Book Image

သစ္စာရှင်

မောင်ထွန်းသူ

စာရေးဆရာ - မောင်ထွန်းသူ
စာအုပ်အမည် - သစ္စာရှင်
မူရင်း - The Keys of the Kingdom by A.J.Cronin
ပုံနှိပ်မှတ်တမ်း - ၂၀၁၀ ဒီဇင်ဘာ (တတိယအကြိမ်)
ထုတ်ဝေသည့်တိုက် - စိတ်ကူးချိုချို
စာမျက်နှာ - ၅၃၂
တန်ဖိုး - ၄၀၀၀ ကျပ်

ကရိုနင်ရဲ့ ဝတ္ထုတွေထဲ ဟိုဝတ္ထုဟာ အကောင်းဆုံး ဒီဝတ္ထုဟာ အကောင်းဆုံး အမျိုးမျိုးသတ်မှတ်ကြပေမယ့် ကျွန်တော်ကတော့ ကရိုနင်စာအုပ်မှန်သမျှ အကုန်ကောင်းတယ်လို့ ယူဆတယ်။ ကရိုနင်ကို ရဲတိုက်ဝတ္ထုကြီးကနေ စပြီးစွဲလမ်းခဲ့တာ။ နှစ်လောက အကျဉ်းစံ အခုနောက်ဆုံး သစ္စာရှင်အထိ မကြိုက်တဲ့စာအုပ် မရှိဘူး။ နောက် ကြယ်စင်များကကြည့်နေသည်နဲ့ တကျွန်းစံ၏ အပြန်လမ်းကို ဖတ်ရဦးမယ်။



သစ္စာရှင်က ခရစ်ယာန်သာသနာပြု ဘုန်းတော်ကြီး ဖာသာဖရန်စစ်ချစ္စဟိုးလ်ရဲ့ ဘဝကို ရေးသားထားတာ။ ဖာသာချစ္စဟိုးလ်ဟာ ဂိုဏ်းအုပ်ဘုန်းကြီးတွေ သင်းအုပ်ဘုန်းကြီးတွေ ချမ်းသာကြွယ်ဝပြီး စည်းစိမ်ခံနေကြတာကို သဘောမကျဘူး။ ဘာသာရေးနဲ့ ပတ်သက်ပြီး သဘာဝမကျတဲ့အမြင်တွေ အမြင်ကျဉ်းတာတွေကို မကြိုက်ဘူး။ ဘာသာအားလုံး မွန်မြတ်တယ်ဆိုတဲ့ စိတ်ထားမျိုးရှိသူ။ အဲ့ဒီအယူအဆတွေကြောင့်ပဲ သူဟာ သူ့အထက်က ဘုန်းကြီးတွေနဲ့ အဆင်မပြေဘူး။
`ဘုရားသခင်က ဖန်ဆင်းထားသော လူသတ္တဝါများသည် သောကြာနေ့တွင် သိုးသားပြုတ်ကြော်စားလျှင် အနှိပ်စက်ခံရမည် ဟူသော အချက်မျိုးကို ကျွန်ုပ် မယုံကြည်နိုင်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဘဝတူ လူသားများကို ချစ်ပါဟူသော အခြေခံအချက်များအပေါ်၌ ယုံကြည်သက်ဝင်နေလျှင် ကိစ္စပြီးသည်ဟုပင် ထင်ပါသည်။´ လို့ ဖာသာ ဖရန်စစ်ချစ္စဟိုးလ်က ပြောတယ်။

ချစ္စဟိုးလ်ဟာ ကလေးဘဝတည်းက ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ အရင်ဆုံး သူ့အဖေနဲ့ အမေဆုံးတယ်။ နောက် သူ့မိဘကျန်ခဲ့တဲ့ ပစ္စည်းတွေကို မောင်ပိုင်စီးတဲ့သူတွေ လက်ထဲမှာ ဆင်းရဲပင်ပန်းစွာနေခဲ့ရတယ်။ အဲ့ဒီလူတွေ လက်ထဲကလွတ်မြောက်ပြီး လူကောင်းသူကောင်းလက်ထဲရောက်တယ်။ အရွယ်လေးရောက်လာတော့ ငယ်ငယ်ကတည်းက သံယောဇဉ်ရှိရတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်ဆုံးရှုံးရတယ်။

