Book Image

ကြောင်တွေနေတဲ့မြို့

တေဇာ (လရောင်လမ်း)

ဘာသာပြန်စာအုပ်အမည် - ကြောင်တွေနေတဲ့မြို့ 
ဘာသာပြန်သူ - တေဇာ (လရောင်လမ်း)
မူရင်းစာရေးသူ - Haruki_Murakami
ထုတ်ဝေသူ - နှစ်ကာလများစာပေ
လိပ်စာ - အမှတ် ၁၀၄၊ အပေါ်ဆုံးထပ် (က)၊ အောင်ဇေယျလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ 
ဖုန်း-09795278595, 09254848048 
ပထမအကြိမ်၊ မေလ ၂၀၁၇။ 
စာမျက်နှာ - ၃၂၇ မျက်နှာ 
တန်ဖိုး - ၄၀၀၀ ကျပ်။ 

မူရာကာမိကို၊ နှစ်ကာလများကို ရင်းနှီးပြီးသား။ စိတ်ချလက်ချအားပေးလို့ရတယ်။ မမှားနိုင်ဘူးဆိုတဲ့ နာမည်နှစ်ခု။ ဘာသာပြန်သူ ကိုတေဇာ (လရောင်လမ်း) ကိုတော့ ကိုယ်မသိဘူး။ ကိုယ်မသိဘူးဆိုပေမယ့် သူက သူ့ပရိတ်သတ်သူ အခိုင်အမာရထားပြီးသား စာရေးသူ၊ ဘလော့ကာတစ်ယောက်။ ဒီစာအုပ်ဖတ်ပြီးမှ သူ့ဘလော့ဆီတောင် သွားလည်မိသေးတယ်။ စာရေးညက်ပြီး ဘာသာပြန်ချောတယ်။ 

ဒီစာအုပ်ကို ဇူလိုင်လလည်လောက်က ဝယ်ခဲ့ပြီး Yangon Book Plaza မှာတင်တစ်ပုဒ် မြည်းကတည်း သဘောကျနေခဲ့ပြီးသား။ အိမ်ပြန်ရောက်ပြီးမှသာ ရောရောရောင်ရောင်နဲ့ မောင်ဘမောင် (မြင့်သန်း)ကို သွားဖတ်လိုက်မိတာ ခုမှ ကြောင်တွေနေတဲ့ မြို့ဆီ ရထားကြီးဆိုက်ရောက်တော့တယ်။ ဖတ်မိတော့လည်း လက်ကမချနိုင်အောင်ပဲ။ ဝတ္တုတို ဆယ်ပုဒ်မှာ တစ်ချို့ကတော့ တစ်ခြားသောစာအုပ်တွေနဲ့ ထပ်နေတယ်။ အဲဒါကြောင် မဖတ်ပဲ ကျော်ချလိုက်တယ်။ နောက်ကျမှ ဘာသာပြန်လက်ရာနှစ်ခုကို ယှဉ်ဖတ်ကြည့်မယ်လို့ စိတ်ကူးမိတယ်။ 




ဒီစာအုပ်မယ်ပါတဲ့ ဝတ္တုတိုတွေကတော့
၁) ကားမောင်းသူ
၂) အထီးကျန်
၃) ရဟတ်
၄) အချစ်နဲ့ထိတွေ့ခြင်း
၅) တိရစ္ဆာန်ရုံ သေဆုံးခြင်း
၆) ပျားရည်မုန့် 
၇) ခီဟာရာဇာ
၈) ပင်လယ်အော်
၉ ) ကြောင်တွေနေတဲ့မြို့
၁၀) မနေ့က 

