Book Image

မစဉ်းစားမိတဲ့ ကိစ္စ

ဒီနိုဗို

စာအုပ်အမည် - မစဉ်းစားမိတဲ့ ကိစ္စ
စာရေးသူ - ဒီနိုဗို
စာအုပ်တိုက် - သီးသန့်ကောင်းကင်
ပထမအကြိမ် ၂၀၁၂ မတ်လ 
စာအုပ်တန်ဖိုး ၂၀၀၀ ကျပ် 
(လက်ရှိအချိန်တွင် ဝန်ဇင်းစာအုပ်စင်တွင် တန်ဖိုး ၆၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပြီး စာအုပ်ဝယ်ယူရန် မလွယ်ကူပါ။)

ဒီစာအုပ်ကို စာသမား ဂရုမှာ သစ်မင်းစံရဲ့ အညွန်းကို မြင်မိ ဖတ်မိပြီး သိခဲ့တယ်။ သူ့ဆီမှာ ၂ အုပ်ဖြစ်နေသတဲ့ ဒါနဲ့ တစ်အုပ်ပြန်မျှပါပြောပြီး ပြန်ရောက်တဲ့ အခါ ဖတ်ဖို့ တွေးထားတယ်။ မနေ့ကတော့ သူနဲ့ တစ်ခါ စာအုပ်အကြောင်း ပြောဖြစ်ပြန်ရော။ အစ်မကို ညွန်းစေချင်တာဗျာတဲ့။ ဘယ်တော့ပြန်ရောက်မလဲတဲ့။ ကိုယ်ပြန်ရောက်ဖို့က အနည်းဆုံး ရက်ပေါင်း ၅၀လောက်လိုသေးတာကို။ ဒီတော့ ထုံးစံအတိုင်း ရှာမရတဲ့ စာအုပ်ဆိုရင် ဝန်ဇင်းပေါ်တတ်ရှာတာ။ တွေ့တာပဲ။ ဘယ်တုန်းက ဖြည့်ထားမိတဲ့ ဝန်ဇင်းပိုက်ဆံ ၁၁၀၀ ကျပ်က ကျန်နေလဲမသိဘူး ကံကောင်းသွားတယ်။ တစ်ညလုံး ဒီစာအုပ်ထဲက အက်ဆေး ၂၁ပုဒ်က ကိုယ့်ကို ဖမ်းစားလို့။


ဆရာဒီနိုဗိုက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာပါတဲ့ သူရဲ့ အက်ဆေးတွေကို ပြန်စုပြီး သူကိုယ်တိုင်ပြန်ထုတ်ထားတာပါ။ ထူးခြားတာကတော့ စာအုပ်ရဲ့ အမှာစာကို အက်ဆေးလို ခေါင်းစဉ်တတ်ထားတာပါပဲ။ save the library ကိုမောင်မောင်စိုးက အေးစက်သော အက်ဆေးရေးသူဆိုပြီး သူသိတဲ့ ဆရာဒီနိုဗိုကို ချယ်မှုန်းထားတယ်။ ကိုမိုးကတော့ “Preface ဖြစ်တဲ့ Post-face” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်မှာပါတဲ့ အက်ဆေးတွေကို ချီးမွန်းစကားဆိုတယ်။ ဆရာဒီနိုဗိုကတော့ “ရိုးဖြောင့်တဲ့ စကား”ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အက်ဆေးတွေကို မော်ဒန်အနေနဲ့ တင်စား၊ သူ့ကိုယ်သူ ဒီဇိုင်နာအနေနဲ့ တင်စားပြီး စင်ပေါ်မှာ ဒီဇိုင်းအလန်းစားနဲ့ တတ်လျှောက်နေတဲ့ မော်ဒန်တွေကိုသာ အားပေးပါ။ ကျွန်တော် ဒီဇိုင်နာက ရှေ့ကနေ ကာစီးကာစီး မလုပ်နေချင်ပါတဲ့။ 
“ဖက်ရှင်ရှိုးများတွင် လူအများ စိတ်ဝင်တစား ကြည့်ရှုကြသည်မှာ မော်ဒန်များနှင့် အဝတ်အစားများသာ မဟုတ်လား။ နောက်ဆုံးမှ ဝင်လာသော ဒီဇိုင်နာကို အားနာ၍သာ လက်ခုပ်တီး အားပေးမည်။”

