Book Image

မေရီကက်ဆက် သို့မဟုတ် အရောင်များနှင့် စကားပြောသူ

တင်မောင်မြင့်

စာအုပ်အမည် _မေရီကက်ဆက် သို့မဟုတ် အရောင်များနှင့် စကားပြောသူ
ဘာသာပြန် _တင်မောင်မြင့်
မူရင်းစာအုပ် _ A Novel Of Mary Cassatt
မူရင်းစာရေးသူ _Joan King
ထုတ်သည့်တိုက် _အလင်းမြစ်စာပေ
ထုတ်သည့်နှစ် _ဇူလိုင်​လ ၊ ၂၀၁၇ (ဒုတိယအကြိမ်)
မျက်နှာဖုံးပန်းချီ _ ဘဋ္ဌေးကြည်
စာမျက်နှာ _ ၂၇၂
တန်ဘိုး _ ၃၅၀၀

ပန်းချီအကြောင်း စာအုပ်တွေ ၊ ပန်းချီဆရာတွေ အကြောင်း စာအုပ်တွေမှာ လေးရောင်ခြယ် ပုံတွေ မပါရင် အထဲက စာတွေ ဘယ်လောက်ပဲ ကောင်းနေနေ ပန်းချီစာအုပ် တစ်အုပ် အဖြစ် ခံစားလို့ မရတဲ့ ရောဂါ ကျွန်တော့ မှာ ရှိတယ် ။ အဖြူအမဲ ပုံ တွေပဲ ပါတဲ့ စာအုပ်​ တွေကို သိပ်ပြီး မစွဲလမ်း ခဲ့ဘူး။ အခု ဒီ စာအုပ် ထဲမှာတော့ မေရီကက်ဆက် ရေးဆွဲထားတဲ့ လေးရောင်ခြယ်ကာလာ ပုံပေါင်း နှစ်ဆယ် ထည့်ထားပေးတယ် ။ ပန်​းချီဆရာမ အကြောင်း ဖတ်လိုက် သူ ဆွဲခဲ့တဲ့ ပုံလေးတွေ ကြည့်လိုက် နဲ့ အရသာရှိချက် လို့ အညာလေ နဲ့ ပြောချင်ပါရဲ့ ။



" ၁၈၉၀ ပြည့်နှစ်တဝိုက်သည် ပြင်သစ်နိုင်ငံတွင် အင်ပရက်ရှင်းနစ်ပန်းချီဆရာ များ၏ တော်လှန်ရေးကာလ ဖြစ်သည် ။ 
အရောင်အသစ်၊ ဟန်အသစ် ကို ရှာဖွေကြရာတွင် သူတို့၏ တိုက်ပွဲတွေက ပြင်းထန်လှသည် ။ သူတို့ အုပ်စုထဲတွင် ထူးထူးဆန်​းဆန်​း နုနုငယ်ငယ် အမေရိကန်မလေး တစ်ယောက် ပါလာသည် ။ ထို မိန်းကလေး ကား " မေရီကက်ဆက် " တည်း ။ " လို့ နောက်ကျောဖုံး မှာ ညွှန်းထားတဲ့ အတိုင်းပဲ ရိုးရာအစဉ်အလာ ရဲ့ အရောင် တွေကို မသုံးပဲ " လွတ်လပ်သော ပန်းချီဆရာများ " ရေးတဲ့ အင်ပရက်ရှင်းနစ် ပန်းချီကို လက်မခံသေးတဲ့ ကာလမှာ 
တော်တန်ရုံ ပန်းချီဆရာ တွေ တောင် ရပ်တည်နိုင်ဖို့ ခဲယဉ်းတဲ့ ပါရီ ပန်းချီ လောက ထဲမှာ ရှင်သန်ရဲရင့် ခဲ့တဲ့ ပန်းချီဆရာမလေး ရဲ့ အတ္ထုပ္ပတ္တိ ။

