Book Image

စာအုပ်အမည်_ ထာဝရ
ဘာသာပြန် _ တင်မောင်မြင့်
မူရင်းစာအုပ် _ VALENTINA 
မူရင်းစာရေးဆရာ_ EVELYN ANTHONY
ထုတ်ဝေသည့်တိုက် _ဒဏ္ဍာရီ စာအုပ်တိုက် (မန္တ​လေး) 
ထုတ်ဝေသည့်နှစ် _ဇွန်​လ ၊ ၂၀၁၇ (ဒုတိယအကြိမ်)
မျက်​နှာဖုံး _ ဗဂျီလင်းဝဏ္ဏ
စာမျက်နှာ _ ၂၇၃
တန်ဘိုး _ ၃၀၀၀

ဒီစာအုပ် မထွက်ခင် တစ်ရက် စာသမား မိတ်ဆွေကြီး တစ်ယောက် နဲ့ လက်​ဖက်​ရည်​ အတူ သောက်ရင်း စကားပြော ဖြစ်တော့ ကျွန်တော် မနေ့ကပဲ ဆရာတင်မောင်မြင့် ကို ဂါရဝပြု သွားတွေ့ပြီး စကားပြော ဖြစ်ခဲ့ကြတယ် လို့ ပြောမိတယ် ။ 
သူက ချက်ချင်းပဲ ဆရာတင်မောင်မြင့် ဆို "ထာဝရ " စာအုပ်​ ကို အရမ်း စွဲလမ်းခဲ့တာ လို့ ပြောတော့ ကျွန်တော်လဲ ဝမ်းသာသွားတယ် ။

ဒါနဲ့ ထာဝရ အကြောင်း မေးကြည့်တော့ သူ ဖတ်ခဲ့တာ ကြာပြီ ဆိုတော့ ပြန်တော့ မပြောတတ်တော့ဘူး ၊ ဒါပေမယ့် ကြမ်းတမ်း ရက်စက်တဲ့ စစ်​ပွဲ နဲ့ မိန်းမလှလေး အကြောင်း ဆိုတာပဲ ငါ့ညီ ရေ လို့ ပြောပါတယ် ။ 

ကြမ်းတမ်းရက်စက်တဲ့ စစ်ပွဲတွေ နဲ့ မိန်းမလှ လေး က ဘယ်လို များ ပက်သက်သလဲ ဆိုတော့ 



ပြင်သစ် စစ်ဘုရင် နပိုလီယံ က ဇာဘုရင် ရဲ့ ရုရှား ကို သွားရောက်တိုက်ခိုက် ခဲ့တဲ့ အကြောင်း ကို အခြေခံ ထားတဲ့ ဇာတ်လမ်း တစ်ပိုဒ် ။
ယောက်ျားသားတွေ ၊ တိုက်ခိုက် သတ်ဖြတ်မှုတွေ ကြားထဲ ကံဇာတ်ဆရာ အလိုကျ မလွဲမရှောင်သာ ပါဝင်ကပြ ခဲ့ရတဲ့ မိန်းမချောလေး ဗလင်တီးနာ ။ 

နပိုလီယံ မျက်စောင်းထိုးနေတဲ့ ရုရှ ကို သွားရောက်တိုက်ခိုက် မယ့် လမ်းမှာ ပိုလန်ပြည် က ခံနေတယ် ။ ပြင်သစ် သြဇာ ခံယူလိုသူ တွေက တစ်ဘက် ၊ ရုရှ ကို လိုလားသူ တွေက တစ်ဘက် နဲ့ ပိုလန် မှာလဲ အုပ်စု နှစ်စု ကွဲနေတယ် ။ 
နိုင်​ငံ​ရေး အရ ပြင်သစ် ရဲ့ ခြေလှမ်းကို သိရအောင် နပိုလီယံ ရဲ့ စစ်ဗိုလ်ချုပ် တွေ ဆီက အတွင်း သတင်းတွေ ရအောင် လို့ သူလျို အနေနဲ့ ပိုလန် မြို့စားကြီး ဂရူနော့စကီ ရဲ့ မိန်းမချောလေး ဗလင်တီးနာ ကို ပိုလန်အစိုးရ က တာဝန်ပေးလိုက်တယ် ။ 