၁) ကားမောင်းသူ ဝတ္တုတိုကို မြန်မာလို ဘာသာပြန်သူ မရှိသေးလို့ထင်တယ်။ ဒီဝတ္တုတိုကို ဖတ်ဖူးတာကတော့ ဟိုတစ်လောကထွက်တဲ့ Men Without Women ထဲမှာ။ သရုပ်ဆောင်တစ်ယောက် သူ့ကားကိုမောင်းဖို့ အမျိုးသမီးယာဉ်မောင်းတစ်ယောက်ငှားတဲ့ အကြောင်း။ အဲဒီအမျိုးသမီးမှာ မိန်းမဆန်တဲ့ အမူအယာတွေမရှိပဲ၊ ကားမောင်းကျွမ်းကျင်တဲ့အကြောင်း။ သူတို့နှစ်ဦးကြားထဲက ဆက်ဆံရေး။ သရုပ်ဆောင်ရဲ့ ဘဝဇာတ်ကြောင်းတွေကို အချိုးညီညီချပြထားတဲ့ ဝတ္တုတစ်ပုဒ်။ ထွေထွေထူးထူး ထူးခြားတယ်တော့ မဟုတ်ဘူး။ ယာဉ်မောင်းသူ အမျိုးသမီးကို စိတ်ဝင်စားဖွယ်ရေးထားတယ်။ မိန်းမမရှိပဲ နေတဲ့ ယောကျာင်္းတစ်ယောက်ရဲ့ အကြောင်းကိုတွေ့ရတယ်။ ဒါပါပဲ။ ကြုံလို့ ညွန်းချင်သေးတာက Men Without women စာအုပ်ကိုပဲ။ အဲဒိစာအုပ် မြန်မာပြန်တော့ မတွေ့မိသေး။ ခေါင်းစဉ်အတိုင်းပဲ အကြောင်းအမျိုးအမျိုးကြောင့် မိန်းမမရှိပဲနေနေတဲ့ ယောကျာင်္းတွေအမျိုးမျိုးအကြောင်းကို စိတ်ဝင်စားစရာရှုထောင့်ပေါင်းစုံက ရေးပြထားတာ။ ဖတ်လို့တော်တော်ကောင်းတဲ့ စာအုပ်တစ်အုပ်။ မြန်မာပြန်ကို မျှော်မိတာပဲ။ 

၂) အထီးကျန် တိုနီတခိတနိဆိုတဲ့ ကပြားအမည်ကြောင့် အထီးကျန်ခဲ့ရတဲ့ ဇာတ်ကောင်။ ဂျပန်စစ်စစ်ဖြစ်ပေမယ့် သူ့အဖေ မိတ်ဆွေ၊ သူ့ရဲ့ ခေါင်းကိုင်ဖခင်ပေးခဲ့တဲ့ တိုနီဆိုတဲ့ အမည်ကြောင့် ကျောင်းမှာ မျိုးမစစ်ကောင်လို့ ခေါ်ဆိုခံရ။ သူ့ကို မွေးမွေးပြီးချင်း ဆုံးသွားတဲ့ အမေ။ အဖေက သူ့ကို နွေးထွေးမှုမရှိလှ၊ သူအဖေက လူချစ်လူခင်ပေါများလှပေမယ့်လို့ သူ့ကိုတော့ သားတစ်ယောက်အနေနဲ့ ဂရုစိုက်မှု မပေးခဲ့ဘူး။ သူသားအတွက် အမည်ကိုတောင် ပေးဖို့မစဉ်းစားမိခဲ့တာပဲ ကြည့်တော့။ တိုနီတခိတနိရဲ့ အဖေက မိန်းမရှုပ်တယ်၊ ရှုပ်ဆို မိန်းမတွေက သူ့ကိုကြိုက်ကြတာ၊ ဂီတသမား၊ စစ်တွင်းကာလမှာ ဒိတ်ဒိတ်ကြဲတွေနဲ့ သူက ပေါင်းသင်းတယ်။ ဟိုလူတွေကလည်း သူ့ကိုခင်တယ်။ ဘဝကို ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းတယ်။ တိုနီတခိတနိကို ရလာတဲ့ အခါကျတော့လည်း သားတစ်ယောက်ရယ်လို့ ဂရုမစိုက်လှဘူး။ တိုနီကလည်း အဲဒါကို နေသားကျတယ်။ တစ်အိမ်ထဲနေကြပေမယ့် စကားရယ်လည်း မပြောဘူး။ တိုနီကြိုက်တာက စက်ပစ္စည်းတွေကို ပုံတူဆွဲတာ။ ပုံဆွဲတော်တယ်။ အသေးစိပ်လေးအထိကို တိတိကျကျဆွဲနိုင်တာမျိး။ ဒီလိုနဲ့ ကြီးလာတော့ ဗိသုကာပညာရှင်လို ဖြစ်လာတယ်။ ငွေကြေးချမ်းသာလာတယ်။ တစ်ရက် သူသဘောကျတဲ့ မိန်းခလေးကို တွေ့တယ်။ လက်ထပ်တယ်။ အဲဒီတော့မှ တစ်ဘဝလုံး သူအသားကျလာတဲ့ အထီးကျန်မှုကြီးကို သူသတိပြုမိတော့တယ်။ သူ့မိန်းမမရှိပဲ ပြန်နေရမယ့် ဘဝကိုတောင် ကြောက်မိတယ်။ ကံတရားက ဘယ်တော့မှ မင်းသားလေးနဲ့ မင်းသမီးလေးနဲ့ တစ်သက်လုံး ပျော်ရွင်ချမ်းမြေ့စွာ နေကြလေသတည်း မလာဘူး။ အမြဲခြွင်းချက်တွေရှိတာပဲ။ 

