၂၀၀၇ မှာ စာကြည့်တိုက်လေးစတယ်
ကိုဇော်ဇော်သည် မန္တလေးအခမဲ့ စာကြည့်တိုက်လေးကို ၂၀၀၇ ခုနှစ်တွင် တည် ထောင်ခဲ့သည်။ ကိုယ်ကိုယ်တိုင်က မူလတန်းသာအောင်ခဲ့ကာ စာအုပ်စာပေ တွေထဲက အသိပညာတွေရခဲ့သည်ဟု ဆိုပါလျှင် ဘွဲ့ရပညာတတ်များ စာဖတ်ကြသည့်အခါ သူ့ထက် အသိပညာတွေရလာမှာဖြစ်ပြီး တိုင်းပြည်အနာဂါတ်လည်း အများကြီးကောင်းလာမည်ဟု ထင်သောကြောင့် စာကြည့်တိုက်လုပ်ဖြစ်ခဲ့တာဖြစ်ကြောင်း ကိုဇော်ဇော်က ရှင်းပြသည်။
ကိုဇော်ဇော်တည်ထောင်ထားသော မန္တလေးအခမဲ့စာကြည့်တိုက်သည် အခြားသော စာ ကြည့်တိုက်များနှင့် မတူဘဲ တမူထူးခြားသည်ဟု ပြောနိုင်ပေသည်။ စာကြည့်တိုက်တွင် ဂစ်တာ ခုနစ်လုံး၊ ဇယ်ခုံ ခုနစ်လုံး ထားထားပြီး စာအုပ် နှစ်အုပ်လာဖတ် ပါက ဂစ်တာနှင့် ဇယ်ခုံကို အိမ်ငှားပေးသည်ဟုကိုဇော်ဇော်က ပြောပြသည်။
“နောက်ပြီး ဒီနားက အရက်သောက်တဲ့သူတွေကိုလည်း အရက်ဖိုးလိုရင် ကျွန်တော်က ငါးရာပေးမယ် စာအုပ် တစ်အုပ်တော့ လာဖတ်ရမယ်လို့ ပြောထားတယ်။ သူတို့ လာကြတယ်။
ဘာပဲဖြစ်ဖြစ်ဗျာ နောက်ဆုံး ယှဉ်ကြည့်ရင် စာမဖတ်တဲ့အရက်သမားထက် စာဖတ်တဲ့ အရက်သမားက ပိုသာမယ်”ကိုဇော်ဇော်သည် ရပ်ကွက်တွင်း ရှိ လူများကို စာဖတ်စေရန် ယခုကဲ့သို့ နည်းမျိုးစုံနှင့် ကြိုးစား နေပြီး အခြားသော ရပ်ကွက်မှလူများလည်း စာဖတ်နိုင်ရန်အတွက် သူ့ကိုယ်ပိုင် စက်ဘီး ပေါ် စာအုပ်များတင်ကာ အိမ်တိုင်ရာရောက် စာအုပ်လိုက်လံ ငှားပေးသည့် ဝန်ဆောင်မှုကိုလည်း အခမဲ့ လုပ်ဆောင်နေသူဖြစ်သည်။
“တချို့ ကျွန်တော့်စာကြည့်တိုက်ကို မလာနိုင်ရင် ကျွန်တော်က စာအုပ်ကို အိမ်လိုက်ပို့ပေးတယ်။ တောင်ဥက္ကလာ လို ဝေးတဲ့နေရာထိကတောင် ငှားတယ်ဗျ။ ပုံမှန်ကတော့ သမိုင်းလမ်းဆုံကနေ MRTV 4 ရုံးနား လောက်ထိ စက်ဘီးနဲ့ လိုက်ပို့ပေးရတယ်။ သူတို့က ဖုန်းဆက်ပြီး မှာတာပေါ့ဗျာ”ဟု ကိုဇော်ဇော်က ပြောပြသည်။
စာမတတ်ဘဲ စာဖတ်ရုံနဲ့ ခွန်အားရခဲ့တယ်
