ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက် ဖြစ်ပေါ်လာပုံ သမိုင်း
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၁ရက် နေ့တွင် စာကြည့်တိုက်တည်ထောင်သူ ကိုမျိုးအာကာသည် သူကိုယ်တိုင် စုဆောင်းထားသော သုတ၊ ရသ စာအုပ် ၅၀ နဲ့ သူ၏နေအိမ်၌ (ပုံ-၁) အတိုင်း ကိုယ်ပိုင် အိမ်စာကြည့်တိုက်လေးကို စတင် တည်ထောင်ခဲ့ပါသည်။ ထို့နောက် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၂၆ရက် နေ့တွင် သူ၏ ဆရာမဖြစ်သူ ပဲခူးတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဒေါ်မြင့်မြင့်မော် က စာအုပ်/စာစောင် ၂၀၀ လှူဒါန်းပေးလိုက်ရာ စာအုပ်ပေါင်း ၂၅၀ နှင့် စာကြည့်တိုက်လုပ်ငန်း စတင် လည်ပတ်ခဲ့ပါသည်။ စာကြည့်တိုက်လုပ်ငန်း လည်ပတ်ပြီး ၄လအကြာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) နှင့် ချိတ်ဆက်မိပြီး စာအုပ်၊ စာစောင် ၃၀ လက်ခံရရှိခဲ့ပါသည်။
`
ကိုယ်ပိုင် အိမ်စာကြည့်တိုက်လေး တည်ထောင်ပြီး ၁၁လ အကြာ သမာဓိလမ်းရှိ လက်ဖက်ရည်ဆိုင်အဟောင်းနေရာကို အသုံးပြုခွင့် ရရှိခဲ့ပြီး ထိုနေရာလေးအား ပြင်ဆင်ပြောင်းလဲကာ (ပုံ-၂) အတိုင်း ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက် အမျိုးသားနေ့တွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ ထိုအချိန်တွင် စာကြည့်တိုက်များကွန်ရက်၊ ဇီဝိတိဒါန သွေးလှူရှင်များအသင်း စသည့် အသင်းအဖွဲ့များ၊ စကြာမေ(ဆေးတက္ကသိုလ်)၊ သုတေးစစ်၊ မြူအလင်္ကာ(လားရှိုး) စသည့် စာရေးဆရာများ နှင့် ချိတ်ဆက်ထားနိုင်ခဲ့ပြီး အကူအညီများစွာ ရရှိခဲ့ပါသည်။
(ပုံ-၂) အတိုင်း နေရာလေးတွင် ပြောင်းရွှေ့ ဖွင့်လှစ်ပြီး ၄လကြာသော် ထိုနေရာလေးသည် အနည်းငယ် ပျက်ယွင်းလာပြီး ကျရောက်လာမည့် မိုးရာသီအား အံတုနိုင်စွမ်း မရှိတော့ပါ။ ဤသည်ကို သိရှိသော မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) က ဥက္ကဌကြီး ဆရာမ ဝတ်ရည်ခင်(ပဲခူး) နှင့် အတွင်းရေးမှူး ဦးကျော်မင်းနိုင် တို့က စာကြည့်တိုက် တည်ဆောက်ရေးအတွက် အလှူတော်ငွေ တစ်သိန်းကျပ် မတည်ကာ စတင်ခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနှင့် ချိတ်ဆက်မိကာ ထိုအသင်းမှ အသင်းသားများက အလှူတော်ငွေ ငါးသိန်းကျပ်ကို စုပေါင်းလှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် ထိုအသင်း၏ ချိတ်ဆက်ပေးမှုဖြင့် ထိုင်း၊ ဩစတြေးလျ၊ အမေရိကန် စသော နိုင်ငံများ၏ အလှူရှင်များထံမှ အလှူတော်ငွေ ၂၁သိန်း ကျပ် ရရှိခဲ့ပါသည်။ စာကြည့်တိုက်တည်ထောင်သူ ကိုမျိုးအာကာ၏ မိတ်ဆွေများကလည်း အလှူငွေများ လှူဒါန်းကြရာ သုံးသိန်းကျပ် ရရှိခဲ့ပါသည်။ ထို ရရှိအလှူငွေ သိန်း ၃၀ ဖြင့် စာကြည့်တိုက်ကြီးကို ၁လကြာ တည်ဆောက်ခဲ့ပါသည်။
