ဆရာညွှန့် [၁၈၈ဝ (ခန့်)- ? ]
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ရွှေတောင်မြို့နယ်၊ မန်ကျည်းပေါက်ကုန်း ကန်သုံးဆင့်ရွာ၌ အဖ ဦးလူ၊ အမိ ဒေါ်သက် တို့က ၁၈၈ဝပြည့်နှစ်ခန့်တွင် မွေးဖွားခဲ့သည်။
ငယ်စဉ်က ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် စတင် ပညာသင်ယူခဲ့သည်။ ထို့နောက် ရဟန်းဘဝသို့ ရောက်သောအခါ ပြည်မြို့ ဇေယျဝတီကျောင်း တလိုင်းကုန်း ဆရာ
တော်ကြီး ထံတွင် ပညာဆည်းပူးခဲ့သည်။ တစ်ဖန် ပေါင်းတည်မြို့ တိုက်သစ် ဆရာတော်ကြီးနှစ်ပါးထံတွင် လည်းကောင်း၊ ကန်ဦး ဆရာတော်ကြီးနှင့် ပခုက္ကူမြို့ ကိုးဂိုဏ်းချုပ် ရေစကြိုဆရာတော်ကြီးတို့ထံတွင် လည်းကောင်း ဆက်လက်၍ ပညာဆည်းပူးခဲ့သည်။ ရဟန်းဘွဲ့မှာ အသျှင်ဣန္ဒောဘာသ ဖြစ်သည်။
ရဟန်းဘောင်မှ လူဝတ်လဲပြီးနောက် ရန်ကုန်မြို့ရှိ စာပုံနှိပ်တိုက်ကြီးများတွင် ပါဠိကျမ်းဂန် ဆိုင်ရာစာပြင်ဆရာကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ပုဇွန်
တောင် ဈေးတွင် “မြန်မာ့ဟိတ ပိဋကတ် စာအုပ်ဆိုင်” ကိုလည်းကောင်း၊ ပုဇွန်တောင် တောင်
လုံးပြန်ရပ်တွင် ဓာတုသမ ဆေးဆိုင်” ကို လည်းကောင်း တည်ထောင် ဖွင့်လှစ်ခဲ့သည်။ ဟံသာဝတီ မဂ္ဂဇင်း (ဒီဇင်ဘာ ၁၉၃၅-ဧပြီ ၁၉၃၆) တွင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။
၎င်းမဂ္ဂဇင်းတွင် “နိတျောပဒေသ’နီတိခန်း၊ ခွင့်တောင်းခဏ်းရတု” စသည့် ကဗျာ လင်္ကာများ
ကို “ဆရာညွန့်-ပါဠိဆရာကြီး” အမည်နှင့် လစဉ် ရေးသားခဲ့သည်။
တိုးတက်ရေး မဂ္ဂဇင်းတွင်လည်း ဆောင်းပါး အမြောက်အမြားရေးသားခဲ့သည်။
ပြုစုခဲ့သော စာအုပ်အချို့မှာ မဟာပေတ ဝတ္ထုတော်ကြီး၊ မိစ္ဆာဝါဒ ဝိသောဓနီကျမ်း၊ဝစီရောဘာသဒေသနာ တရားစာ၊ ကုဏာလဇာတ် ဘာသာပြန် နီတိကျမ်းဂန်ကြီး၊ ခန္ဓဝဂ္ဂ-မဟာဝဂ္ဂ သံယုတ်ပါဠိတော်နိသျ၊ သက္ကတ ဟိတောပဒေသနိသျ၊ စာဏကျနီတိနိသျ၊ ဇေယျပထဗျာရာဓိကထေရုပ္ပတ္တိ၊ ဝါကျသွား အချိုး အဖြေကျမ်း စသည့် ကျမ်းများ ဖြစ်ကြသည်။ မြန်မာနိုင်ငံသုတေသနအသင်း အတွက်လည်း ကန်တော်မင်းကျောင်း ဆရာတော်၏ လောကသာရပျို့(၁၉၃၁)၊ မန်လည်ဆရာတော်ကြီး၏ မဟာသုတကာရီ မဃဒေဝ လင်္ကာသစ် (၁၉၃၂) တို့ကို
တည်းဖြတ်ပေးခဲ့သည်။
ကွယ်လွန်သည့် ရက်စွဲကိုမူ မသိရချေ။ ။
စာကိုး။ ။ (၁) မြန်မာနိုင်ငံ သုတေသနအသင်း။ သုတေသနစာစဉ်သမိုင်း၊ သုတေသနစာစဉ်စာရင်း၊ သုတေသန
စာစဉ် စာတည်းများ (ဧပြီ ၁၉၇ဝ)။ ရန်ကုန်၊ ကုမာရပုံနှိပ်တိုက်။ စာ ၅၈-၅၉။ (၂) ဟံသာဝတီ
မဂ္ဂဇင်းများ (ဒီဇင်ဘာ ၁၉၃၅ – ဧပြီ ၁၉၃၆)။ စာ ၆၅၊ ၁၇၄၊ ၂၆၉၊ အချပ်ပို (က)။ (၃) ကိုယ်ပိုင်အမည်
အဘိဓာန် က-န) (၂၀၁၇)။ စာ ၂၈၅။)