Library Image

ယောမင်းကြီးဇရပ် (Talk Show) ခုနစ်ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ ➥ ဇွန် ၂၂ ရက်၊ စနေ၊ မွန်းလွဲ ၂ နာရီ

20/06/19



✎ တက်ရောက်လိုသူများ ကြိုတင်စာရင်း ပေးနိုင်
__________________________

✔️ နေ့ရက် - ဇွန် ၂၂ ရက်၊ ၂၀၁၉ ခုနှစ် (စနေ)၊ 
⌚ အချိန် - မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီ
???? နေရာ - နိုဗိုတယ်ဟိုတယ်၊ ပြည်လမ်း၊ ရန်ကုန်။

ဦးဆောင် ဆွေးနွေးကြမည့်သူများကို အောက်တွင် ဖော်ပြထားပါသည်။ မည်သူမဆို လွတ်လပ်စွာ လာရောက်နိုင်ပြီး တက်ရောက် ပါ၀င် ဆွေးနွေး၊ မေးမြန်းလိုသူများ အနေဖြင့် ထိုင်ခုံနေရာ (ထိုင်ခုံနေရာ) စီစဉ် ပေးနိုင်ရန် အတွက် ကြိုတင် စာရင်းပေးရန် ဖိတ်ခေါ်ပါသည်။ စာရင်းပေးလိုသူများသည် -

ဖုန်း -

☎ 09 960 839 801 
☎ 09 5188 709 
☎ 09 263 916 633 များသို့ (ရုံးချိန်အတွင်း) ဆက်သွယ်၍ လည်းကောင်း၊

အီးမေးလ် -

✉ mediaprojectmanager@ispmyanmar.com
✉ info@ispmyanmar.com များသို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း ကြိုတင်စာရင်း ပေးနိုင်ပါသည်။

ယောမင်းကြီးဇရပ် (Talk Show)
ခုနစ်ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲ

➥ ဇွန် ၂၂ ရက်၊ စနေ၊ မွန်းလွဲ ၂ နာရီ

ဥတုဘေးအတွက် လှုပ်ရှားမှု - 
အရေးပေါ်လို့ ထိုးရမယ့် ခေါင်းလောင်း 
Climate Action: More Urgent than Ever 
__________________________

ဆွေးနွေးကြမည့် သူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

❏ ဒေါက်တာသန့်မြင့်ဦး 
- U Thant House ၏ ဥက္ကဋ္ဌ ဖြစ်ပြီး စာရေးဆရာနှင့် သမိုင်းပညာရှင်လည်း ဖြစ်သည်။ Yangon Heritage Trust ကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။

❏ ဒေါက်တာထွန်းလွင် 
- မိုးလေ၀သပညာရှင် ဖြစ်ပါသည်။

❏ ဒေါ်မြတ်မိုးသွယ် 
- လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်အောက်ရှိ ညှိနှိုင်းဆောင်ရွက်ရေးနှင့် သုတေသနဌာန၏ ညွှန်ကြားရေးမှူး ဖြစ်သည်။

❏ ဒေါက်တာထွန်း၀င်း 
- လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနတွင် နှစ် ၃၀ ကြာ တာ၀န် ထမ်းဆောင်ခဲ့သော စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင် ဖြစ်သည်။

❏ ဒေါက်တာမြင့်ဇော် 
- သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိထားသော သဘာ၀ ပတ်၀န်းကျင် ဆိုင်ရာ ပညာရှင် ဖြစ်သည်။

❏ ဦးတင်အေး 
- မြန်မာနိုင်ငံ သစ်တော အသင်း၏ အတွင်းရေးမှူးဖြစ်ပြီး သစ်တောဌာန၌ နှစ်ပေါင်း ၃၃ နှစ်ကြာ တာ၀န် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

❏ ဒေါ်ဒေဝီသန့်စင် 
- သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှား ဆောင်ရွက်နေသူ တဦးဖြစ်ပြီး အစိမ်းရောင် ကွန်ရက် တာ၀န်ခံ ဖြစ်သည်။

❏ ကိုအောင်ခန့် 
- မြို့ပြဖွံ့ဖြိုးရေးနှင့် စီမံအုပ်ချုပ်ရေး ဆိုင်ရာ လူငယ် အသိ ပညာရှင် တဦးဖြစ်သည်။