“ဘွဲ့မရ ကျောင်းမနေရပေမယ့် စာပေပညာနဲ့ တတ်တဲ့ပညာကို ပေါင်းပြီး အသုံးချတယ်။ ကျွန်တော် လေးတန်းပဲ အောင်ပါတယ်။ အဓိက က မခံချင်တဲ့စိတ်က ကျွန်တော့်ကို စာဖတ်ဖြစ်အောင် တွန်းပို့ခဲ့တာ လို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက ဘွဲ့ရရုံနဲ့ စာတတ်တယ် ထင်နေကြတာ။ ကိုယ်တတ်တဲ့ ပညာကို တကယ်အသုံးချနိုင်ရင် ပိုကောင်း ပါတယ်” ဟုလည်း သူ့အမြင်ကို ပြောသည်။
ကိုဇော်ဇော်၏ မန္တလေး အခမဲ့စာကြည့်တိုက်ဖွင့်ချိန်မှာ မနက် ၉ နာရီမှ ည ၁၁ နာရီအထိ ဖြစ်သည်။
ငါးကင်ရောင်းချိန်က ညနေ ခြောက်နာရီ ခုနစ်နာရီဖြစ်ပြီး ငါးကင်သွားရောင်းနေချိန် မှာလည်း စာကြည့်တိုက် တံခါးကို ဒီအတိုင်းပင် ဖွင့်ထားခဲ့သည်ဟုလည်း ပြောပြသည်။
“ကျွန်တော် မရှိခင် စာအုပ်ဖတ်ချင်သူရှိရင် ဖတ်ရအောင်။ တချို့ကလည်း ယူတဲ့စာအုပ်၊ ကိုယ့်နာမည်၊ လိပ်စာ ရေးပေးသွားတယ်။ တချို့ကလည်း ဒီတိုင်း ယူသွားတာပေါ့။ ယူလည်း သူတို့က ကောင်းပေ့ ဆိုတဲ့ စာအုပ်မျိုးကို ရွေးယူတယ်။ ကျွန်တော်လည်း ယူပေ့စေ သူတို့ စာအုပ် တစ်အုပ် ရသွား နည်းလား ဆိုတဲ့ စိတ်မျိုးထားပါတယ်”ကြိုးစားပမ်းစား တည်ထောင်ထားသည့် စာကြည့်တိုက်ကလေး ရေရှည်ဖြစ်မြောက် တည်တံ့ စေရန်အတွက် ငါးကင်ရောင်းရသည့် ငွေထဲမှ တစ်လကို ကျပ်ခုနစ်သောင်းခန့် စာကြည့်တိုက် အတွက် အသုံးပြုကြောင်း ကိုဇော်ဇော်က ပြောသည်။“တချို့ကလည်း ကျွန်တော့်ကို အလှူခံပုံးထားဖို့ အကြံပေးကြတယ်။ ကျွန်တော် မလုပ်ချင်ဘူး”
ကျွန်တော်က ဘဝကို စာအုပ်စာပေထဲပဲ မြှုပ်နှံထားတယ်
ကိုဇော်ဇော်သည် သူ၏ စာကြည့်တိုက်လေးကို လူအများသိရှိပြီး လာရောက်ဖတ်ရှု ငှားရမ်းနိုင် အောင် ကြော်ငြာစာရွက်များ လုပ်ထားပြီး လှည်းတန်းမှ သမိုင်းအထိ တစ်နေ့ကို အခု ငါးဆယ် လိုက်ကပ် ခဲ့ကြောင်း၊ သို့ရာတွင် ရည်ရွယ်ချက်မရှိဘဲ လက်ဆော့သူ အချို့က ကြော်ငြာ စာရွက်များကို ဆုတ်ဖြဲကြသောကြောင့် ၁၀ ခုလောက်သာ ကျန်လေ့ရှိကြောင်း၊ နေ့စဉ် ထပ် ထပ် ကပ်နေရကြောင်းလည်း ကိုဇော်ဇော်က လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြသည်။