ဒီစာအုပ်ကို တည်ဆောက်ထားတဲ့ အက်ဆေး ၂၁ ပုဒ်ကတော့ 
၁) အသံနဲ့ရေးတဲ့ အက်ဆေး
၂) သားရေကွင်း
၃) နံနက်ခင်းတစ်ခုနှင့် လိုက်ပါခြင်း
၄) လေးဘီးတပ် လူ့အဖွဲ့
၅) သက်တံဖမ်းသူ
၆) ပေတံနှင့် အုပ်ချုပ်ခြင်း
၇) ဉာဏ်သမား
၈) အနီကဒ်များကို ကျွန်တော် မုန်းပါသည်
၉ ) တစ်ခုမဟုတ် တစ်ခု
၁၀) ရှားပါးလှတဲ့ အသံ
၁၁) မစဉ်းစားမိတဲ့ ကိစ္စ
၁၂) စာစွဲသူ
၁၃) ပျောက်နေတဲ့ ချိန်ခွင်
၁၄) လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင်
၁၅) စကားလုံး ပုံသွင်းခြင်းနှင့် ပတ်သက်၍
၁၆) ကိုယ့်အထွာနဲ့ ကိုယ်
၁၇) အဖြူရောင်ကား
၁၈) မှိတ်ထားတဲ့ မျက်လုံး
၁၉) သင်ခန်းစာ
၂၀) ညပျောက်တဲ့ည
၂၁) သူ့စာကိုယ့်စာ တို့ဖြစ်တယ်။

ဘာသာပြန်သူအဖြစ်သာ လူသိများတဲ့ အက်ဆေးရေးသူတစ်ယောက်ရဲ့ အတွေးတွေနဲ့ အတူ လိုက်ပါစီးမျောလိုက်ရင်… စာစွဲသူဆိုတဲ့ အက်ဆေးဟာ ကိုယ်တို့တွေကို စောင်းမြောင်း ရေးထားသလားပဲ။ စာအုပ်တွေကို ရူးသွတ်သူ အမျိုးမျိုး၊ စွဲလမ်းမှု ပုံစံအမျိုးမျိုး။ စာအုပ်တစ်အုပ်ရဖို့ အဟောင်းတန်းကို ခြေတိုအောင် ပတ်သူ၊ ရသမျှ လခနဲ့ နိုင်ငံရပ်ခြားက စာအုပ်ဝယ်သူ၊ ဘာသာတစ်ခုကို လိုက်စားပြီဆိုရင် အဲဒီဘာသာနဲ့ ပတ်သက်တဲ့ စာအုပ်ကို ဘယ်လောက် ပေးရပေးရ ဝယ်ယူသူ၊ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်ဖို့ အချိန်မရှိပါဘူးလို့ ဆိုပြီး ဘယ်စာအုပ်ကိုမှ သိမ်းမထားသူက တစ်ယောက်။ သို့ပေမယ့် ဘယ်လိုရူးရူး တစ်မျိုးစီတော့ စာကိုရူးကြ စာကို စွဲကြတယ်။ အရက်စွဲ၊ ဆေးစွဲသူတွေသာ အဲဒီအရာမကောင်းဘူးဆိုတာ သိလို့ စွန့်ချင်စွန့်နိုင်မယ်။ စာစွဲသူကိ ဖြတ်ခိုင်းရင်တော့ ရန်သူဖြစ်သွားနိုင်တယ်ဆိုတဲ့ အတွေးကို ပေးသွားတယ်။

“စကားလုံး ပုံသွင်းခြင်းနှင့် ပတ်သက်၍” ဒီတစ်ပုဒ်ကို ကိုယ်ထိထိရှရှ သဘောကျမိတဲ့ အကြောင်းကတော့ ကိုယ်ကိုယ်တိုင်လည်း စာရေးနေလို့ပဲ။ ဆရာဒီနိုဗိုဟာ စာတွေရေးတဲ့အခါ ဘောပင်နဲ့ရေးရတဲ့ ခံစားမှုနဲ့ ကြုံတွေ့ရတဲ့ ပြဿနာ၊ ခဲတံနဲ့ရေးတဲ့အခါ ရတဲ့ ခံစားမှုနဲ့ ကြံုရတဲ့ အခက်အခဲ စသည်ဖြင့်။ နောက်ပြီး ကွန်ပြူတာနဲ့ရေးတဲ့အခါ ကြံုရတဲ့ အတွေ့အကြံုစသည်ဖြင့် ရေးပြထားတာ။ ကိုယ့်ကတော့ ကွန်ပြူတာနဲ့ရေးရတာပဲ ကြိုက်တယ်။ ကိုယ့်လက်ရေးက တောင်ခြစ်မြောက်ခြစ်မလို့။

“လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင်” ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူးတွေ ဖြစ်ကုန်မယ်။ လိုက်ဂျီကျမယ့် ရည်းစားတွေကို ခေါက်ထားလို့ရမယ်။ ပိတ်ရက်မှာ အလုပ်ကိစ္စစကားလာပြောမည့်သူတွေကို ရှောင်ရှားလို့ရမယ်။ အရေးရယ်အကြောင်းရယ် ဆိုရင်တော့ ကိုယ့်ကိုယ် ဘယ်လိုမှ ဆက်သွယ်လို့ရမှာမဟုတ်ဘူး။

“ညပျောက်တဲ့ည” WHO က ကမ္ဘာပေါ်မှာ ငှက်ဖျားကြောင့် သေဆုံးသူဘယ်လောက်၊ HIV ကူးစက်ခံရသူ ဘယ်နှစ်ယောက်သာ စာရင်းပြုစုနေတာ။ ညညအိပ်မပျော်သူ ဘယ်နှစ်ယောက်ဆိုတာတော့ စာရင်း မပြုစုဘူးဆိုပဲ။ အဲဒီကိန်းကဏာန်းကိုကြည့်ပြီး WHO က လူတွေ အိပ်မပျော်ဖြစ်သွားမှာ စိုးရိမ်လို့ ဖြစ်မယ်ဆိုပဲ။

“ဉာဏ်သမား” ဉာဏ်ကောင်းတယ်လို့ အထင်ခံချင်တဲ့ ဆေးကျောင်းသားတွေရဲ့ အဖြစ်ကို ပြောပြထားတာ။ စာမကြိုးစားပဲ အမှတ်ကောင်းချင်တယ်။ စာအရမ်းလုပ်ပြီး အမှတ်နည်းနည်းနဲ့ စာမေးပွဲအောင်မှာထက် စာမလုပ်ပဲကျချင်ကျနေမယ်။ ဉာဏ်နိမ့်တယ်တော့ အထင်မခံနိုင်ဘူး ဆိုတဲ့ အဖြစ်တွေ။ ငယ်ငယ်က ကိုယ့်ကိုယ် စာမကျက်ပဲ သူများ စာကျက်တာကို ခိုးနားထောင်ပြီး စာမေးပွဲတွေ ဖြေခဲ့တာတောင် သတိရမိတယ်။

အသံနဲ့ ရေးတဲ့ ကာရာအိုကေ အက်ဆေး။ အလျှော့အတင်းလုပ်နိုင်စွမ်းနဲ့ ခေတ်အဆက်ဆက် ပုံစံမပျက် ရပ်တည်လာတဲ့ သားရေကွင်း။ မနက်ခင်းတစ်ခုနဲ့ လိုက်ပါလာတဲ့ လက်ဘက်ရည်သောက်တဲ့ အက်ဆေး။ ဘက်စ်ကားစီးတဲ့ လေးဘီးတတ်လူ့အဖွဲ့.. ကလေးတစ်ပိုင်း၊လူကြီးတစ်ပိုင်း၊ နတ်သားတစ်ပိုင်းနဲ့ ဖွဲ့စည်းထားတဲ့ ွ့…သက်တန့်တွေကို ဖမ်းတဲ့ လူငယ်လေးတွေ၊ စသည်ဖြင့် အက်ဆေးပေါင်းများစွာ၊ အတွေးပေါင်းများစွာ ဒီစာအုပ်ကနေ ရရှိခဲ့တယ်။ တဖြည်းဖြည်းဖတ်၊ တစ်စိမ့်စိမ့်တွေ့၊ နည်းနည်းချင်း ခံစားသင့်တဲ့ စာအုပ်လေး။ ဒီစာအုပ်ကို ဖတ်ဖြစ်စေဖို့ညွန်းပေးတဲ့ သစ်မင်းစံနဲ့ နိုင်ငံနဲ့ အဝေးမှာ ရောက်နေချိန်မှာ ဝယ်လို့ အဆင်ပြေစေတဲ့ ဝန်ဇင်းတို့ကို ထပ်တစ်ခါ ကျေးဇူးတင်ချင်တယ်။

#မယ်ကျွိ
သြဂုတ်လ ၂၄ ရက် ၂၀၁၇။ 
ည ၁၀နာရီ ၃၀ မိနစ် 


Publisher Name: သီးသန့်ကောင်းကင်စာပေ


Related Books