❏ မသန္တာလှိုင် 
- ရာသီဥတု ဖောက်ပြန်မှုနှင့် ပတ်သက်ပြီး သတိပြုကြရန် အသိပေး ရေးသားနေသော Role Model & Social Influencer တဦး ဖြစ်သည်။

❏ မသင်းသဉ္ဇာစိုး 
- Miss Teen Earth Myanmar 2018 ဖြစ်ပြီး Air Quality Yangon အဖွဲ့၀င်တဦး ဖြစ်သည်။

❏ ဒေါက်တာသူရိန်လှိုင်၀င်း 
- Hello ဆရာ၀န် ၀က်ဘ်ဆိုက်၏ တာ၀န်ခံ အယ်ဒီတာတဦး ဖြစ်ပါသည်။

❏ ဒေသခံတဦး 
- လပွတ္တာမြို့နယ်၊ ပြင်စလူဒေသ ကျေးရွာများမှ နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသခံများ ကိုယ်စားဖြစ်သည်။

ယခုနှစ်များတွင် ပို၍ ပူလာသည်၊ အချို့ဒေသများတွင် ပိုဆိုးသည်။ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များ အရ အချို့သော မြို့ များတွင် ယခင်ကထက် အပူစံချိန် ချိုးသည်။ ဧပြီလ ၂၄ ရက်တွင် ပုသိမ်မြိုသည် ၄၁ ဒသမ ၈ ဒီဂရီ စင်တီ ဂရိတ်ဖြင့် နှစ်ပေါင်း ၇၃ နှစ်အတွင်း အပူဆုံး စံချိန် ဖြစ်ခဲ့သည်။ ကျန်ဒေသများလည်း အပူချိန် မြင့်မားလာသည်။ အပူဒဏ်နှင့်အတူ ရေရှား ပြတ်လပ်သည့် သတင်းများလည်း ဒေသ အနှံ့အပြားတွင် ကြားလာရသည်။ သေချာသည်က အပူဒဏ်ကို လူတိုင်း သိသာစွာ ခံစားလာရသည်။ ဆောင်းဥတုဆိုသော ခံစားမှုပင် ပျောက်ဆုံးလုနီးပါး ဖြစ်လာသည်။ ဥတုစက်၀န်း မမှန်တော့ပေ။ ရေထု၊ လေထု၏ ဖောက်ပြန်မှုများက သိသာထင်ရှားလာသည်။

တဆက်တည်း ဖြစ်လာသည်က မိုးရာသီ ရောက်လျှင် ရေကြီးမည့်ဒဏ်ဖြစ်သည်။ ယခင် ၂၀၁၈ ခုနှစ်က ရေကြီးသဖြင့် လူပေါင်း ၁၂၀,၀၀၀ ကျော် အိုးအိမ် စွန့်ပစ် ရေဘေးဒုက္ခသည် ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်ကဆိုလျှင် လူပေါင်း ၁၄၀,၀၀၀ ကျော် ရေဘေး ဒုက္ခသည် ဖြစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်က ပို၍ များသည်။ လူပေါင်း ၄၇၀,၀၀၀ ခန့် ရေဘေး ဒုက္ခသည် ဖြစ်ခဲ့ရသေးသည်။ ထိုသူများသည် တနှစ်တည်း ဒုက္ခခံစားရသည် မဟုတ်၊ နှစ်စဉ်နှစ်တိုင်း ရေဘေး ဒုက္ခသည်ဘ၀ ရောက်နေကြရခြင်း ဖြစ်သည်။

အဆိုပါ ဥတုစက်၀န်း ဆိုးဒဏ် အပြောင်းအလဲများက နာဂစ်မုန်တိုင်းဒဏ် ခံရပြီးနောက်ပိုင်း ပို၍ သိသာလာခဲ့ခြင်း ဖြစ်သည်။ နာဂစ် မုန်တိုင်းသည် ခေတ်သစ် သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ရပ်တခု ဖြစ်ခဲ့သည်။ မြန်မာပြည်သူပေါင်း ၁၃၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ ပစ္စည်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ဆုံးရှုံးခဲ့ပါသည်။ ထိုဆုံးရှုံးမှုမှာပင် မရပ်တန့်ခဲ့ပေ။ သန်းနှင့်ချီသော ပြည်သူများ၏ ဘ၀ကို နာဂစ်မုန်တိုင်းက အလှည့်အပြောင်း ဖြစ်စေခဲ့သည်။ နာကျင်ဖွယ်ရာများ မပြီးဆုံးနိုင်သေးပါ။

