Book Image

ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း (ဝတ္တုတိုစု)

ဒီနိုဗို

စာအုပ်အမည် - The Elephant Vanishes 
စာရေးသူ - #မူရာကာမိ
ဘာသာပြန်စာအုပ်အမည် - ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း (ဝတ္တုတိုစု)
#ဒီနိုဗို ပြန်ဆိုသည်
စာအုပ်တိုက် - Global Peace Group
ပထမအကြိမ်၊ ၂၀၁၄ ဇွန်လ 
ဖြန့်ချိရေး - 09 425028118
တန်ဖိုး - ၂၅၀၀ ကျပ်
စာမျက်နှာ - ၂၀၂ မျက်နှာ

ဒီစာအုပ် ကိုယ့်စာအုပ်စင်ပေါ်ရှိနေတာ တော်တော်ကြာပြီ ထင်ပါတယ်။ ၂၀၁၆ ကတည်းကပဲ ဘာလို့များ မဖတ်မိလဲ မပြောတတ်ဘူးပေါ့။ ခုတစ်လောမှ ဆရာဒီနိုဗိုလက်ရာတွေကို အသည်းအသန်လိုက်ဖတ်။ သူ့ဘာသာပြန် ချောမွေ့မှုမှာ ပျော်မွေ့လို့။

ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်းမှာ ဝတ္တုတို ရပုဒ်ပါဝင်တယ်။ အဲဒီထဲမှာ ထူးခြားချက်က ဆရာမြင့်သန်း ဘာသာပြန်တဲ့ ပြတင်းတစ်ပေါက်နှင့် အခြားဝတ္တုတိုများ မှာပါတဲ့ ဝတ္တုတို ၃ ပုဒ်နဲ့ ထပ်နေတာပဲ။ အဲဒါတွေကတော့ လှပသော ဧပရယ်မနက်ခင်းတစ်ခုတွင် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံသော ကောင်မလေးကို တွေ့လိုက်ရခြင်း၊ ပြတင်း နဲ့ ကချေသည် လူပုလေးတို့ ဖြစ်တယ်။ ဆရာမြင့်သန်းကတော့ အဲဒီခေါင်းစဉ်တွေကို ကနေတဲ့ လူပုကလေး၊ လှပတဲ့ ဧပြီလ တစ်မနက်ခင်းမှာ ၁၀၀% ပြီးပြည်စုံလှတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ခဲ့ရတယ် နဲ့ ပြတင်းပေါက်တစ်ပေါက်ဆိုပြီး ဘာသာပြန်တယ်။ ဆရာမြင့်သန်း စာအုပ်ကို မဖတ်ရသေးပါဘူး။ ကိုသားကြီးရေးတဲ့ အညွန်းကိုတော့ ဖတ်မိတယ်။


ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်းမှာ ပါတဲ့ ဝတ္တုတိုတွေက
၁) ကျိန်စာတစ်ခု ပျက်ပြယ်ဖို့အရေး ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို လုယက်ရတဲ့ လင်မယား၊ ညကြီး သန်းခေါင် စားစရာ ဘာမှ မရှိတဲ့အချိန်မှ ဗိုက်ထဆာပြီး မူရာကာမီ တွေးမိတွေးရာတွေးပြီး ရေးထားတဲ့ စာတစ်ပုဒ်ဖြစ်မလားပဲ။ လုယက်တာက မက်ဒေါနယ်ဆိုင်။ လုခဲ့တဲ့ ပစ္စည်းက ဟန်ဘာကာ အလုံး ၃၀။ <<ဒုတိယအကြိမ် ပေါင်မုန့်ဆိုင် လုယက်မှု အကြောင်း>>

၂) လှပတဲ့ ဧပရယ်လမှာ လမ်းလျှောက်နေရင်း မျက်နှာချင်းဆိုင်က သိပ်လှပတယ် မဟုတ်ပေမယ့် ပြီးပြည့်စုံလွန်းတဲ့ ကောင်မလေးကို တွေ့လိုက်တယ်။ သူဘယ်လို စကားမျိုးနဲ့ နှုတ်ဆက်ရင် ကောင်းမလဲလို့ တွေးတောနေတုန်း ကောင်မလေးဟာ လူအုပ်ကြားထဲမှာ ပျောက်ကွယ်လို့သွား။ ဘာလို့များ သူအတွက် ဒီကောင်မလေးဟာ ပြီးပြည့်စုံလွန်းလဲလို့ အမျိုးမျိုး စိတ်ကူးကြည့်မိတယ်။ <<လှပသော ဧပရယ် မနက်ခင်း တစ်ခုတွင် ၁၀၀ ရာနှုန်း ပြည့်စုံသော ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရခြင်း>>