၃) ရဟတ်။ မဖတ်ပဲ ကျော်လိုက်တဲ့ အပုဒ်။ စပွန်းနစ်ချစ်သည်းမှာ ဒီအခန်းကို ဖတ်ပြီးသားကြီး။ မူရာကာမိထုံးစံအတိုင်း ဝတ္တုအတိုလေးတွေရေးတယ်။ ပြီးတော့ အဲဒါကြီးကနေ တစ်ခြားတစ်ခြားတွေ ချိတ်ပြီး အရှည်ပြန်လုပ်ပစ်တတ်တယ်။ ငယ်ငယ်က အိမ်မှာ ဟင်းတစ်ခွက်ကို ရုပ်ပြောင်းရုပ်လွဲလုပ်တတ်တဲ့ မေမေ့လိုပဲ။ ဒီထဲက မိန်းခလေးက မြို့တစ်မြို့ကိုရောက်တယ်။ အဲဒီမှာ သူအခန်းတစ်ခန်းငှားနေပြီး အပန်းဖြေနေတယ်။ အဲဒီမြို့က ဘဲတစ်ပွေက သူ့ကို သဘောကျတယ်။ သူကတော့ သဘောကျလှတယ် မဟုတ်ဘူး။ တစ်ရက်မှာတော့ မြို့ကို အပေါ်ကနေမြင်ရတဲ့အထိ မြင့်တဲ့ ရဟတ်ကြီးကို သူသွားစီးတယ်။ မြကျွန်းသာထဲက ရဟတ်ကြီးလို ဖြစ်မှာပေါ့။ သူသွားစီးတဲ့အချိန်က ညနေခင်း။ ပန်းခြံပိတ်ခါနီးအချိန်။ သူ့အခန်းကို သူပြန်မြင်ရလောက်တဲ့ အချိန်မှာ ပန်းခြံပိတ်ပြီး မမျှော်လင့်ပဲ ရဟတ်ထဲမှာ သူပိတ်မိနေတယ်။ သူအခန်းပြတင်းပေါက်ကို သူပြန်ကြည့်တော့ ကုတင်ပေါ်မှာ မိန်းခလေးတစ်ယောက်ထိုင်နေတယ်။ ယောကျာင်္းတစ်ယောက်က ရေချိုးခန်းထဲက ထွက်လာတယ်။ သူတို့တွေ လိင်ဆက်ဆံကြတယ်။ အဲဒီိမိန်းမက သူကိုယ်တိုင်ပဲဖြစ်နေတယ်။ သူဝတ်ထားတဲ့ အကျီင်္ စကပ်၊ အတွင်းခံက အစ အတူတူပဲ။ အဲဒီအဖြစ်အပျက်တွေ အကုန်လုံးကိုကြည့်ပြီးတော့ သူဟာ အသက်၂၅နှစ်မိန်းခလေးကနေ ဆံပင်တွေအကုန်ဖြူဖွေးနေတဲ့ မိန်းမတစ်ယောက် အသွင်ပြောင်းသွားတယ်။ လိင်စိတ်လည်း ပျောက်ဆုံးသွားတယ်။ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ ဖတ်ကြည့်စေချင်တယ်။ ဒီဝတ္တုတိုကိုတင်မဟုတ်ပဲ ဆရာ ဒီနိုဗိုဘာသာပြန်တဲ့ စပွန်းနစ်ချစ်သည်းကိုပါ ဖတ်ကြည့်စေချင်တာ။ 