“ကျွန်တော်က ဘဝကို စာအုပ်စာပေထဲ မြှုပ်နံှထားတယ်။ ကလေးတွေကိုလည်း စာဖတ်ချင်အောင် ကာတွန်းလေးတွေ၊ အရုပ်လေးတွေကနေ ဆွဲဆောင်ရတယ်။ စာများများဖတ်စေချင်တယ်ဗျာ။ ဒီမှာက ပညာရေးကသူများနဲ့ယှဉ်ရင် နိမ့်ပါးတယ်။ မျက်လုံးချင်းဆုံရင်တောင် ရန်ဖြစ်ချင်ကြတာ။ ကျွန်တော်ထင်တာကတော့ စာအုပ်လေးတွေ ဖတ်ရင် အသိအလိမ္မာတိုးပြီး အရိုင်းစိတ်ပျောက်မယ်ပေါ့ဗျာ” ဟု ကိုဇော်ဇော်က သူ့အမြင်ကို ဆိုသည်။
တစ်နိုင်ငံလုံးအနှံ့စာကြည့်တိုက်များ
လက်ရှိမှာ ငါးကင်ရောင်းရင်း စာကြည့်တိုက်ကို အောင်မြင်အောင် ကြိုးစားနေသော ကိုဇော်ဇော်၏ ရည်မှန်းချက်မှာ မြန်မာတစ်နိုင်ငံလုံးတွင် စာကြည့်တိုက်များ ဖွင့်လှစ်နိုင် ခြင်းပင် ဖြစ်သည်။
“လောလော ဆယ်တော့ လမ်းဘေးဈေးသည်ပေါ့လေ။။ ဖိနပ်ကို နှစ်ထောင်တန်ပဲစီးတယ်။ စာအုပ်တွေဝယ်တယ်” ဟု ကိုဇော်ဇော်က စာကြည့်တိုက် ဖြစ်မြောက်စေရန် ချွေတာရမှု အချို့ကို ပြောပြသည်။
အစိုးရ စာကြည့်တိုက်များသည် ကန့်သတ်ချက်များ များနေသောကြောင့် လူငယ်များ အနေဖြင့် အလွယ်တကူ ငှားရန် မလွယ်ကူကြောင်း ကိုဇော်ဇော်က သူ့အမြင်ကို ခုလို ပြောသည်။
“ဒီနားမှာ စာကြည့်တိုက် နှစ်ခု ရှိတယ်။ ကျွန်တော့် စာကြည့်တိုက်နဲ့ ရပ်ကွက် စာကြည့်တိုက်။ ရပ်ကွက် စာကြည့်တိုက်က ည ၈ နာရီခွဲဖွင့်တယ်။ ၉ နာရီဆိုပိတ်တယ်။ ကျွန်တော် သွားငှား တုန်းက ပေးမငှားဘူး။ Member ဝင်ရမယ်တဲ့။ ၁ ရပ်ကွက်က စာကြည့်တိုက်က ၂ ရပ်ကွက်က လူကို ပေးမငှားဘူးဆိုတာလည်းရှိတယ်။ အစိုးရစာကြည့်တိုက်တွေက ကန့်သတ်ချက် တွေ များ တယ်လို့ ကျွန်တော်ထင်တယ်။ စည်းကမ်းတွေများတော့ လူငယ်တွေ လက်တွန့် တာပေါ့။ ကျွန်တော့်ဆီမှာတော့ စာလာဖတ်တဲ့ ကလေးတွေက ဦးဇောဇော် မုန့်ဖိုးလိုချင်တယ် ပေးပါလို့ဆိုရင်တောင် ကျွန်တော်က ပေးတာ”
စက်ဘီးလေးနဲ့ ရွေ့လျားစာကြည့်တိုက်
“စွယ်စုံကျမ်းလို တန်ဖိုးမြင့်တဲ့ စာအုပ်မျိုးတွေကိုတော့ အိမ်လိုက်ပို့ရတဲ့အခါမျိုးပဲ ငှားတယ်။ လိပ်စာကို ကိုယ်က သိထားတော့ စာအုပ်မပျောက်တော့ဘူးပေါ့” ဟု တန်ဖိုးမြင့်သည့် စာအုပ်များ ငှားရမ်းခြင်းနှင့် ပတ်သက်၍လည်း ကိုဇော်ဇော်က ပြောသည်။
