Book Image

ဒေါသမာန်

မောင်ထွန်းသူ

စာအုပ်အမည် - ဒေါသမာန်
စာရေးဆရာ - မောင်ထွန်းသူ
မူရင်း - The Grapes of Wrath by John Steinbeck
ပုံနှပ်မှတ်တမ်း - ၂၀၁၀ ဇန်နဝါရီ(တတိယအကြိမ်) စိတ်ကူးချိုချို
စာမျက်နှာ - ၆၈၄ 
တန်ဖိုး - ရ၀၀၀

မူရင်းစာရေးသူ ဂျွန်စတိန်းဘက်ကိုတော့ အထူးညွှန်းနေစရာ လိုမယ်မထင်ပါ။ တော်လီလာဖလက်(တို့ဘဝ တို့ကမ႓ာ) ကင်နရီရိုး စတဲ့စာအုပ်တွေကို ဆရာမောင်ထွန်းသူပဲ ဘာသာပြန်ပြီး မြန်မာပရိသတ်တွေ တော်တော်များများ ဖတ်ပြီးသားပါ။ အထူးသဖြင့် တော်လီလာဖလက်ဟာ စာသမားတွေ တော်တော်များများ အကြိုက်တွေ့ခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ပါ။ 


`ဒေါသမာန်´ ဟာ စက်မှုလုပ်ငန်းတွေ တိုးတက်လာပြီးတဲ့နောက် ဒုက္ခရောက်ကြရတဲ့ အမေရိကန်လယ်ယာလုပ်သားတွေ ဘဝကို ထိထိခိုက်ခိုက်ဖြစ်အောင် ရေးချယ်ပြထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။ `ဤဝတ္ထုကို ကျွန်တော်ရေးသည့် ရည်ရွယ်ချက်မှာ လူလူချင်း တစ်ဦးကို တစ်ဦး နားလည်ကြစေရန် ဖြစ်ပါသည်။´ လို့ မူရင်းစာရေးသူ စတိန်းဘက်က ပြောဖူးပါတယ်။ ဒီစာအုပ်ဟာ အမေရိကန် အရင်းရှင်လောကကို တုန်လှုပ်ချောက်ချားသွားစေတဲ့ ဝတ္ထုတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ စာပေပညာရှင်တွေက `ဒေါသမာန်´ ကို `ဟဲရီးယက် ဘီချာစတိုး´ရဲ့ `ဦးလေးတွမ်ရဲ့ တဲကလေး´ (ကျော်လှိုင်ဦးမြန်မာပြန်) နဲ့ နှိုင်းယှဉ်ပြလေ့ရှိတယ်လို့ ဆိုပါတယ်။

အဓိပတိဒေါက်တာဘမော်ဟာ အင်္ဂလိပ်အပြေး မိုးကုတ်ထောင်ထဲ ရောက်နေစဉ် ဒီဝတ္ထုကို ဒုတိယအကြိမ်ဖတ်ပြီး ရှိုက်ကြီးတငင်ငိုမိတယ်လို့ ဆရာမြသန်းတင့်က အမှာစာမှာ ပြောထားပါတယ်။ ကိုယ့်လယ်ယာတွေကို စွန့်လွှတ်လိုက်ရပြီး ခြေသလုံးအိမ်တိုင်လျှောက်သွားနေရတဲ့ မျှော်လင့်ချက်မဲ့ဘဝတွေကို ဖတ်ပြီး တကယ်ကို ထိထိခိုက်ခိုက် ခံစားရတဲ့ စာအုပ်ပါ။

အုတ်ကလာဟိုးမားပြည်နယ်က `ဂျုတ်မိသားစု´ ဟာ စက်မှုလုပ်ငန်းတွေ စက်ရုံတွေ အရင်းရှင်တွေကြောင့် ပိုင်ဆိုင်တဲ့ လယ်ယာမြေလေးတွေကို စွန့်လွှတ်လိုက်ရတယ်။ အဲ့ဒီနောက် အလုပ်အကိုင်မရှိတော့တဲ့ သူတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ်ကို အလုပ်ရှာဖို့ သွားကြတယ်။ သစ်သီးတွေဆွတ်ဖို့ အလုပ်သမားလိုတယ် ဆိုတဲ့ လက်ကမ်းကြော်ငြာစာရွက်လေးတစ်ရွက်ပေါ် မျှော်လင့်ချက်တွေ ပုံပြီး ထရပ်ကားကြီး တစ်စီးနဲ့ ခရီးထွက်ခဲ့တယ်။ သူတို့နဲ့အတူ တရားဟောဆရာဟောင်း `ကက်ဆီ´ ဆိုသူပါ ပါတယ်။