၃) အိပ်မက်ဆိုးတစ်ခု၊ သို့မဟုတ် အိပ်မက်လို့ ယူဆရတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွါးသွားပြီးနောက်ပိုင်း အိပ်စက်ခြင်းကို မလိုအပ်တော့ပဲ စာဖတ်ခြင်းနဲ့ ရေကူးခြင်းကိုပဲ လိုအပ်တော့တဲ့ အသက်သုံးဆယ်ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်..အဲဒီိအိပ်မက်ဆိုးမျိုး (သို့မဟုတ်) အိပ်မက်လို့ ယူဆရတဲ့ အဖြစ်အပျက်မျိုး ကိုယ်မှာလည်း ဖြစ်ချင်သွားတယ်။ ဒါဆို အိပ်ရတဲ့ တစ်ရက် ၆နာရီကို စာတွေ ဖတ်ပလိုက်မယ်။ <<အအိပ်>>

၄) ငယ်ငယ်က သိပ်ရင်းနှီးကြတဲ့ မောင်နှမနှစ်ယောက် 
“ကျွန်တော် ဆယ့်ခုနစ်နှစ်သား အရွယ် ကွန်ဒုံး ပထမဆုံး ဝယ်တာကို သူ သိသလို သူ ဆယ့်ကိုးနှစ် သမီးမှာ ပထမဆုံး ဇာနားတပ် အတွင်းခံ ဝယ်တာကိုလည်း ကျွန်တော် သိခဲ့တယ်”
ဒီလို ရင်းနှီးတဲ့ နှစ်ယောက် နည်းနည်း အရွယ်ရလာတော့ မျက်နှာကြောမတည့်တော့ဘူး။ ဒီကြားထဲ ညီမဖြစ်သူက သူကြည့်မရတဲ့ ပုံစံနဲ့ ဘဲတစ်ပွေနဲ့ ဒိတ်တယ်။ ဒိတ်တာတင်မကတော့ပဲ လက်ထပ်ဖို့အထိ ပြင်ဆင်။ သူက အုပ်ထိန်းသူအနေနဲ့ အိမ်ကို လိုက်တွေ့ရ။ သူတို့ စုံတွဲ ဖိတ်ကျွေးတဲ့ ညစာတွေကို စားရ။ မနာလိုစိတ်ကြောင့် သူမွန်းကျပ်ခဲ့တာလား။ အဓိပ္ပါယ်ဖွင့်ဖို့ ခက်လိမ့်မယ်။ အဲဒါမျိုး အဖြစ်အပျက်တွေကို “မိသားစု အရေး” လို့ ခေါ်လို့ရမလား။
၅) ပြတင်း၊ … ပေးစာတွေကို စာပြန်ပေးရတဲ့ အလုပ်၊ စာတွေကို ပိုပြီးကောင်းအောင် ဘယ်လို့ရေးရမလဲလို့ အကြံဉာဏ်ပေးတဲ့အလုပ်ကို လုပ်တဲ့ ကောင်လေးတစ်ယောက်ဟာ တစ်ဖြည်းဖြည်း အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်နဲ့ အလုပ်သဘောအရ၊ စာသွားလာကြရင်း ခင်မင်မိကြတယ်။ စည်းမျဉ်းအရတော့ စာပို့သူနဲ့ စာပြန်သူနှစ်ဦးတို့ဟာ ပုဂ္ဂိုလ်ရေးအရ ခင်မင်ခွင့် မရှိကြပေမယ့် ဒီတစ်ခါတော့ သူတို့ နှစ်ဦးဟာ အပြင်မှာ တွေ့ခဲ့ကြတယ်။ အမျိုးသမီးက ကောင်လေးကို အမဲကင် ဟမ်ဘာကာကို နေ့လည်စာအဖြစ် ကိုယ်တိုင်ပြုလုပ်ပြီး ကျွေးမွေးခဲ့တယ်။ သူတို့ နှစ်ဦးဟာ ဘယ်စည်းကိုမှ မကျော်ခဲ့ပါဘူး။ နောက်တစ်ခါလည်း လူချင်းမတွေ့တော့ဘူး။ 
<<ကျွန်တော် တတ်နိုင်တာက သူမရှိနိုင်မယ့် နေရာကို ရထားပေါ်က ကြည့်နေမိတာပဲ။ တစ်ခါတစ်ရံ ကျွန်တော့် စိတ်ထဲမှာ ဒီပြတင်းပေါက်တွေ အကုန်လုံးက သူမ ပြတင်းပေါက်တွေပဲလို့ ထင်လာမိတယ်။ တစ်ခါတစ်ရံမှာတော့ ဒီပြတင်းပေါက်တွေ တစ်ခုမှ သူမ ပြတင်းပေါက်တွေ မဟုတ်ဘူးလို့ ထင်မိပြန်တယ်။ ပြတင်ပေါက်တွေကတော့ အများကြီး ရှိနေခဲ့တယ်။>>