ကိုယ်ပိုင် စက်ဘီးလေးမှာ စာအုပ်များ အကြိမ်ကြိမ်ပို့ရသည့် ဒဏ်ကြောင့် ရေရှည်မခံ တော့ဘဲ ဟောင်းလာကာ ပျက်သည့် အခါတွင် တွန်း၍ ပင် သွားရသည်။ လိုက်ပို့ရသော နေရာဝေးပါက ဝေးသည့်အလျောက် စက်ဘီးပေါ် စာအုပ်များတင်ကာ တွန်းပို့နေရသည်များ ရှိကြောင်းလည်း ကိုဇော်ဇော်က ဆိုသည်။
“ကျွန်တော်က စက်ဘီးလေး စီးပြီး စာအုပ်တွေ သွားပို့တယ်။ ပို့ပါများတော့စက်ဘီးက ပျက်တယ်။ ဦးကျော်သူ (နာကူ) က ကျွန်တော့်ကို စက်ဘီးလေး လှူပါတယ်။ သူက ကားတောင်ပေးတာပါ။ ကျွန်တော်က မလိုချင်ဘူး။ မောင်းလည်း မမောင်းတတ်ဘူး။ သူများ ဥစ္စာကြီးယူပြီး မလုပ်နိုင်ရင် တာဝန်ကြီးတယ်။ ကိုယ့်သမိုင်းကို ကိုယ်ရေးရတာ။ ကိုယ်နိုင်တာပဲ ကိုယ်လုပ်ပါတယ်။ American Centre ကလည်း စာအုပ်တွေ လှူသေးတယ်” ဟု မန္တလေး စာကြည့်တိုက်အတွက် ဝိုင်းကူပေးကြကြောင်းကို ပြောပြသည်။
ရွာမှာလည်း စာကြည့်တိုက်လေး လုပ်ထားတယ်
ကျောက်ပန်းတောင်းသား ဇာတိဖြစ်သော ကိုဇော်ဇော်သည် ဇာတိမြေနှင့် ဝေးသော ရန်ကုန် တွင် အခမဲ့စာကြည့်တိုက်လေး တည်ထောင်ကာ လူငယ်များ စာဖတ်လာအောင် လုပ်ခြင်းသာ မက သူ့မွေးရပ်ဇာတိ ဆီသာရွာတွင်လည်း စာကြည့်တိုက်တစ်ခု ဖြစ်မြောက် အောင်တည်ထောင် ထားသေးသည်။
ရွာစာကြည့်တိုက်ကို ကိုယ်တိုင်မစီမံနိုင်သဖြင့် အစ်မဖြစ်သူက တာဝန်ယူပြီး လုပ်ဆောင် ပေးနေပြီး အသံချဲ့စက်ဖြင့် စာပေဟောပြောပွဲ အခွေများ ဖွင့်ပေးကြောင်းလည်း ကိုဇော်ဇော် က ပြောပြသည်။
“ရွာမှာကျ ဒီလောက် မဖြစ်မြောက်ဘူး။ ဟိုမှာ စာဖတ်ဖို့ မနည်းလုပ်ရတယ်။ ခေါင်လည်းခေါင်တယ်။ စာဖတ်အား နည်းတယ်” ဟု ကိုဇော်ဇော်က မြို့နှင့် ရွာ စာဖတ်အား ကွာခြားပုံကို ဆိုသည်။
စာကြည့်တိုက်မှူးက စာပေကို တကယ်ချစ်ဖို့လိုတယ်