အဝေးပြေးလမ်းမကြီးပေါ်မယ် သူတို့လိုပဲ အလုပ်ရှာဖို့ မိသားစုလိုက် ပြောင်းရွှေ့သွားလာနေသူတွေ အများကြီး။ လမ်းမှာ `အဘိုးဂျုတ်´ ဆုံးတယ်။ သင်္ဂြိုလ်ရာပိုက်ဆံမရှိလို့ လမ်းဘေးမှာပဲ မြှုပ်ခဲ့ရတယ်။ ကယ်လီဖိုးနီးယားမှာ အလုပ်သမားလိုတယ် ဆိုပေမယ့် တကယ်လိုတာက ၁၀၀၀ လောက်ကို လက်ကမ်းကြော်ငြာ ၁၀၀၀၀ လောက် ရိုက်ဝေတာမျိုး။ အလုပ်သမားတွေများလေ အလုပ်ရှင်တွေက လုပ်ခလျော့ပေးလေဆိုတာမျိုး။ ခရီးမှာပဲ မိသားစုထဲက သားတစ်ယောက်က ဆက်မလိုက်တော့ဘူးဆိုပြီး နေခဲ့တယ်။ ကယ်လီဖိုးနီယားပြည်နယ် အဝင်မှာ `အဘွားဂျုတ်´ ဆုံးတယ်။ သူ့ကိုတော့ မရှိမဲ့ ရှိမဲ့ ငွေလေးနဲ့ သင်္ဂြိုလ်ခဲ့တယ်။

ဟိုရောက်တော့ မျှော်လင့်ထားသလို အလုပ်ကမရှိဘူး။ အလုပ်ရှိလဲ လုပ်ချင်တဲ့ အလုပ်လက်မဲ့တွေကအပြည့်။ သူတို့လို ဘဝတူတွေ စုနေတဲ့ စခန်းတစ်ခုမှာ နေကြတယ်။ အဲ့ဒီမှာ အရင်ရှင်တွေရဲ့လက်ပါးစေ ပုလိပ်နဲ့ပြဿနာတက်ပြီး သူတို့ ထွက်လာခဲ့ရတယ်။ တရားဟောဆရာ `ကက်ဆီ´ဟာ အဲ့ဒီပြဿနာအတွက် ခေါင်းခံဖို့ အဖမ်းခံရတယ်။ ဂျုတ်မိသားစုက `ရိုစာဟန်´ ရဲ့ယောက်ျား `ကွန်နီ´ဟာ ပျောက်သွားတယ်။ နောက် အစိုးရစခန်းတစ်ခုကိုရောက်တယ်။ အဲ့ဒီမှာတော့ နေရတာအဆင်ပြေတယ်။ အနှောင့်အယှက်ပေးမယ့် ပုလိပ်တွေမရှိဘူး။ သို့သော် အလုပ်ကမရှိ။ အဲ့ဒါနဲ့ ခရီးဆက်ထွက်တယ်။ မက်မွန်သီးတွေ ဆွတ်တဲ့အလုပ်ရတယ်။ မက်မွန်သီး တစ်သေတ္တာကို ငါးဆင့်ရတယ်။ အပြင်ဘက်မှာ အလုပ်သမားတွေစုပြီး သပိတ်စခန်းဖွင့်နေတယ်။ သပိတ်စခန်းကို ခေါင်းဆောင်သူက တရားဟောဆရာ။ ဂျုတ်မိသားစုရဲ့သားကြီး `တွမ်ဂျုတ်´ ဟာသူနဲ့ပြန်တွေ့တယ်။ ပုလိပ်တွေရောက်လာပြီး သပိတ်စခန်းခေါင်းဆောင် `ကက်ဆီ´ကို ပုဆိန်နဲ့ခုတ်သတ်တယ်။ `တွမ်´ဟာ စိတ်မထိန်းနိုင်ပဲ ပုလိပ်ကို သတ်မိတယ်။

သူတို့မိသားစု အဲ့ဒီကနေ ထွက်ပြေးတယ်။ ဝါကောက်တဲ့ အလုပ်တစ်ခုရတယ်။ `တွမ်´ကတော့ ပုန်းနေရတယ်။ နောက်တော့ `တွမ်´ဟာ ပုန်းနေလို့ အဆင်မပြေတော့ ထွက်ပြေးသွားရတယ်။ `ရိုစာဟန်´က ကိုယ်ဝန်ကြီးနဲ့။ ကလေးကမွေးတော့မယ်။ `အမေဂျုတ်´ နဲ့ အိမ်နီးချင်း အမျိုးသမီးတစ်ယောက် ဝိုင်းမွေးပေးတယ်။ ကလေးက အသေလေး။

ကွဲသွားတဲ့ သူတို့မိသားစုတွေ ဒီဇာတ်လမ်းဆုံးတဲ့အထိ ပြန်မဆုံဘူး။ သူတို့မိသားစုတွေ ဒီဇာတ်လမ်းဆုံးတဲ့အထိ နေစရာမရှိဘူး။ သူတို့မိသားစုတွေ ဒီဇာတ်လမ်းဆုံးတဲ့အထိ စားစရာမရှိဘူး။ သူတို့မိသားစုလို မိသားစုတွေ … ။

 ကျော်သက်ခိုင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books