ဆရာရိပ် (၁၈၇၄-၁၉၄၁)
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လက်ပံတန်းမြို့နယ် သောနုဿရွာ (ခမုံဆိပ်ရွာ) ၌ အဖ ဦးရွှေဝင်း (ကုန်သည်)၊ အမိ ဒေါ်မင်းညီ တို့က ၁
ဧပြီ ၁၈၇၄ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့၍၊ အမည်ရင်းမှာ ဆရာရိပ်ပင် ဖြစ်သည်။
ဒွါရဂိုဏ်းကို ထူထောင်တော်မူခဲ့သော
အုတ်ဖို ဆရာတော်ကြီး ရှင်ဥက္ကံဝံသမာလာ (၁၈၁၈-၁၉၈၆) ထံတွင်စာပေပညာ ဆည်းပူးခဲ့သည်။
ထို့နောက် စာချဆရာတော် အဖြစ် သာသနာ့ဝန်ကို ထမ်းဆောင်ခဲ့သည်။ ရဟန်းအဖြစ်မှ လူဝတ်လဲပြီးနောက် ရန်ကုန်မြို့ ဇမ္ဗူ့ မိတ်ဆွေ ပိဋကတ်
ပုံနှိပ်တိုက်၌ ပါဠိဆရာကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ “မြန်မာပြည်စောင့် နေ့စဉ် သတင်းစာ'တွင်လည်း အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်ခန့်တွင် အစိုးရ စာတော်ပြန် ဌာနမှာ အမှုထမ်းခဲ့ပြီး၊ ၁၉၄ဝ ပြည့်နှစ်တွင်အငြိမ်းစားယူခဲ့သည်။
သာသနောပကာရအသင်း၊တောင်တန်းသာသနာပြုအဖွဲ့ စသည့် သာသနာရေးဆိုင်ရာအဖွဲ့အစည်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်။ ရာဇဝင်၊ ကဗျာ၊ စာပေဆိုင်ရာတို့နှင့် ပတ်သက်သည်များကို မကြာမကြာ ဟောပြော ပို့ချလေ့ရှိသည်။ သူ့ခေတ်ကာလတွင် စကားပြော အလွန်ကောင်းသူအဖြစ် နာမည်ကြီး ကျော်စောခဲ့သည်။
‘တိုးတက်ရေးမဂ္ဂဇင်း'၊ ‘သူရိယမဂ္ဂဇင်း”တို့တွင် ဆောင်းပါး အမြောက်အမြား ရေးခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်းအတွက် နားခံတော်ကြီး ဦးရွှေနီ၏ ပဉ္စပါပီရကန် (၁၉၂၈)၊စလေဆရာကြီး၏ ဦးပုညမေတ္တာစာ (၁၉၃၂) နှင့် ဦးပုညသာသနာလျှောက်နှင့် ဆွမ်းတော်ကြီးတင်စာတမ်း တို့ကို တည်းဖြတ်ပေးခဲ့သည်။
၈ သြဂုတ် ၁၉၄၁ သောကြာနေ့တွင် ကွယ်လွန်ခဲ့သည်။ ။
စာကိုး ။ ။ (၁) မြန်မာနိုင်ငံသုတေသနအသင်း။ သုတေသနစာစဉ်၊ သုတေသနစာစဉ်စာရင်း၊ သုတေသနစာစဉ် စာတည်းများ (ဧပြီ ၁၉၇ဝ)။ ရန်ကုန်၊ ကုမာရပုံနှိပ်တိုက်။ စာ ၉၆-၉၇၊ (၂) ကိုယ်ပိုင်အမည်
အဘိဓာန် [ယ-လ] (၂ဝ၂၃)။ စာ ၁၉၀-၁၉၁။]