Book Image

နော်ရင်မွှေး

မြသန္တာ

နော်ရင်မွှေး 
ရေးသူ _ မြသန္တာ
စိတ်ကူးချိုချို ၂ဝ၁၇ သြဂုတ်လ စတုတ္ထအကြိမ် 
အုပ်ရေ ၅ဝဝ တန်ဖိုး ၄၀ဝဝ ကျပ် စာမျက်နှာ ၃၇၂
မျက်နှာဖုံးပန်းချီ မှတ်တမ်းမပါရှိပါ..

ဒီစာအုပ်လေးစဖတ်ဖူးတုန်းက တက္ကသိုလ်ပထမနှစ် ဖတ်ရင်းနဲ့ အစပိုင်းမှာတင် နော်ရင်မွှေးရယ် ဇာတ်နာလွန်းတယ်ဆိုပြီး ဆက်မဖတ်ဖြစ်တော့တာ..ဒီနောက်ပိုင်း ပြန်ဖတ်ချင်လာလို့ ရှာတော့ ဘယ်မှာမှ မရတော့ဘူး.. တစ်နှစ်လောက်ရှိသွားပြီထင်တယ်.. မနေ့က စိတ်ကူးချိုချိုရဲ့ ပိုစ့်မှာ ပြန်ထုတ်လိုက်ပြီဆိုတာမြင်လိုက်တော့ တအားပျော်သွားတာ..ဒီနေ့တစ်ရက်တည်းနဲ ့အပြီး ဖတ်ပစ်တော့တဲ့အထိ....


အသက် ၁၇ နှစ်အရွယ် နော်ရင်မွှေးဟာ ဖအေနဲ့ အစ်မဖြစ်သူရဲ့ အုပ်ထိန်းမှုအောက်မှာ ကလေးဆန်လို့ ကောင်းတုန်းမှာပဲ အချစ်ဦး ကျောင်းဆရာလေးနဲ့ ချစ်မိကြတယ်... ဆရာ့အပေါ် စွဲစွဲလမ်းလမ်းချစ်မိတယ်..ဆိုးတယ်.. နွဲ့တယ်.. ဒါပေမဲ့ ကံကြမ္မာဆိုးဟာ အဖော်အပေါင်းတွေနဲ့ အတူ နော်ရင်မွှေးဆီ ရောက်လာတယ်.. အစ်မဖြစ်သူ မီးဖွားဖို့ ညကြီးမင်းကြီး တစ်ဖက်က ဆေးမှုးတို့ သူနာပြုတို့ရှိတဲ့ရွာကို ဖအေနဲ့အတူ ပို့ရင်း လမ်းတစ်ဝက်မှာတင် အစ်မဖြစ်သူ မီးဖွားရင်းဆုံးတယ်.. အကူအညီပြေးခေါ်တဲ့ ဖအေဖြစ်သူ ပိုးထိလို့ဆုံးတယ်..လက်ထဲမှာ ကလေးမလေး နော်သဲဆူးကို ပွေ့ထားရင်း လောကကြီးအလယ်မှာ မျက်လုံးလေးကလယ်တယ်တယ်နဲ့ ကျန်ခဲ့ရှာတော့တယ်..ဒါပေမဲ့ သူမာန်တင်းတယ်.. ဒီကလေးမလေးကို သူမွေးမယ်.. ဒီလို ခေါင်တဲ့ တောရွာတောင်ရွာတွေမှာ လူနာသူနာတွေကို ပြုစုစောင့်ရှောက်ပေးမယ့် ဆရာဝန်မလေးဖြစ်အောင် ပျိုးထောင်မယ်..ဒါဟာ နော်ရင်မွှေးရဲ့ ရည်မှန်းချက်သံန္နိဋ္ဌာန်....... 

ဒီရည်ရွယ်ချက်ကြောင့်ပဲ နော်ရင်မွှေးဟာ ကြုံလာသမျှကို ကြံ့ကြံ့ခံတယ်.. ဗေဒါမ လို ပန်းပန်မပျက် အံခဲတယ်.. ဆယ်တန်းမှာ ဒီလေးလုံးပါပေမယ့် ဆေးကျောင်းသူဘဝကို စွန့်တယ်..စာပေးစာယူတက်ရင်း သူနာပြုသင်တန်းတက်တယ်.. ပြီးတော့သူကိုယ်တိုင်က ချစ်လှပါပြီဆိုတဲ့ ဆရာလေးကို စွန့်ခဲ့တယ်... ဘာပဲဖြစ်ဖြစ် နော်သဲဆူးလေး မိစုံဖစုံဖြစ်ပါစေတော့ဆိုပြီး ခဲအိုဖြစ်သူနဲ့ ကြိတ်မှိတ်လက်ထပ်ဖို့ ပြင်တယ်... ဒါပေမဲ့ ခဲအိုဖြစ်သူရဲ့ ပွေရှုပ်တဲ့အထုပ်ဟာ ယူခါနီးဆဲဆဲကျမှ ပေါ်လာတော့ ရင်မွှေးတစ်ယောက် အရှက်ကွဲရတာသာပိုပြန်တယ်.. ဒါနဲ့ ရင်မွှေးလည်း သဲဆူးလေးကို သူ့အားသူကိုးပြီး မွေးဖို့ မန္တလေးကို ပြောင်းတယ်.. လင်သေသွားတဲ့ ကလေးအမေ မုဆိုးမဘဝကို ခံယူတယ်.. သူနာပြုဆရာမဘဝမှာ စိတ်နှစ်ရင်း သမီးလေးအတွက် ငွေကို ကြိုးစားရှာတယ်.. ဒီဘဝမှာပဲ ဒေါက်တာဟန်ကြည်နဲ့ ဆုံပြန်တယ်.. ဒေါက်တာဟန်ကြည်ဟာ နော်ရင်မွှေးအပေါ် စိတ်ဝင်စားမိတယ်... ပတ်ဝန်းကျင်ကလည်း သတိထားမိတယ်.. ရင်မွှေးကလည်းသိတယ်.. သမီးဖြစ်သူကလည်း ကြည်ဖြူတယ်.. ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့မလိုစကားတွေကြောင့် သမီးလေးထိခိုက်မှာရယ်.. ဂုဏ်မက်တဲ့ဟန်ကြည်တို့အသိုင်းအဝိုင်းကြောင့်ရယ် နော်ရင်မွှေးဟာ ဒေါက်တာ ကမ်းတဲ့လက်ကို ပယ်ချခဲ့တယ်... 