၄) အချစ်နှင့်ထိတွေ့ခြင်း။ 
အိပ်ယာနိုးလာပြီး ကိုယ်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာပဲ သိပြီးတော့ ကျန်တာ ဘာမှမသိတော့တဲ့ အဖြစ်မျိုး ကြံုဖူးလား။ ဘယ်နေရာကို ရောက်နေမှန်းလည်းမသိဘူး။ ဘာကြောင့် ရောက်နေမှန်းလည်း မသိဘူး။ ဗိုက်ဆာတာကတော့ သေတော့မတတ်။ မိသားစုကိုလည်း မသိတော့ဘူး။ စစချင်းမှာ ကာဖကာရဲ့ စာလိုမျိုး အကောင်ကြီးများ ဖြစ်သွားတာလားလို့ ထင်မိသေးတယ်။ သို့ပေမယ့် မဟုတ်ဘူး။ သူက လူအနေနဲ့ပဲ ရှိနေတာ။ ဒါပေမယ့် ဘာမှမသိတော့တာ။ ရုပ်စွအဆုံး အဝတ်ကို ဘယ်လိုဝတ်ရမယ်မှန်း မသိတော့တာ။ အိမ်အောက်ထပ်ဆင်းတော့ ထမင်းစားခန်းမှာ ပြင်ထားပြီးသား မနက်စာဝိုင်း။ လူသူလေးပါးတော့ မရှိဘူး။ ဗိုက်ဆာလွန်းလို့ အငန်းမရ စားလိုက်တယ်။ ခဏနေတော့ သော့ပြင်ဖို့ဆိုပြီး ခါးကုန်းမလေး တစ်ယောက် အိမ်တံခါးမှာ ဘဲလ်လာတီးတယ်။ မြို့ထဲမှာ စစ်ကြောင့် ဒုက္ခတွေ အကြီးအကျယ်ရောက်နေချိန်မှာ ဘာလို့ တံခါးတစ်ချပ်ရဲ့ သော့လေးပျက်တာကို အရေးတကြီးနဲ့ ခေါ်ရလဲလို့ မေးတယ်။ သူ့မှာ အဖြေမရှိဘူး။ အဝတ်တောင် မဝတ်တတ်လို့ ရိုးရှင်းလွန်းတဲ့ ဂါဝန်ကြီးကို ကောက်စွပ်ထားရတာ မလား။ ခါးကုန်းမလေး တံခါးသော့ကို စစ်ဆေးပြင်ဆင်နေတာကို ကြည့့်ပြီး သူဟာ အချစ်ကို ထိတွေ့မိတယ်။ ခါးကုန်မလေးနဲ့ စကားတွေ ဆိုချင်တယ်။ သူ့အကြောင်း ကိုယ့်အကြောင်းပြောချင်တယ်။ နောက်တစ်ခါထပ်တွေ့ချင်တယ်။ တစ်ချိန်ထဲမှာပဲ ဂါဝန်အောက်က သူ့အကောင်က မငြိမ်နေတော့ဘူး။ ကောင်မလေးကလည်း မြင်လေရဲ့။ ဘယ်ဟာက အချစ်လဲ။ ဘာဆက်ဖြစ်လဲ။ ပိတ်ကားပေါ်မှာ ရှုစားပါ။ 