ဖီလာဒဲလ်ဖီးယား က ဘဏ်လုပ်ငန်း
သူဋ္ဌေးကြီး ရောဘတ်ကက်ဆက် ရဲ့ သမီး ၊ အမကြီး လစ်ဒီယာ ၊ အကို အလက်ဇန္ဒား ၊ မောင်ငယ် ဂါ့ဒ်နာ တို့ ကြားထဲက ထူးထူးခြားခြား ပန်းချီ ကို ဝါသနာပါတဲ့ မေရီကက်ဆက် ရဲ့ ပန်းချီလောကထဲ ရောက်အောင် ဆင်နွဲခဲ့ရတဲ့ တိုက်ပွဲတွေက မနည်းဘူး ။ ပထမဆုံး အနုပညာ ဝါသနာ မပါတဲ့ ဖခင်​ကြီး ရဲ့ အစီအစဉ်​ ကို လွန်ဆန်ပြီး ပင်ဆယ်လ်ဗေးနီးယား ပန်းချီကျောင်း တက်ခဲ့တယ် ။ အခြား ကျောင်းသူတွေ လျှောက်လည်နေချိန်မှာ မေရီ က ရုပ်တုတွေ ကို ပန်းချီ ထိုင်ဆွဲနေခဲ့တယ် ။
ပန်းချီကျောင်း မှာ လေးနှစ် သင်ပြီး ဘွဲ့ရ ပြီးသွားတော့ သူ့ အဖေ အလိုကျ ကပွဲတွေ သွား ၊ မြင်းချော မြင်းလှတွေ စီးပြီး ၁၈၆၀ ဝန်းကျင်က အမျိုးသမီးလေးတွေ ရဲ့ ပုံစံ အတိုင်း ဘဝကို ပျော်ပျော်နေသွားဖို့ ဆိုတာ ကို လက်မခံ ပဲ ပါရီ ကို သွားပြီး ဥ​ရောပ ပန်းချီလောက ကို လေ့လာဖို့ ဆုံးဖြတ်လိုက်တယ် ။ 

အရောင်တွေကို စိတ်ဝင်းစားတဲ့ မေရီ က အင်ပရက်ရှင်းနစ် ပန်းချီဆရာကြီး အဂ္ဂါဒေဂါး ရဲ့ ပန်​းချီကား ကို ကြည့်ပြီး သူ့ သူငယ်​ချင်​း နှစ်ယောက်ကို ပြောတာက "ဒီကားမျိုးတွေ ရှာဖို့ မေရီ ဒီကို ရောက်လာတာပဲ ။ ပန်​းချီကား ဆိုတာ အဲလို အသက်ရှိနေရမယ် ။ အရောင်တွေက တေးဆိုနေရမယ် ။ အဲဒါမှ ပန်​းချီကား " လို့ ဆိုလိုက်တာဟာ သူ့ ရဲ့ အရောင်တွေအပေါ် စွဲလမ်းမှု ကို ဖေါ်ပြလိုက်တာ ပါပဲ ။

အင်ပရက်ရှင်းနစ် ပန်းချီဆရာကြီး ဒေဂါး နဲ့ မေရီ တို့ရဲ့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်း လေး ကလဲ ဖတ်လို့ မငြီးအောင် ဖြစ်ရပါတယ် ။ ပန်းချီ ကိုပဲ တစ်သက်လုံး ဖက်တွယ် ထားချင်တဲ့ မေရီ ရဲ့ ဆုံးဖြတ်​ချက်​ ကြောင့် သူတို့ အိမ်ထောင်မပြု ဖြစ်ကြဘူး ။ တစ်သက်လုံး ချစ်သူ သူငယ်​ချင်​း လိုပဲ နေသွားကြတယ် ။
၁၉၀၄ ခုနှစ်မှာ မေရီကက်ဆက် ရဲ့ ပန်းချီိပညာ နဲ့ သူ့စွမ်းဆောင်မှု တွေ အတွက် ပြင်သစ်အစိုးရ က တော်ဝင်ပန်းချီပညာရှင် ဘွဲ့ Legion Of Honour ချီးမြင့် ခဲ့ပါတယ် ။ 
မကွယ်လွန်မီ မှာပဲ အောင်မြင်မှု တွေ ရယူနိုင်ခဲ့တဲ့ ပန်​းချီဆရာ တွေထဲမှာ ပါဝင်နေတဲ့ မေရီကက်ဆက် ရဲ့ ကြိုးစားအားထုတ်​မှု တွေဟာ လဲ လေးစားစရာ ကောင်းလှပါတယ် ။

အတ္ထုပ္ပတ္တိ စာပေတွေက ဝတ္ထု စာအုပ်​ လို ဇာတ်လမ်း အတက်အကျ မရှိပေမယ့် အင်ပရက်ရှင်းနစ် ပန်​းချီဆရာ တွေရဲ့ ရုန်းကန်မှု တွေ ၊ မေရီကက်ဆက် ရဲ့ ခေတ်ပြိုင် ပန်းချီဆရာ အကြောင်းတွေ ၊ မေရီ ရဲ့ အချစ်ဇာတ်လမ်း တွေ နဲ့ ယှက်ရှယ်ထားတဲ့ ဒီ အတ္ထုပ္ပတ္တိ ကတော့ ဖတ်လို့ ကောင်းတဲ့ စာအုပ်​ ထဲမှာ ပါဝင် နေပါတယ် ။

Ko Kyaw Lwim (11:00 ,3.7.2017)


Publisher Name: အလင်းမြစ်စာပေ

Publisher Address: တိုက် (၁)၊ အခန်း (၁၀) မြိုင်ဟေဝန်အိမ်ယာ၊ မရမ်းကုန်းမြို့နယ်


Related Books