သူချစ်တဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက် စွန့်ခွာသွားတဲ့နောက် ချစ္စဟိုးလ်ဟာ သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်။ ကျမ်းစာသင်ကျောင်းပြီးလို့ လက်ထောက်သင်းအုပ်ဘုန်းကြီး ဘဝမှာလည်း သူ့အထက်က `ဒါလုပ် မလုပ်ရင်အပြစ်ဖြစ်မယ်´ ဆိုတာလောက်သိတဲ့ ဘုန်းကြီးတွေနဲ့ အဆင်မပြေဘူး။ သူ့ရဲ့တိုးတက်သောအမြင်ဟာ ရှေးရိုးစွဲဘုန်းကြီးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။

နောက်ဆုံးမှာ ချစ္စဟိုးလ်ဟာ သူလေးစားချစ်ခင်တဲ့ ဘုန်းတော်ကြီးတပါးရဲ့ တာဝန်ပေးချက်အရ တရုတ်ပြည်ကို သာသနာပြုဖို့ထွက်လာတယ်။ တရုတ်ပြည်ကိုရောက်တော့ ဘုရားရှိခိုးကျောင်းက အစသူ့ဟာသူဆောက်ပြီး သာသနာပြုခဲ့တယ်။ သူ့ဘာသာဝင်ဖြစ်ဖို့ စည်းရုံးတဲ့အခါမှာ သူ့အရင် ဘုန်းတော်ကြီးတွေလုပ်သလို ဒေသခံတွေကို ငွေပေးတာတို့ ဆန်ပေးတာတို့ လုပ်ပြီး မသိမ်းသွင်းဘူး။ တကယ်ယုံကြည်သက်ဝင်တဲ့ လူတွေဖြစ်လာအောင်ပဲ ကြိုးစားတယ်။

ဖာသာချစ္စဟိုးလ်ဟာ အဲ့ဒီနေရာလေးမှာ ကပ်ရောဂါဆိုးကြီးကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ အာဏာချင်းပြိုင်တဲ့ စစ်ပွဲကြားမှာ သူ့စောင့်ရှောက်ထားတဲ့ သူ့ဘာသာဝင်တွေ ကလေးတွေကို ကာကွယ်ပေးခဲ့တယ်။ ဖာသာချစ္စဟိုးလ်ကိုကြည့်ပြီး သုခမြို့တော်ထဲက ဘုန်းတော်ကြီး ကိုဗာစကီးကိုတောင် သတိရမိတယ်။
ကလေးဘဝတည်းက အခက်အခဲ ဒုက္ခတွေရင်ဆိုင်ခဲ့ရတဲ့ ချစ္စဟိုးလ်ဟာ အိုမင်းမစွမ်းအရွယ်ထိ အေးအေးဆေးဆေးမနေရဘူး။ သူ့ဘဝဟာ အမြဲတမ်း ရုန်းကန်လှုပ်ရှားနေရတယ်။ သူဟာ သူ့ဘာသာ သူ့သာသနာအတွက် အစွမ်းကုန်လုပ်ခဲ့ပေမယ့် သူ့အတွက်ဘာမှ မယူခဲ့ဘူး။ သူ့ရဲ့ တိုးတက်တဲ့ အယူအဆတွေကြောင့် ဘယ်သူနဲ့မှ အဆင်မပြေဘူး။

အပေါ်မှာပြောခဲ့သလို ဒီဝတ္ထုဟာလည်း ကရိုနင်ရဲ့ ဝတ္ထုကောင်းတွေထဲက တစ်အုပ် ဆရာမောင်ထွန်းသူရဲ့ ဘာသာပြန်လက်ရာကောင်းတွေထဲက တစ်အုပ် ဖြစ်ပါကြောင်း။

ကျော်သက်ခိုင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books