Book Image

ကြယ်စင်များကကြည့်နေသည်

မောင်ထွန်းသူ

စာရေးဆရာ - မောင်ထွန်းသူ
စာအုပ်အမည် - ကြယ်စင်များကကြည့်နေသည်
မူရင်း - The Stars Look Down by A.J.Cronin
ပုံနှိပ်မှတ်တမ်း - ၂၀၀၅ အောက်တိုဘာ (ပထမအကြိမ်)
ထုတ်ဝေသည့်တိုက် - ရွှေစာပေတိုက်
စာမျက်နှာ - ၃၉၅
တန်ဖိုး - ၃၀၀၀

တောက်လျှောက်မျှော်လင့်ချက်တွေ ပေးလာပြီး နောက်ဆုံးမှ အရှိုက်ကို ထိုးချလိုက်တဲ့ ဝတ္ထု။ ၁၉၃၀ ပြည့်လွန်နှစ်တွေက ကျောက်မီးသွေးတွင်း အလုပ်သမားတွေရဲ့ ဘဝကို ရေးဖွဲ့ထားတာ။ သူတို့ရဲ့ လူမှုဒုက္ခတွေ စိတ်ဓာတ်တွေ ဒုစရိုက် သုစရိုက်မှုတွေ မျှော်လင့်ချက်တွေ အောင်မြင်မှုတွေနဲ့ ဆုံးရှုံးမှုတွေကို အကောင်းဆုံးပြထားနိုင်တယ်။


The Stars Look Down ဟာ ကရိုနင်ရဲ့ စတုတ္ထမြောက်စာအုပ်။ ဒီဝတ္ထုဟာ ပထမဆုံးထွက်ခဲ့တဲ့ Hatter's Castle ထက် ပိုကောင်းတယ်လို့ စာရေးဆရာကြီး ဂျိမ်း(မ်)ဟယ်တန်က မှတ်ချက်ပေးဖူးတယ်တဲ့။ စတင်ထုတ်ဝေတဲ့ ၁၉၃၅ ကစပြီး အခုချိန်ထိ အကြိမ်ပေါင်းသုံးလေးဆယ်မက ရိုက်နှိပ်ခဲ့ရပြီး အုပ်ရေသန်းပေါင်းများစွာ ရောင်းခဲ့ရတယ်လို့ ဆရာမောင်ထွန်းသူရဲ့ အမှာစာအရ သိရတယ်။

`ဒေးဗစ်´တို့မိသားစုက ကျောက်မီးသွေးတွင်း အလုပ်သမားတွေ။ သူ့အဖေရော သူ့ညီတွေရော အကုန်လုံးက ကျောက်မီးသွေးတွင်းမှာပဲ လုက်ကြတာ။ ဒေးဗစ်ဟာ ကျောက်မီးသွေးတွင်း အလုပ်သမားဘဝကို သဘောမကျဘူး။ အဲ့ဒါနဲ့ မြို့ပေါ်တက် ပညာသင်တယ်။ ကျောင်းဆရာလုပ်တယ်။ အိမ်ထောင်ကျတယ်။

`အာသာဘားရပ်စ်´က ကျောက်မီးသွေးတွင်းပိုင်ရှင်သူဌေး `ရစ်ချက်ဘားရပ်စ်´ ရဲ့သား။ သူက သူ့အဖေကို အရမ်းတော်တဲ့ ထက်မြက်တဲ့လူလို့ ယူဆတယ်။ အဖေကို အရမ်းချစ်တယ်။

တနေ့ ကျောက်မီးသွေးတွင်းပြိုပြီး ဒေးဗစ်အဖေရော ညီရော သေတယ်။ ကျောက်မီးသွေးတွင်းပြိုမယ့် အန္တရာယ်ကို ရစ်ချက်ဘားရပ်စ်ဟာ ကြိုသိတယ်။ သို့သော် ပိုက်ဆံကုန်မှာစိုးလို့ တွင်းကိုခိုင်ခံ့အောင်မလုပ်ခဲ့ဘူး။ အဲ့ဒါကို အာသာဘားရပ်စ်သိသွားတယ်။ သူ့အဖေအပေါ် သဘောထားပြောင်းသွားတယ်။ အလုပ်သမားတွေကို လုပ်ငန်းခွင်လုံခြုံအောင် လုပ်ခများများရအောင် လုပ်ပေးချင်တယ်။

ဒေးဗစ်ဟာ ကျောင်းဆရာအလုပ်ကထွက်ပြီး မြို့တော်က အလုပ်သမားအဖွဲ့ချုပ်မှာ အလုပ်ဝင်တယ်။ နောက် ရွေးကောက်ပွဲဝင်တယ်။ လွှတ်တော်အမတ်ဖြစ်တယ်။ သူ့ဇာတိက ကျောက်မီးသွေးတွင်း အလုပ်သမားတွေရဲ့ ဘဝတိုးတက်အောင်။ ဥပဒေအကာအကွယ်တွေရအောင် လုပ်ပေးဖို့ ကြိုးစားတယ်။

`ဂျိုးဂိုလန်´ က ကျောက်မီးသွေးတွင်းအလုပ်သမားပဲ။ သူကလူလည် မြို့တက်ပြီး စီးပွားရှာတယ်။ လူများ မျက်ခုံးမွှေးပေါ်စင်္ကြံလျှောက်တယ်။ မကောင်းတာအကုန်လုပ်တယ်။ အမြတ်ထုတ်တယ်။ အောင်မြင်တယ်။ အလွန်ချမ်းသာတဲ့ သူဌေးဖြစ်လာတယ်။ သူကလဲ အရေးကြီးတဲ့ ဇာတ်ဆောင်ပဲ။

ကျောက်မီးသွေးတွင်း အလုပ်သမားတွေရဲ့ ဘဝမြင့်မားစေလိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ် အောင်မြင်ပါ့မလား။ အလုပ်သမားတွေအပေါ် စာနာတဲ့ ကျောက်မီးသွေးတွင်းပိုင်ရှင် အာသာဘားရပ်စ်ကရော သူ့အလုပ်သမားတွေ အဆင်ပြေအောင် လုပ်ပေးနိုင်ပါ့မလား။

၁၉၃၀ ပြည့်လွန်နှစ်တွေက ကျောက်မီးသွေးတွင်းအလုပ်သမားတွေရဲ့ ဘဝတွေ။ သူတို့ဘဝတွေ တိုးတက်အောင်လုပ်ပေးမယ် ကြွေးကြော်ပြီးတက်လာတဲ့ လွှတ်တော်အမတ်တွေက အစိုးရဖြစ်လာတဲ့အခါ ကတိတည်ကြရဲ့လား။

အပေါ်မှာပြောခဲ့သလို တောက်လျှောက်မျှော်လင့်ချက်တွေပေးလာပြီး နောက်မှ အရှိုက်ကို အထိုးခံရသလို ခံစားရမယ့် ဝတ္ထု။ ထိထိခိုက်ခိုက်ခံစားရမယ့် ဝတ္ထုလို့ပဲ ဆိုပါရစေ။

 ကျော်သက်ခိုင်


Publisher Name: ရွှေစာပေတိုက်

Publisher Address: အမှတ် (၅) ၊ ကြာညိုလမ်း ပုဇွန်တောင် ၊ ရန်ကုန်

Publisher Phone Number: 01221957


Related Books