၆) အကတော်လွန်းတဲ့ လူပုလေးတစ်ယောက်ဟာ ဆင်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်ထဲ ကျူးကျော်ဝင်ရောက်လာတယ်။ အိပ်မက်ထဲမှာ လူပုလေးက ကောင်လေးကို လာလာကပြတယ်။ အဲဒီလူပုလေးက နာမည်ဆိုးနဲ့ ကျော်ကြားသူ။ သူ့ကြောင့် နန်းတော်ကြီးမှာ ပုန်ကန်မှုကြီးဖြစ်ပေါ်ပြီး ဘုရင်သေခဲ့ရတယ်လို့ ယုံကြည်ကြတယ်။ အဲဒီကတည်းက လူပုလေးကို လိုက်ဖမ်းနေကြလို့ တောထဲမှာ ပုန်းရှောင်နေရတယ်။ တစ်ရက်တော့ ကောင်လေးက သူ့လိုပဲ ဆင်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့ ကောင်မလေးတစ်ယောက်ကို သဘောကျမိတယ်။ ကောင်မလေး သူ့ကို ပြန်သဘောကျဖို့ သူလုပ်နိုင်တာက ကပွဲခန်းမမှာ ကောင်းကောင်းကပြဖို့။ ဒါပေမယ့် သူက မကတတ်ဘူး။ လူပုလေးက ကောင်လေးကိုယ်ထဲ သူဝင်ပြီး ကပေးမယ်လို့ဆိုတယ်။ သို့ပေမယ့် အဲဒီကနေတဲ့ တစ်လျှောက် ကောင်မလေးဆီက အချစ်ကို မရမချင်း စကားတစ်ခွန်းမှ မပြောရဘူး။ တစ်ကယ်လို့ စကားပြောခဲ့ရင် ကောင်လေးကိုယ်ကို သူပိုင်သွားမယ်ဆိုတဲ့ လောင်းကစားနဲ့ပေါ့။ ကောင်လေးမှာ ရွေးစရာမရှိဘူး။ လူပုလေးကို သူ့ကိုယ်ထဲ ပေးဝင်လိုက်တယ်။ သူနဲ့ အကဟာ တစ်သားထဲကျအောင်ကတယ်။ ကပွဲခန်းမထဲမှာ သူက အက၊ အကဟာ သူဖြစ်သွားအောင် ကတယ်။ ဒီကောင်လေး ဘာများဖြစ်သွားမလဲ…. သူ့အကကို ဘယ်ကောင်မလေးမှ မကြိုက်ပဲ မနေနိုင်ပါဘူး။.. <<ကချေသည် လူပုလေး>>

၇) နောက်ဆုံး တစ်ပုဒ်ကတော့ ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း။ 
မြို့တစ်မြို့မှာ အရင်က တိရိစ္ဆာန်ရုံတစ်ရုံရှိခဲ့ပြီး အဲဒီတိရိစ္ဆာန်ရုံကို ပိတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ အခြား တိရိစ္ဆာန်တွေကတော့ နေရာအသီးသီးမှာ လက်ခံမယ့် တိရိစ္ဆာန်ရုံတွေရှိခဲ့ပေမယ့် အိုမင်းနေတဲ့ ဆင်အိုကြီးကိုတော့ ဘယ်သူမှ မလိုချင်ကြဘူး။ ဒါနဲ့ပဲ မြို့လေးဟာ ဒီဆင်အိုကြီးကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆင်ကြီးနေဖို့ ဆင်လှောင်ရုံဆောက်တယ်။ ဆင်ထိန်းကြီးနဲ့ တူတူထားတယ်။ ကျောင်းသားတွေရဲ့ နေ့လည်စာ အကျန်တွေကို ဆင်ကြီးကို ကျွေးတယ်။ တစ်ရက်မှာတော့ ဆင်ကြီးရော၊ ဆင်ထိန်းရော လုံးဝ ပျောက်ဆုံးသွားခဲ့တယ်။ ဆင်ကို ချည်တဲ့ သံကြိုးဟာနဂိုအတိုင်း။ ခပ်ထားတဲ့ သော့လည်း ပျက်မနေဘူး။ သော့တံတွေဟာလည်း နဂိုနေရာမှာပဲ။ သို့ပေမယ့် ဆင်နဲ့ ဆင်ထိန်းကတော့ ထူးဆန်းစွာ ပျောက်ဆုံးလို့။ မြို့ထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ပြင်မှာပဲဖြစ်ဖြစ် ဆင်တစ်ကောင်ကို ဖွက်ထားဖို့ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး။ သို့ပေမယ့်လည်း ဆင်ဟာ ဘယ်မှာမှ ရှာမရပဲ ပျောက်ဆုံးလို့ သွားပြီ။ ဆင်ကို နောက်ဆုံး တွေ့လိုက်တဲ့ သူတွေဟာ ညနေစာလာကျွေးတဲ့ ကလေးတွေလို့ ဆိုကြပေမယ့် တကယ်တမ်းတော့ နောက်ဆုံး တွေ့လိုက်သူက ဇာတ်ကြောင်းပြောသူဖြစ်နေတယ်။ ဆင်ကြီး ဘယ်ရောက်သွားလဲ…
ဒီစာအုပ်လေးကို ဖတ်ရတာ စိတ်ကျေနပ်မှု အပြည့်ရမှာပါ။..

#မယ်ကျွိ
နေ့လည် ၁နာရီ ၁၈မိနစ်
၂၂ရက် ဇူလိုင်လ ၂၀၁၇။ စနေနေ့။


Publisher Name: Global Peace Group


Related Books