မြန်မာနိုင်ငံအနေဖြင့် သဘာ၀ ကပ်ဘေးများနှင့် ရှောင်လွှဲ၍ မရနိုင်တော့ပါ။ နိုင်ငံရေးစနစ် ပြောင်းလဲမှု အသက်၀င်ခြင်း၊ မ၀င်ခြင်းကို သဘာ၀ကပ်ဘေးများက စောင့်ဆိုင်းနေမည်လည်း မဟုတ်ပါ။ ဆိုးဝါး ပြင်းထန်သော ရာသီဥတု အခြေအနေများကြောင့် မြန်မာသည် ကမ္ဘာပေါ်၌ ဒုတိယ အဆိုးဝါးဆုံး သဘာ၀ ကပ်ဘေး အန္တရာယ် ကျရောက်နိုင်ဖွယ် ရှိသည့် နိုင်ငံတခုအဖြစ် အချို့ သုတေသနများတွင် အခိုင်အမာ ပြောဆိုထားသည်။ ဥတုဖောက်ပြန် ပြောင်းလဲမှုအတွက် တုံ့ပြန်ဆောင်ရွက်ခြင်းသည် မနက်ဖြန်မှ လုပ်ရမည့် ကိစ္စ မဟုတ်တော့ပါ။ အချိန်မဆိုင်းဘဲ ချက်ချင်း ထလုပ်ရတော့မည့် အရေးပေါ် ကိစ္စတခု ဖြစ်လာသည်။

ဤသို့သော ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကို ကမ္ဘာတခုလုံး ကြုံတွေ့နေရပါသည်။ ယခုနှစ်တွင်အမေရိက၌ နှင်း မုန် တိုင်းကြီးများကြခဲ့ရသည်။ ဥရောပ နိုင်ငံများတွင် အပူလှိုင်းဖြတ်သည်။ ရေခဲတောင်များ အရည်ပျော်သဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်။ မြစ်ချောင်းများ ရေခမ်းသည်။ တောမီးများလောင်သည်။ ပင်လယ် ရေငွေ့ပျံမှု များ၍ မုန်တိုင်းများက ပို၍ကြီးမား ပြင်းထန်လာသည်။ ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်မှ ၂၀၁၆ ခုနှစ် (၁၉- နှစ်တာ ကာလအတွင်း ပြင်းထန် ဆိုးရွားသည့် ရာသီဥတုဖြစ်ရပ် ၁၁,၀၀၀ ကြုံတွေ့ခဲ့သည်။ လူပေါင်း ၅၂၄,၀၀၀ သေဆုံးခဲ့ရသည်။ ပျက်စီးဆုံးရှုံးရမှု ပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၆ ထရီလီယံ ရှိခဲ့သည်ဟု ကုလသမဂ္ဂက ဆိုပါသည်။ ဟားဗတ် တက္ကသိုလ်မှ အိုဇုန်းလွှာနှင့် CFC (Chlorofluorocarbons) အကြောင်း လေ့လာနေသူ ပါမောက္ခ ဂျိမ်းစ် အင်ဒါဆင်က အာတစ်ဝင်ရိုးစွန်းရှိ ရေခဲပြင်ကို သက္ကရာဇ် ၂၀၂၂ ရောက်လျှင် မြင်ရကိန်း မရှိတော့ဟု ဆိုသည်။ ပြီးခဲ့သည့် ၃၅ နှစ်တာ ကာလအတွင်း ရေခဲပြင်၏ ၇၅-၈၀ ရာခိုင်နှုန်းက အရေပျော်ခဲ့ပြီးပြီ။ ယနေ့ ကာလ ပင်လယ်ပြင် အပူချိန်လည်း ၁၀ ဒီဂရီ စင်တီဂရိတ် ပို၍ပူနွေးနေခဲ့ပြီ။ ဤသို့ ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၃ သန်းက Eocene Epoch ကာလသို့ အလျှင်အမြန် ကူးပြောင်းနေပြီ။ လူသားတို့ အနေဖြင့် ကိုယ့်အသက် ကိုယ်ကယ်တင်ရန် အချိန်ငါးနှစ်သာ ကျန်တော့သည်ဟု သူက ဆိုပါသည်။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲခြင်းကို ကာကွယ်ရန် နိုင်ငံတကာ မိသားစုက ကြိုးပမ်းခဲ့ကြသည်။ ၁၉၉၂ ခုနှစ် ရီယိုမြေကမ္ဘာ ထိပ်သီးညီလာခံ (Rio Earth Summit)၊ နောင် သုံးနှစ် စ်အကြာတွင် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် မူဘောင် UN Framework Convention on Climate Change (UNFCCC)၊ နောက်ပိုင်း ကျိုတို သဘောတူညီချက် (Kyoto protocol) နှင့် ပါရီ သဘောတူညီချက် (Paris agreement) များ ပြုလုပ်၍ တကမ္ဘာလုံး ဖန်လုံအိမ် အာနိသင်ရှိသည့် ဓာတ်ငွေ့ စွန့်ထုတ်မှု လျှော့ချစေရေးနှင့် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုကို ဝိုင်းဝန်း တားဆီးရေးတို့အတွက် ကြိုးပမ်းနေကြသည် ၁၉၉၄ ခုနှစ် နိုဝင်ဘာလတွင် UNFCCC မူဘောင်ကို မြန်မာနိုင်ငံက ပါ၀င် လက်မှတ် ရေးထိုးခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ကျိုတို သဘော တူညီချက်ကို အသိအမှတ် ပြုသည်။ ပြီးခဲ့သည့် ဇွန်လ ၅ ရက် (ကမ္ဘာ့ပတ်ဝန်းကျင် ထိန်း သိမ်းရေးနေ့) တွင် မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က “မြန်မာနိုင်ငံ အမျိုးသား ပတ်ဝန်းကျင်ရေးရာ မူဝါဒ နှင့် အမျိုးသား အဆင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာ” တို့ကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