၅) တိရစ္ဆာန်ရုံ သေဆုံးခြင်း
ဒါလည်း ဖတ်ဖူးတယ်။ ဘယ်နားပါလဲ စဉ်းစားမရတော့ဘူး။ ကလေးမလေးက စစ်ဖြစ်လို့ ထွက်ပြေးရတဲ့ ဂျပန်သဘောင်္ပေါ်မှာ။ ပင်လယ်ကြမ်းပြင်ကနေ ရုတ်တရပ် အမေရိကန် ရေငုတ်သဘောင်္ကြီး ပေါ်လာတယ်။ သူ့တို့ သဘောင်္တစ်စီးလုံးကို မြုပ်ပစ်ဖို့ သေနတ်တွေနဲ့ ထိုးချိန်ပြီးမှ ရုတ်တရပ် ရေအောက်ထဲကို ပြန်ပျောက်သွားပြန်ရော။ သဘောင်္တစ်စီးလုံးက လူတွေဟာ သေမင်းနှုတ်ခမ်းဝကနေ ပြန်လွတ်လာတဲ့ လူသားတွေ။ တစ်ချို့က ရက်ပေါင်းများစွာ ငိုကြွေးကြတယ်။ တစ်ချိန်ထဲမှာပဲ ကောင်မလေးရဲ့ အဖေ တိရစ္ဆာန်ဆရာဝန်ကတော့ သူအလုပ်လုပ်တဲ့ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေကို သေနတ်သမားတွေရဲ့ သတ်ဖြတ်ခြင်းကို လက်ခံလိုက်ရတယ်။ အကြောင်းရင်းကတော့ တိရစ္ဆာန်တွေကို ကျွေးဖို့ အစာမရှိတော့တာနဲ့ လွတ်သွားခဲ့ရင် လူတွေကို ရန်ပြုနိုင်တာကြောင့်ပဲ။ သတ်ပစ်ရတဲ့ အကောင်တွေကတော့ ကျား၊ ကျားသစ်စတဲ့အကောင်တွေ၊ နောက်ဆုံး သတ်ရမှာက ဆင်ကြီး နှစ်ကောင်။ အဲဒီဆင်ကြီးတွေကိုတော့ ကျည်ဆန်ကို ခြွေတာတဲ့အနေနဲ့ မသတ်ပဲ ထားခဲ့လို်က်တယ်။ သေနတ်ပစ်ရတဲ့ စစ်သားလေးတွေ ခင်မျာ စစ်မြေပြင်မှာပဲ သူသေကိုယ်သေ တိုက်ပွဲဝင်ချင်တယ်။ ဒီလို အကောင်တွေကို ပစ်သတ်ရတာ စိတ်ပင်ပန်းလှတယ်တဲ့။ တိရစ္ဆာန်ဆရာဝန်ဟာ သူကုသ ပြုစုပေးထားတဲ့ အကောင်တွေရဲ့ အလောင်းတွေကို ဘယ်လိုစွန့်ပစ်ရမလဲ ကြံရာမရတဲ့အဆုံး တရုတ်တွေကို ပေးလိုက်တယ်။ သူတို့တွေဟာ ဒီအလောင်းတွေကို ကောင်းကောင်း အသုံးပြုကြလိမ့်မယ်လေ။ နောက်ဆုံး သူဟာ မြက်ခင်းပြင်မှာ လဲအိပ်ပြီး အနားယူလိုက်တယ်။ 

၆) ပျားရည်မုန့် … သိပ်ဉာဏ်ထက်မြက်တဲ့ ဝက်ဝံလေးအကြောင်းက အစချီတယ်။ ကလေးတစ်ယောက်ကို ချော့သိပ်ဖို့ စကားပြောတတ်၊ သချာင်္တွက်တတ်တဲ့၊ ပျားရည်အရှာကောင်းတဲ့ ဝက်ဝံတစ်ကောင်ကို စိတ်ကူးယဉ်ပြီး ဖန်တီးထားတာ။ နောက်တော့ အဲဒီဝက်ဝံဟာ ပျားရည်မုန့်ပါလုပ်တတ်လာတယ်။ မြို့ထဲမှာ သွားရောင်းတယ် ပိုက်ဆံရတယ်ပေါ့။ ကလေးလေးက ဇာတ်ကောင် သဘောကျတဲ့ ကောင်မလေးက မွေးတဲ့ သမီးလေး။ ကောင်လေးနှစ်ယောက် ကောင်မလေးတစ်ယောက် တက္ကသိုလ်မှာ သူငယ်ချင်းဖြစ်ကြတယ်။ ဇာတ်ကောင်က ကောင်မလေးကို သဘောကျနေတယ်လို့ သူ့ကိုယ်သူ ထင်နေတုန်းမှာ ဟိုနှစ်ယောက်က ကိစ္စဝိစ္စတွေ ဖြစ်သွားခဲ့ပြီ။ နောက်ကျ ဇာတ်ကောင်က စာရေးဆရာဖြစ်လာတယ်။ ဟိုနှစ်ယောက်က မင်္ဂလာဆောင်တယ် ကလေးမွေးတယ်။ နောက် ကောင်မလေးကိုထားပြီး ဟိုသူငယ်ချင်းက အသစ်တစ်ယောက်နဲ့ တွဲတယ်။ ကွာရှင်းတယ်။ ဇာတ်ကောင်ကို သူ့မိန်းမကို ယူဖို့ တိုက်တွန်းတယ်။ တစ်ညမှာတော့ ဘရာစီယာဂိမ်းကစားပြပါ မေမေလို့ ကလေးကပြောတယ်။ ဒါဟာ မိသားစုထဲမှာ ဆော့တဲ့ ဂိမ်း၊ တစိမ်းနဲ့ဆို မဆော့ရဘူးလို့ မေမေက ဖြေတယ်။ ကလေးက ဇာတ်ကောင်ဟာ သူစိမ်းမှ မဟုတ်ပဲတဲ့။ ဒီလိုနဲ့…. 
 