ဂုဏ်မက်တဲ့ ဖခင်ကြောင့် ကိုယ့်ထက် အသက်ကြီးတဲ့ မြို့စားကြီး ဂရူနော့စကီ ကို လင်ယောက်ျား အဖြစ်​ လက်ခံခဲ့ပေမယ့် ဗလင်တီးနာ က ရိုးသား အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်ပါတယ် ။ ဗလင်တီးနာ က သူလျို မလုပ်ချင်တဲ့ အတွက် မြို့စားကြီး က ကြာပွတ် နဲ့ ရက်​ရက်​စက်​စက်​ ရိုက်နှက်ပြီး ဆုံးမခဲ့တယ် ။ 
ရိုးသားဖြူစင်တဲ့ မိန်းမလှလေး နဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ သူလျို လုပ်ငန်းက မပီပြင်တော့ ဗလင်တီးနာ ရဲ့ ပစ်မှတ် ပြင်သစ် ဗိုလ်ချုပ်မူးရတ် က ရှောင်ထွက်သွားပြီး ထောက်လှမ်းရေးမှုး ဗိုလ်မှုးကြီး ဒီရှာဗယ်လ် ကို တာဝန်ပေး လိုက်တယ်.။ 

ဗလင်တီးနာ ကို ပညာပေးဖို့ လုပ်နေတဲ့ ဗိုလ်မှုးကြီး ဒီရှာဗယ်လ် တစ်ယောက် သူ့ယောက်ျား ရိုက်ထားတဲ့ အရှိုးရာတွေ မြင်တွေ့လိုက်ရပြီး ဗလင်တီးနာ အပေါ် သနား ချစ်ခင် မေတ္တာသက်ဝင် သွားတယ် ။

လူရမ်းကား မြို့စားကြီး လက်ထဲက ဗလင်တီးနာ ကို ဒီရှာဗယ်လ် ကယ်တင်ခဲ့ပြီး ရုရှ စစ်မြေပြင် ကို စစ်တိုက် ထွက်သွားတယ်။

ကျူ းကျော်လာတဲ့ ပြင်သစ် စစ်တပ်ကို စစ်ရေး နည်းဗျူဟာ သာတဲ့ ရုရှားတွေ က မြေလှန်စနစ် နဲ့ ရိက္ခာ ၊ သောက်ရေ အကုန်ဖျက်စီးပစ်လိုက်လို့ နပိုလီယံ ရဲ့ တပ်တွေ ပြုတ်ပြုတ်ပြုန်း ပြီး ဆုတ်ခွာခဲ့ရတယ် ။ 

စစ်မြေပြင် မှာ ပြင်သစ်တပ်တွေ မရှုမလှ ရှုံးနိမ့်သွားတယ် ဆိုတဲ့ သတင်း ဗလင်တီးနာ ဆီ ရောက်လာတယ် ။ ဒီရှာဗယ်လ် အပေါ် တစ်သက်မှာ တစ်ခါပဲ ဖြစ်ပေါ်လာနိုင်တဲ့ အချစ်မျိုး နဲ့ ချစ်မိသွား တဲ့ ဗလင်တီးနာ တစ်ယောက် ကြမ်းတမ်း ရက်စက်တဲ့ ရုရှစစ်မြေပြင် ကို အရောက်သွားပြီး ချစ်ရသူ ကို လိုက်ရှာပါတော့တယ် ။ 

ဗိုလ်မှူးကြီး ဒီရှာဗယ်လ် ရဲ့ အစောင့်အရှောက် ကနေ ကင်းလွတ် သွားတဲ့ ဗလင်တီးနာ ကို မြို့စားကြီး ဂရူနော့စကီ ကလဲ ကိစ္စတုံး စီရင်ဖို့ လိုက်ရှာနေပါတယ် ။ 
ဗလင်တီးနာ ရဲ့ ကံကြမ္မာ ဘယ်လိုများ ဖြစ်မလဲ ဆိုတာကို စိတ်ဝင်တစား နဲ့ ဖတ်လိုက်တာ စာအုပ်ပြီးဆုံး သွားတာတောင် ခံစားချက် က တငွေ့ငွေ့ ကျန်နေဆဲပဲ ။

Ko Kyaw Lwin (5:00 pm, 18.7.2017)


Publisher Name: ဒဏ္ဍာရီ စာအုပ်တိုက်

Publisher Address: အမှတ်(၁၉၈) ၊ ၂၉ လမ်း ၈၀ နှင်​့ ၈၁ လမ်းကြား မန္တ​လေး

Publisher Phone Number: ၀၉ ၂၀၀၃၆၄၆


Related Books