Book Image

တို့ပိုင်တဲ့မြေ

မောင်ထွန်းသူ

စာရေးဆရာ - မောင်ထွန်းသူ
စာအုပ်အမည် - တို့ပိုင်တဲ့မြေ
မူရင်း - Of Mice And Men by John Steinbeck
ပုံနှိပ်မှတ်တမ်း - ၂၀၁၀ နိုဝင်ဘာ (စတုတ္ထအကြိမ်)
ထုတ်ဝေသည့်တိုက် - စိတ်ကူးချိုချို
စာမျက်နှာ - ၁၆၇
တန်ဖိုး - ၁၇၀၀

စတိန်းဘက်ကို စရင်းနှီးတာ တော်တီလာဖလက်နဲ့တူတယ်။ နောက် ဒေါသမာန်။ ကင်နရီရိုး။ တို့ပိုင်တဲ့မြေကို အခုမှဖတ်ရတယ်။ စာအုပ်က ပါးပါးလေး။ မြေမဲ့ ယာမဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့အကြောင်း သူတို့ရဲဲ့ သံယောဇဉ်ကို ဖွဲ့ထားတာ။




`ဂျော့´ နဲ့ `လင်နီ´ က ငယ်သူငယ်ချင်းတွေ။ လင်နီက လူကောင်ကြီးကြီး အားကောင်းမောင်းသန်ပေမယ့် ကျပ်သိပ်မပြည့်ဘူး။ သူ့ကို ဂျော့ကစောင့်ရှောက်တယ်။ လင်နီကလည်း ဂျော့စကားဆို နားထောင်တယ်။

ဉာဏ်ရည််မမီတဲ့ လင်နီကြောင့် အလုပ်လုပ်တဲ့နေရာတိုင်းမှာ ပြဿနာတက်တယ်။ တနေရာပြီး တနေရာပြောင်းရတယ်။ နောက်တော့ သူတို့ ဂျုံအိတ်တွေ ထမ်းရတဲ့ အလုပ်တစ်ခုလုပ်တယ်။ ပိုက်ဆံစုတယ်။ သူတို့မှာ ရည်မှန်းချက်လေး တစ်ခုရှိတယ်။ အဲ့ဒါက ကိုယ်ပိုင်မြေလေး ခြံလေးနဲ့ နေရဖို့။

`တစ်ဧက နှစ်ဧကလောက်ကျယ်တဲ့ မြေဝယ်မယ် အိမ်လေးတစ်လုံးဆောက်မယ် ပြီးတော့ နွားမတစ်ကောင်မွေး ဝက်လည်းနည်းနည်းပါးပါး မွေး။ ပြီးတော့ ငါတို့ခြံထဲမှာ ဟင်းသီးဟင်းရွက်ခင်းကြီးတစ်ခင်း စိုက်ထားမယ်။ ယုန်နဲ့ကြက်တွေ မွေးမယ်။ ဆောင်းတွင်းကြီးမှာ မိုးရွာရင် ……… ။ အိမ်ထဲ အိမ်ပြင်မထွက်တော့ဘူး။ မီးဖိုမှာ မီးကျကျနနဖိုပြီး မင်းနဲ့ငါ ဇိမ်နဲ့ မီးလှုံမယ်။´

သူတို့လိုခြံလုပ်သားတွေဟာ ဟိုနေရာ ပြောင်းအလုပ်လုပ်။ ဒီနေရာ ပြောင်းအလုပ်လုပ်။ နေစရာနေရာအတည်တကျ မရှိဘူး။ အလုပ်လုပ်လို့ရသမျှ အရက်သောက် ဖဲရိုက်နဲ့ကုန်နေတဲ့လူတွေ။ ဂျော့နဲ့ လင်နီက အဲ့ဒီဘဝကို အဆုံးသတ်ချင်တယ်။ ကိုယ့်မြေကိုယ့်ယာပေါ် အေးအေးဆေးဆေးနေချင်တယ်။ အဲ့ဒါသူတို့မျှော်လင့်ချက်။

`လူတိုင်းလူတိုင်း မြေကလေး အနည်းအပါးတော့ လိုချင်ကြတာချည်းပဲ။ များများစားစား မဟုတ်ပါဘူး။ သူပိုင်ပစ္စည်းတစ်ခု ရှိတယ်ဆိုတာ ပြောနိုင်ရုံလောက်ပါ။ သူနေနိုင်ခွင့်ရှိပြီး ဘယ်သူကမှ သူ့ကိုမောင်းထုတ်လို့ မရတဲ့ နေရာမျိုး လိုချင်တဲ့သဘောပါ။ …………။ ဟောဒီပြည်နယ်ထဲမှာ ငါဟာ လူတိုင်းစားဖို့အတွက် စိုက်ပျိုးပေးခဲ့ရတယ်။ ဒါပေမယ့် ငါပိုင်မြေမရှိတော့ ထွက်လာသမျှသီးနှံဟာ ငါပိုင်ပစ္စည်းမဟုတ်တော့ဘူး။ ငါက ရိတ်သိမ်းပေးရပေမယ့် ငါ့သီးနှံမဟုတ်တော့ဘူး။´

လင်နီမှာ ဝါသနာတစ်ခုရှိတယ်။ နူးနူးညံ့ညံ့အရာလေးတွေကို လက်နဲ့အသာလေး ပွတ်နေပုတ်နေချင်တာ။ ကြွက်တို့ ခွေးတို့ကို အမွှေးလေးတွေ ပွတ်နေချင်တာ။ သူတို့ပိုင်ခြံလေးနဲ့ နေရင် ယုန်လေးတွေမွေးပြီး အစာကျွေး လက်လေးနဲ့ပွတ်နေခိုင်းမယ်လို့ ဂျော့က လင်နီ့ကို ကတိပေးထားတယ်။ ဒါပေမယ့် လင်နီတစ်ခုခုမကောင်းတာလုပ်ရင်တော့ ယုန်လေးတွေ မမွေးခိုင်းတော့ဘူးတဲ့။ အရင်အလုပ်တုန်းက ကောင်မလေးတစ်ယောက်ရဲ့ အင်္ကျီကို နူးညံ့တယ်ဆိုပြီး သွားပွတ်နေလို့ ပြဿနာတက်ဖူးတယ်လေ။

သူငယ်ချင်းနှစ်ယောက်ရဲ့ ဇာတ်သိမ်းဟာ ဘယ်လိုများဖြစ်မလဲ။ သူတို့မျှော်လင့်တဲ့ တို့ပိုင်တဲ့မြေ ဆိုတာလေး ဖြစ်လာပါ့မလား။ လင်နီ့ရဲ့ ထူးထူးဆန်းဆန်းဝါသနာကြောင့် ဘာများ ဖြစ်ဦးမလဲ။


ကျော်သက်ခိုင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books