပါမလာဘူး။ ဒဿနအတွေး မပါသေးဘူးပေါ့ဟာ၊ ဒါပေမဲ့ မြန်မာအရေးအသားချောပါတယ်။ စိတ်ဝင်စားဖို့ ကောင်းအောင်လည်း ရေးသွားပါတယ်" ဆိုပြီး သုံးသပ်ထားပါတယ်။
ပထမဆုံးလုံးချင်းဝတ္ထု တို့တိုင်းဌာနီနဲ့ ပတ်သက်ပြီး မလိခက "ဒို့တိုင်းဌာနီသည် ခင်ဆွေဦး၏ ပထမဆုံးဝတ္ထုဖြစ်သလို ခင်ဆွေဦး၏ အကောင်းဆုံးနှင့် အအောင်မြင်ဆုံးဝတ္ထုလည်း ဖြစ်ပေသည်" လို့ သုံးသပ်ညွှန်းဆိုထားပါတယ်။

မှတ်ချက်*မှတ်မှတ်ရရနေ့ရက်များစာအုပ်နဲ့...နှင့်ကျွန်မစာအုပ်ကိုပေါင်းပြီး "မှတ်မှတ်ရရနေ့ရက်များ၊... နှင့်ကျွန်မ"ဆိုပြီး ရန်အောင်စာပေက ပေါင်းထုတ်ခဲ့ပါတယ်။ ခုနှစ်မပါတဲ့ စာအုပ်တွေကတော့ ခုနှစ်သက္ကရာဇ်တိတိကျကျ မတွေ့တာကြောင့် သက်သက်ဖော်ပြထားတာပါ။ တို့တိုင်းဌာနီ၊ ဒို့တိုင်းဌာနီ စာလုံးပေါင်းသတ်ပုံ မူကွဲကတော့ 
"ဒို့တိုင်းဌာနီ"က ကိုးကားတဲ့အခါမှာ အသုံးပြုထားပြီး၊ ကျန်နေရာများမှာတော့ လက်ရှိသတ်မှတ်ချက်အရ "တို့တိုင်းဌာနီ" လို့ အသုံးပြုပါတယ်။
ရာပြည့်ဦးစိုးညွန့်ပြုစုတဲ့ နှစ်ဆယ်ရာစုမြန်မာစာရေးဆရာ ၅၀၀ စာအုပ်မှာ ဆရာမကြီးခင်ဆွေဦးက လုံးချင်း ၉၀ နီးပါးရေးသားတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိစာရင်းကတော့ ကျွန်တော် တွေ့ရှိထားသမျှ ဖြစ်တာကြောင့် ဆရာမကြီးရေးသားခဲ့ပြီး ကျွန်တော့်စာရင်းမှာ မပါသေးတဲ့ စာအုပ်တွေ ရှိသေးကြောင်း၊ အမှားတစ်စုံတစ်ရာပါဝင်ရင် ပြုပြင်ပေးကြဖို့နဲ့ ကျွန်တော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ကြောင်း...။ 

ကိုးကား...ရာပြည့်ဦးစိုးညွန့်။ နှစ်ဆယ်ရာစုမြန်မာစာရေးဆရာ ၅၀၀၊ မလိခ။ မြန်မာဝတ္ထုအညွှန်းပေါင်းချုပ်၊ မလိခ။ မြန်မာစာပေအဘိဓာန်၊ ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံစာပေဆုများ၊ ဂျူး။ "တို့တိုင်းဌာနီကို ချန်ရစ်ကာ ထွက်သွားလေသူ"ဆောင်းပါး၊ ကြေးမုံမဂ္ဂဇင်း၊ ခင်ဆွေဦး။ မှတ်မှတ်ရရနေ့ရက်များ၊... နှင့် ကျွန်မ။ ဂူးဂဲ။ 

ဆရာမကြီးရဲ့ စာအုပ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထပ်ဖြည့် ၈၀။ နေခြည်ဖြာတော့ နွေးလိမ့်မယ်။

မူရင်းပိုစ့်


Reference from: facebook

Written Books