၇) ခီဟာရာဇာ
လိင်ဆက်ဆံကြပြီးရင် ပုံပြင်တွေပြောပြတတ်တဲ့ အမျိုးသမီး သူနာပြုတစ်ယောက်အကြောင်း။ ပုံပြင်တွေက အမျိုးကိုစုံလို့။ ဒါပေမယ့် သူပြန်ဖို့ အချိန်ရောက်လာတဲ့ မနက် လေးနာရီခွဲဆိုရင် ပုံပြင်ပြီးသည်ဖြစ်စေ မပြီးသည်ဖြစ်စေ အဝတ်ဝတ်ပြီး ထပြန်သွားတတ်တယ်။ ပုံပြင်တွေထဲမှာ သူဟာ အရင်အရင်ဘဝတွေမှှာ စုတ်ခွက်ငါးဖြစ်လိုက်၊ ဖားတွေစားလိုက်။ တစ်ညမှာတော့ သူစပြောပြတဲ့ ပုံပြင်က ဆယ်ကျော်သက်ဘဝက သူသဘောကျတဲ့ ကောင်လေးရဲ့  အိမ်ထဲကို ခိုးဝင်ဖူးတဲ့အကြောင်း။ ကောင်လေးရဲ့ ခဲတံလေးခိုးလာတယ်။ သူရဲ့ လစဉ်သုံးပစ္စည်းလေးကို ကောင်လေးဘီရိုရဲ့ အောက်ဆုံး အံဆွဲလေးထဲမှ ဖွက်ထားခဲ့တယ်။ ကောင်လေးရဲ့ ကုတင်ပေါ် တတ်အိပ်တယ်။ စိတ်ကူးယဉ်တယ် စသည်ဖြင့်ပေါ့။ ထူးထူးဆန်းဆန်း အမူအကျင့်ပါပဲ။ 