ဒီအချိန်မှာ နော်ရင်မွှေးရဲ့ ဘဝထဲကို ပြန်ဝင်လာတာက ဆရာ..ငယ်ကချစ် မမေ့သာဆိုသလို ပြန်ရောက်လာတဲ့ဆရာ့အတွက် နော်ရင်မွှေးရဲ့ ချစ်ခြင်းမေတ္တာတွေဟာ လတ်ဆတ်နေတုန်းပဲ. သုံးယောက်တစ်ဘဝထူထောင်ဖို့အထိ ရည်မှန်းမိကြတယ်.. ဒါပေမဲ့ အကြောင်းကြောင်းကြောင့် နော်သဲဆူးလေးကို ငဲ့ပြီး ချစ်သူနှစ်ယောက်ခမျာ ထာဝရဝေးကွာရတော့တယ်.. ဘာပဲဖြစ်ဖြစ် နော်ရင်မွှေးအတွက် သမီးလေးနော်သဲဆူးသည်သာ နံပါတ်တစ် ဖြစ်နေတုန်းပဲ ... ဒါပေမဲ့ နော်သဲဆူးလေးကို သူထာဝရပိုင်ဆိုင်နိုင်ပါ့မလား... လယ်ထဲကလာတဲ့ နော်သဲဆူးလေးဟာ ဆရာဝန်ဘဝနဲ့ လယ်ထဲကလူတွေကို အကျိုးပြုရမယ်ဆိုတဲ့ နော်ရင်မွှေးရဲ့ ရည်မှန်းချက် ဖြစ်မြောက်ပါ့မလား...ဘဲဥကို ဝပ်မိလို့ ကမ်းစပ်မှာ ပျာယာခတ်နေရှာတဲ့ ကြက်မကြီးကို မြင်တိုင်း ကျရတဲ့ နော်ရင်မွှေးရဲ့မျက်ရည်တွေကို နော်သဲဆူးလေး သိနိုင်ပါ့မလား.....နောက်ဆုံး အဖေရင်းဖြစ်သူနဲ့ ချစ်သူကတစ်ဖက်.. အမေအတု အဒေါ်မိထွေး နော်ရင်မွှေးကတစ်ဖက် ဆွဲတဲ့လွန်ပွဲပဲ ထားပါတော့..ဒီပွဲမှာ နော်သဲဆူးလေးက ဘယ်သူ့ကိုအနိုင်ပေးပါ့မှာပါလိမ့်.... 

ကျနော်ကတော့ ဖတ်ရင်းနဲ့ နော်ရင်မွှေးကို ချစ်လည်းချစ်တယ်..သနားလည်း သနားတယ်.. နော်သဲဆူးနဲ့ ဆရာအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာက ကြီးမားလှသလို ဒေါက်တာဟန်ကြည့်အပေါ်ထားတဲ့ သူ့ရဲ့အဖြူထည်မေတ္တာရယ်.. ဝေးလံခေါင်သီပြီး ဆရာဝန်ဆေးဝါးသူနာပြု မရောက်နိုင်တဲ့အရပ်ဒေသတွေအပေါ်ထားတဲ့ သူ့ရဲ့စေတနာဟာ တကယ့်ကိုလေးစားစရာကောင်းနေတယ်... နော်သဲဆူးလေးနဲ့ပတ်သက်ပြီး ကြီးမိတဲ့သူ့အတ္တဟာလည်း သူပေးဆပ်ခဲ့ရတာတွေနဲ့ ယှဉ်လိုက်ရင် တကယ်ပမွှားပါ.. ချေတော့ မချေကောင်းဘူးပေါ့လေ..မေတ္တာဆိုတာ ငါ ဒီလောက်ပေးဆပ်ခဲ့တယ် ဒီလောက်ပြန်ယူမယ်လို့ လုပ်မကောင်းတဲ့အရာပဲမဟုတ်လား... နော်ရင်မွှေးဟာ အဲ့ဒီလုပ်မကောင်းတဲ့အရာကို လုပ်မသွားခဲ့ဘူး..အဖြူထည်သက်သက်နဲ့စွန့်လွှတ်ပေးဆပ်ခဲ့တယ်...
နောက်ဆုံး နှုတ်ဆိတ်ထွက်ခွာချိန်အထိ သူ့ရဲ့ ကြေမွနေတဲ့အသည်းတစ်စုံက ဒဏ်ရာတွေ ဗလဗွနဲ့..ဘာဆို ဘာမှ ပြန်မတောင်းသွားခဲ့ဘူး..ယူမသွားခဲ့ဘူး.. ဒါကြောင့်ပဲ နော်ရင်မွှေးဟာ စာဖတ်သူကျနော်တို့ရဲ့ရင်ထဲမှာ မရိုးနိုင်တဲ့အလှနဲ့ လှမြဲလှနေခဲ့တာ ဖြစ်ပါလိမ့်မယ် ..........

ဇိ ( 20.7.17)
@ စာသမားများ


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books