(ပုံ-၃) အတိုင်း ၂၀၂၃ခုနှစ်၊ မတ်လ ၁၁ရက် နေ့တွင် ပဲခူးမြို့၊ စာပေဥယျာဥ်စာကြည့်တိုက်ကြီးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအခါ စာကြည့်တိုက်ကြီးသည် စာအုပ်ပေါင်း သုံးထောင်ကျော် စုဆောင်းထားရှိပြီ ဖြစ်ကာ ယနေ့ထိ စာကြည့်တိုက် အသုံးပြုသူ တစ်ထောင်ကျော် ရှိ၍ စာအုပ်ပေါင်း နှစ်ထောင်ခန့် ငှားရမ်းပေးနိုင်ခဲ့ပါသည်။ စာကြည့်တိုက် တည်နေရာမှာ- ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ သမာဓိလမ်း ဖြစ်ပါသည်။
#စာပေဥယျာဥ်စာကြည့်တိုက်_ပဲခူးမြို့
စာပေဥယျာဥ်စာကြည့်တိုက် ၏ လုပ်ငန်းဆောင်ရွက်ချက်များအား အသိပေးခြင်း
- ပဲခူးတိုင်းဒေသကြီးရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာ များသို့ စာအုပ် ငှားရမ်းမှု ပေးခြင်း
စာပေဥယျာဥ်စာကြည့်တိုက်သည် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များ ဖြစ်သော ပဲခူး၊ ဘုရားကြီး၊ အင်းတကော်၊ ဝေါ၊ ကဝ/ ရပ်ကွက်များဖြစ်သော ဥဿာမြို့သစ် ရပ်ကွက်ကြီး (၃၊၆၊၇၊၈၊၉) ရှင်စောပု၊ နန်းတော်ရာ၊ မဇင်း၊ ကလျာဏီ၊ မွန်စံပြ၊ ရုံးကြီး/ ကျေးရွာများဖြစ်သော တာဝ၊ ကလိ၊ ကမာနက်၊ မြို့ဦးကင်း၊ အထက်စည်တီးအနောက်၊ တောင်ပို့တစ်ရာ၊ သာယာကုန်း သို့ စာအုပ်များ ငှားရမ်းပေးနေပါသည်။ * ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ သို့လည်း ၁ကြိမ် ငှားရမ်းမှု ပေးခဲ့ပါသည်။
- မြန်မာတစ်ပြည်လုံးရှိ စာဖတ်သူများအတွက် online စနစ် အသုံးပြု၍ လုပ်ဆောင်ခြင်း
စာပေဥယျာဥ်စာကြည့်တိုက်သည် ဖုန်းပွတ်နေရင်းနဲ့ စာတိုလေးတစ်ကြောင်းဖြစ်ဖြစ် လူငယ်တွေ ဖတ်ရှုကောင်း ဖတ်ရှုလိမ့်မည် ဆိုသော ရည်ရွယ်ချက်ဖြင့် လှုပ်ရှားဆောင်ရွက်လျက် ရှိပါသည်။ ကနဦး အနေနဲ့ စာရေးဆရာကြီးများ၏ စာအုပ်များစုစည်းမှုများ နှင့် နာမည်ကြီး ဝတ္ထု အစ/အဆုံး များကို Facebook Page တွင် တင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ´စာအုပ်အမြည်း`၊ ´ဘုရားသမိုင်း`၊ ´ဖတ်ရင်း ရယ်ပါ ပျော်ရွှင်ပါ`၊ ´ဖတ်ရှုခံစား ကဗျာများ`၊ ´ဇာတ်လမ်းပုံပြင် ဖတ်စေချင်`၊ ´ဖတ်ရှုလေ့လာ ဗဟုသုတ အဖြာဖြာ`၊ ´ပုံပြင်ကမ္ဘာ ပုံပြင်များ` စသော အစီအစဥ်များကိုလည်း အလျှင်း တင့်သလို Facebook Page တွင် တင်ပေးလျက် ရှိပါသည်။
- ထပ်နေသော စာအုပ်များအား ပြန်လည် လှူဒါန်းပေးခြင်း
စာပေဥယျာဥ်စာကြည့်တိုက်သည် ထပ်နေသော စာအုပ် ၃၀ ကို ပဲခူးမြို့ ကျိုက်ဒေးယုံကျေးရွာ ပန်းပျိုးလက်စာကြည့်တိုက် သို့ လှူဒါန်းပေးခဲ့ပါသည်။
#စာပေဥယျာဉ်စာကြည့်တိုက်_ပဲခူးမြို့
21.1.2022 ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်
မနက် ၉ မှ ညနေ ၅ ထိ ၁လစာငှားရမ်းမှု ၁ပတ်စာငှားရမ်းပေးလျက်ရှိပါသည်
စာအုပ်ပေါင်း ၆၀၀ ကျော်ရှိပါသည်