၈) ပင်လယ်အော်
ဒီတစ်ပုဒ်ကို ပထမဆုံး ဖတ်ခဲ့တာ။ ဆရာဒီနိုဗိုရဲ့ မိုးမခတော်ထဲ အိပ်မောကျနေဆဲ မိန်းခလေးနဲ့ အခြားဝတ္တုတိုများမှာ ဒီဝတ္တုတိုပါတယ်။ နာမည်ကတော့ ဟန်နယ်လေ ပင်လယ်အော်။ ပီယာနိုတီးတဲ့ အမျုုိးသမီးတစ်ယောက်ရှိတယ်။ သူကိုယ်တိုယ် သံစဉ်အသစ်တွေကို တီထွင်နိုင်တာ မရှိပေမယ့် ဘယ်သံစဉ်ကိုမဆို ကြားလိုက်တာနဲ့ လိုက်တီးနိုင်တာပဲ။ ဒီလိုနဲ့ သူဟာ ဘားတစ်ခုကို ပိုင်ဆိုင်လာနိုင်တဲ့အထိ ပီယာနိုတီးခဲ့တယ်။ ဘားပိုင်ရှင်ဖြစ်တော့လည်း ပီယာနိုကို ဆက်တီးတာပဲ။ သူ့မှာ သားတစ်ယောက်ရှိတယ်။ အသက်၁၉ နှစ်။ ဟန်နယ်လေ ပင်လယ်အော်မှာ လှိုင်းစီးနေတုန်း ငါးမန်းကိုက်ခံရတယ်။ နှလုံးရပ်သွားတယ်။ ဆားငံရေတွေ ဗိုက်ထဲ ဝင်သွားတယ်။ သေသွားတယ်။ သူသားဟာ လှိုင်းစီးတာကလွဲပြီး ကျန်တာ ဘယ်နားမှ ထူးထူးချွန်ချွန်မရှိဘူး။ သူသားသေတော့မှ အဲဒီကမ်းခြေကို သူရောက်ဖူးတယ်။ သားအလောင်းကိုကြည့်တယ်။ လုပ်စရာရှိလုပ်တယ်။ အခန်းတစ်ခန်းငှားပြီး ကမ်းခြေမှာ အပန်းဖြေသလို လှိုင်းစီးတဲ့ သူတွေကို ထိုင်ကြည့်ပြီး ရက်တော်တော်ကြာကြာနေလိုက်တယ်။ အဲဒီကစလို့ ဂျပန်ကနေ အဲဒီကမ်းခြေကို နှစ်တိုင်း သူလာတယ်။ ကမ်းခြေမှာ ပေတေလေလွင့်နေတဲ့ သူတွေ အများကြီးရှိတယ်။ ကိုကိန်းသုံးသူ၊ ဆေးသုံးသူ၊ အမျိုးမျိုးပဲ။ တစ်နှစ်မှာတော့ ကမ်းခြေကို သူအလာ၊ တိတိကျကျပြောရရင် အဝေးပြေးလမ်းအတိုင်း ကားမောင်းအလာမှာ ဂျပန်ကောင်လေး နှစ်ယောက်ကို သူ့ကားကိုတားတယ်။ အဲဒီကမ်းခြေမှာ လူတိုင်း ဂျပန်စကားပြောတယ်လို့ တစ်ယောက်ယောက်က သူတို့ကို ပြောလိုက်တယ်တဲ့။ အဲဒါနဲ့ သူတို့လည်း လှိုင်းစီးဖို့ ရောက်လာတာပဲ။ ပိုက်ဆံလည်း များများမပါ။ အင်္ဂလိပ်လိုလည်း မပြောတတ်။ အူလည်လည် နှစ်ယောက်ပေါ့။ သူပဲ အဆင်ပြေအောင် လိုက်စီစဉ်ပေးလိုက်တယ်။ ကောင်လေးနှစ်ယောက် လှိုင်းစီးတာကို နောက်နေ့တွေမှာ ထိုင်ကြည့်တယ်။ ရေထဲရောက်၊ လှိုင်းပေါ်ရောက်တဲ့အခါ သူတို့နှစ်ယောက်ဟာ မြေပြင်ပေါ်က ခပ်တုံးတုံးပုံလုံးဝပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ လှိုင်းစီးသမား ပုံသဏ္ဍာန်အပြည့်။ ထူးဆန်းမှု တစ်ခုပါလာတယ်။ အဲဒီကောင်လေးနှစ်ယောက်က တစ်ရက်မှာ မေးလာတယ်။ ခြေတစ်ဘက်ပျက်နေတဲ့ ဂျပန်လှိုင်းစီးသမားကို မတွေ့မိဘူးလားတဲ့။ သူတို့နဲ့ တူတူ လှိုင်းလိုက်စီးတယ်ဆိုပဲ…. တစ်ချိန်လုံး ထိုင်ကြည့်နေတဲ့ အမျိုးသမီးဟာ ကောင်လေးနှစ်ယောက်ကိုကလွဲလို့ ဘယ်သူကိုမှ မမြင်မိတာ အမှန်ပဲ။ 