သဘာဝ ဖောက်ပြန် ပြောင်းလဲမှုကြောင့် ဆိုလျှင် စိုက်ပျိုးရေးနှင့် သစ်တော၊ ဇီဝသတ္တ စုံလင် ထွေပြားမှု၊ ကမ်းရိုးတန်း ဇုန်များ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး၊ ရေ အရင်းအမြစ်၊ မြို့ပြလူနေမှု၊ လူမှု-စီးပွား ကဏ္ဍများ ဘက်ပေါင်းစုံ အပေါ် ထိခိုက် သက်ရောက်မှု ရှိစေတော့မည်။ မိမိတို့၏ နေထိုင်မှု ဘဝပုံစံကို ပြောင်းလဲ ကြရတော့မည် ဖြစ်သည်။

ထို့နည်းတူ ငြိမ်းချမ်းရေးမှသည် စီးပွားရေး၊ မြို့ပြ တည်ဆောက်ရေးနှင့် နိုင်ငံခြားရေး အစရှိသော အရေးပေါင်းများစွာတွင် ဥတုပြောင်းလဲမှု အန္တရာယ်ကို အလေးအနက် ထည့်သွင်း စဉ်းစားသော အမြော်အမြင်၊ မဟာဗျူဟာနှင့် မူဝါဒအလေ့အထများကို မွေးမြူ အသက်သွင်း ရတော့မည် ဖြစ်သည်။ အခြား တဖက်တွင်လည်း ယခုမှ ထလုပ်လျှင်ပင် နောက်ကျသည့် အခြေအနေတွင် ရှိနေပါသည်။ ကြုံတွေ့ရနေသည့် ဥတုဘေးကို ရင်ဆိုင်နိုင်ရန် အဆင်သင့် ပြင်ဆင်မှုများလည်း ပို၍ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ အရေးကြီးသော အခြေအနေတွင် မည်သို့ ရင်ဆိုင်ကြပါမည်နည်း။ မည်သို့ ပြင်ဆင်ကြပါမည်နည်း။ ယခုတပတ် ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲတွင် ဥတုဘေးကို ကာကွယ်ရန် တိုက်တွန်း နှိုးဆော်နေကြသူများ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူများ၊ ပညာရှင်များက ပြည်သူအများ ပါ၀င်၍ အတူလက်တွဲ လုပ်ဆောင်နိုင်မည့် အကြောင်းအချက်များကို ဆွေးနွေးကြမည် ဖြစ်ပါသည်။