The Asia Foundation ၏ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်သော စစ်တမ်း တစ်ခုအရ မြန်မာတစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ထားသော စာကြည့်တိုက်များ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အများပြည်သူအသုံးပြုခြင်းမရှိဟု သိရပေသည်။ မြန်မာနိုင်ငံတွင် စာကြည့်တိုက်ပေါင်း ၅၅ ၇၅၅ ခုရှိပြီး ၄၈၆၈ ခုသာ အသုံးပြုနိုင်ကာ ပြည်သူ ၉၇ ရာခိုင်နှုန်း မှာ စာကြည့်တိုက်များ အကျိုးရှိပုံကို သိသော်လည်း အသုံးပြုမှု နည်းပါးကြောင့် အဆိုပါ စစ်တမ်းမှာ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ထိုကဲ့သို့စာကြည့်တိုက်များ ရှားပါးလာပြီး အသုံးပြုသူ လူငယ်များလည်း နည်းပါး လာကြောင်းနဲ့ ပတ်သက်၍ ကိုဇော်ဇော်က သူ့အမြင်ကို ပြောဆိုသည်။
“ခေတ်က ပြောင်းလာပြီ။ စာကြည့်တိုက်တွေ နည်းလာတယ်။ ကျရှုံးကုန်ကြတာပေါ့။ အဓိက က စာကြည့်တိုက်ကို ထူထောင်တဲ့သူက စာကြည့်တိုက်မှူးက ကိုယ့်စာကြည့်တိုက်ကို ကိုယ်တိုင် စိတ်ဝင်စားမှု ရှိဖို့လိုတယ်။ စာပေကို တကယ်ချစ်ဖို့ လိုတယ်”
စာအုပ်တွေ နှမြောတိုင်းသာ စာကြည့်တိုက် ပိတ်ပစ်ရင် ကျွန်တော် မျှော်လင့်ချက် ဘယ်ပြည့်တော့ မလဲ
စာအုပ်များကို အခမဲ့ငှားရသည့်အပြင် ငှားလိုက်သည့် စာအုပ်များကို ပြန်ပေးသူ ရှိသကဲ့သို့ ပြန်မပေးသူများလည်း အများအပြားရှိပေသည်။
“ကျေနပ်ပါတယ်။ ကျွန်တော်က ပိုက်ဆံရှိလို့ စာကြည့်တိုက် ဖွင့်တာ မဟုတ်ပါဘူး။ စာပေသမားမို့ စာကို ချစ်လို့ပါ။ တာတေ စနေသားဆိုရင် ကိုးအုပ်ဝယ်ထားတာ တစ်အုပ်ပဲ ကျန်တာ့တယ်။
စာအုပ်တွေ နှမြောတိုင်းသာ စာကြည့်တိုက် ပိတ်ပစ်ရင် ကျွန်တော် မျှော်လင့်ချက် ဘယ်ပြည့်တော့ မလဲ။ တစ်ခါတစ်ခါ ကျွန်တော် မဖတ်တတ်တဲ့ သိပ်နားမလည်တဲ့ စာအုပ်တွေရှိတယ်။ ဒါပေမဲ့ တခြားလူငယ်တွေက ညွှန်းရင် ကျွန်တော် တင်ထားလိုက်တယ်။ No 1 လို စာအုပ်မျိုးတွေ”ဟု ကိုဇော်ဇော်က ဆိုသည်။
ကိုဇော်ဇော်က လူငယ်တွေကို စာများများဖတ်စေချင်ပြီးသူကိုယ်တိုင်မှာမူ စာကြည့်တိုက်လေး ဖွင့်ပြီးသာ နေချင်ကြောင်း ပြောသည်။ကိုဇော်ဇော်၏ မန္တလေး အခမဲ့စာကြည့်တိုက်လေးသည် လှိုင်မြို့နယ် အောင်မေတ္တာ(၄)လမ်းတွင် တည်ရှိပြီး ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၀၉၂၅၆၁၁၆၇၂၇ ဖြစ်သည်။