၉ ) ကြောင်တွေနေတဲ့မြို့
ကြောင်တွေနေတဲ့ မြို့က ဘူတာမှာ မတော်တဆဆင်းမိပြီး ပျောက်ဆုံးသွားတဲ့ ကောင်လေးတစ်ယောက်။ သူဆင်းပြီး သုံးရက်အထိ ရထားက ဘူတာမှာ တစ်မိနစ်တိတိရပ်တယ်။ ကြောင်တွေလူနံရလို့ သူ့ကို လိုက်ရှာပြီး သုတ်သင်ဖို့ လုပ်ပြီး နောက်ဆုံး ရှာမတွေ့သွားဘူး။ နောက်တစ်ရက်မှာတော့ ကြောင်တွေ ရန်ကလွတ်ဖို့ ဘူတာကို ဆင်းပြီး ရထားနဲ့ ပြန်လိုက်ဖို့ ကြိုးစားတယ်။ အဲဒီရက်က စလို့ အဲဒီဘူတာမှာ ရထားဟာ လုံးဝမရပ်တော့ဘူး။ “ဒီနေရာဟာ သူပျောက်ဆုံးဖို့နေရာပဲ” ဒီဇာတ်လမ်းကို ဖတ်မိတဲ့ လူတစ်ယောက်ရှိတယ်။ သူငယ်စဉ်ဘဝက မလှပလှဘူး။ အမေသေသွားပြီလို့ အဖေက ပြောတယ်။ ဒါပေမယ့် သူ့မှတ်ဉာဏ်ထဲမှာရှိတာက အမေနဲ့ အဖေမဟုတ်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ကုတင်ဘေးမှာ နမ်းတာ၊ အဝတ်တွေချွတ်တာ.. ဘာညာပေါ့။ သူ့အမေနဲ့ ပတ်သတ်လို့ သူသိတာ အဲဒါအကုန်ပဲ။ အဖေလုပ်သူက ဉာဏ်ထိုင်းတယ်။ သူက ဉာဏ်ရည်မြင့်တယ်။ အဖေက ပုတိုတို၊ ရုပ်ဆိုးဆိုး။ သူက ဆန့်ကျင်ဘက်.. သူ့ရဲ့ အဖေအရင်း၊ အဖေအစစ်က ဘယ်သူလဲ.. အဲဒါ သူ့ဘဝမှာ ကွက်လပ်တစ်ခုပဲ။ အဖေဟာ လူအိုရုံ၊ စိတ်ကျန်းမာရေး ဆေးရုံရောက်တဲ့အထိ အမှန်ကို ဖွင့်မပြောခဲ့ဘူး။ ကွက်လပ်ဟာ ကွက်လပ်အတိုင်းပဲ ကျန်ခဲ့… 

၁၀) မနေ့က 
ဒီတစ်ပုဒ်လည်း ဖတ်ပြီးသား။ ဘယ်စာအုပ်မှာပါလဲတော့ မမှတ်မိတော့ဘူး။ ဘီတဲလ်စ်ရဲ့  Yesterday သီချင်းစာသားကို ဖျက်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ပီဇာဆိုင်မှာ အလုပ်လုပ်တာ။ သူမှာ ကောင်မလေးတစ်ယောက်ရှိတယ်။ ဟိုငယ်ငယ်ကတည်းက ချစ်ခဲ့ကြတာ။ သို့ပေမယ့် အဲဒီကောင်လေးက ကျောင်းမတတ်တော့ဘူး။ ကောင်မလေးက ကျောင်းတတ်နေသေးတယ်။ သူ့ချစ်သူကို သူ့သူငယ်ချင်း ကောင်လေးနဲ့ အတင်းမိတ်ဆက်ပေးပြီး တွဲခိုင်းတယ်။ ဂျပန်ရဲ့ ဆင်ခြေဖုံးဘာသာစကားကို မရရအောင် သင်တယ်။ နောက်တော့ သူပျောက်သွားတယ်… မူရာကာမိ ဖန်တီးလိုက်ရင် ဇာတ်ကောင်တွေက အဲလိုပဲ… something different. 

တစ်ပုဒ်ချင်းကို အရသာခံဖတ်ကြည့်ပါ။ ဇာတ်လမ်းတစ်ခုချင်းရဲ့ ထူးခြားမှုနဲ့ ကိုတေဇာရဲ့ ဘာသာပြန်ညက်ညောမှုကို ခံစားကြည့်လိုက်ပါလို့တိုက်တွန်းချင်တယ်။ 

မယ်ကျွိ 
၁နာရီ ၃၀ မိနစ်
၆ရက် သြဂုတ် ၂၀၁၇။ 


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books