Book Image

နှစ်ဆယ်ရာစုနှစ် ကမ္ဘာ့ဂန္တဝင်ဝတ္ထုတိုများ

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

စာရေးဆရာ - မြသန်းတင့်
စာအုပ်အမည် - နှစ်ဆယ်ရာစုနှစ် ကမ႓ာ့ဂန္တဝင်ဝတ္ထ္တုတိုများ
ပုံနှိပ်မှတ်တမ်း - ၂၀၁၇ ဇူလိုင် (တတိယအကြိမ်)
ထုတ်ဝေသည့်တိုက် - စိတ်ကူးချိုချို 
မျက်နှာဖုံးပန်းချီ - ချမ်းငြိမ်းကျော်
စာမျက်နှာ - ၄၅၀
တန်ဖိုး - ၅၀၀၀

ဒီစာအုပ်က အညွှန်းရေးရလွယ်တဲ့ စာအုပ်လို့ ပြောရမယ်။ ဘာလို့တို တစ်ပုဒ်စီတိုင်းအတွက် ဆရာမြသန်းတင့်က အညွှန်းပုံစံ မိတ်ဆက်ပေးထားတာကိုး။ အဲ့ဒါကို ထိုင်ကူးချပေးရင်တောင် ရပြီ။ နောက် ဒီစာအုပ်မှာ ပါတဲ့ ဆရာမြသန်းတင့်ရဲ့ အမှာက အဖိုးတန်အမှာပဲ။ ဝတ္ထုတိုအကြောင်း။ ဝတ္ထုတိုနဲ့ ပတ်သက်တဲ့ အယူအဆတွေအကြောင်း မိတ်ဆက်ပေးထားတယ်။ ဆရာမြ အမှာထဲက တချို့ကို ကောက်နုတ်ပြပါမယ်။

`ဝတ္ထုတိုသည် မည်သည့်အကြောင်းကို ရေးမည်နည်း။ မည်သည့်အရာကို ဗဟိုပြု၍ ရေးမည်နည်းဆိုသည့် ပြဿနာတွင် ကွဲလွဲကြသည်။ ဤတွင် ဂိုဏ်းသုံးဂိုဏ်း ပေါ်လာသည်။´

`ဝတ္ထုတိုသည် ဇာတ်ကောင်စရိုက် ခံစားချက် စသည်တို့ကို အဓိကထား ရေးရမည်ဟု ဆိုသည်။ ဤဂိုဏ်းက အမေရိကန်စာရေးဆရာကြီး ဟင်နရီဂျိမ်းစ် ရုရှားစာရေးဆရာကြီး ချက်ကော့ဗ်တို့၏ ဝတ္ထုတိုများကို ထောက်ပြကာ ၎င်းတို့၏ အယူအဆကို ထူထောင်ကြသည်။´

`ဒုတိယဂိုဏ်း၏ အယူအဆကမူ ဝတ္ထုတိုဟူသည် လူ့သဘာဝကို ဖွဲ့ချိန်မရှိ ဖွဲ့စရာနေရာမရှိ အဖြစ်အပျက်တစ်ခု အခြေအနေတစ်ခု သို့မဟုတ် အဖြစ်အပျက်ထဲမှ ဇာတ်ကွက်လေးတစ်ခုကိုသာ ရေးရမည်ဟု ဆိုကြသည်။ ဤဂိုဏ်းကို ခေါင်းဆောင်သူမှာ အင်္ဂလိပ်စာရေးဆရာကြီး ဆန်းမားဆက်မွန် စသူတို့ ဖြစ်သည်။´

`တတိယဂိုဏ်း၏ အယူအဆမှာ ဝတ္ထုတို၏ အသက်သည် လူ့သဘာဝအဖွဲ့လည်းမဟုတ် ဇာတ်လမ်း ဇာတ်ကွက်လည်းမဟုတ် အဖွဲ့အနွဲ့သာဖြစ်သည်ဟု ဆိုကြသည်။ ထိုအယူအဆကို ရှေ့နေလိုက်သူများမှာ အင်္ဂလိပ်စာရေးဆရာကြီး အိပ် အီး ဘိတ်စ် စသူတို့ဖြစ်သည်။´



ဒီစာအုပ်ထဲမှာ ဝတ္ထုတို ၂၅ ပုဒ်ပါ ပါတယ်။ အဲ့ဒီထဲ အမျိုးအစားသုံးမျိုး ပါတယ်လို့ ဆရာမြကအမှာ မှာ ပြောထားပါတယ်။ လူရွှန်း ဂေါ်ကီ နမ်ဟာ ဂါစီယာ စသူတို့ရဲ့ တော်လှန်ရေး ဘဝသရုပ်ဖော်တွေ။ အယ်ဘာတို မော်ရေဗီးယား ဟိုင်းရစ်ဘိုးလ် ယန်းပေါလ်ဆာ့တ်တို့ရဲ့ ဓနရှင်ဝေဖန်ရေး သရုပ်ဖော်တွေ။ ဂျိမ်းဂျွိုက်စ် ရောဘတ်ဆန် ဘို့ဂျား စထရပ် စသူတို့ရဲ့ စိတ္တဗေဒ ဝတ္ထုတိုတွေ။

အချစ်နှင့်တော်လှန်ရေး (ရီကာဒိုဖာနန်ဒေးစ်ဂါဆီယာ)
၁၉ ရာစုနှစ်က လက်တင်အမေရိကမှာ စပိန်နဲ့ အမေရိကန် နယ်ချဲ့ကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတွေ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပုန်ကန်မှုတွေ အဆက်မပြတ်တော်လှန်ရေးတွေ ကြုံတွေ့ခဲ့ရတယ်။ သူပုန်ဗိုလ် ဆာဝေဒိုဟာ မြို့တစ်မြို့ကို ဝင်စီးပြီး အရေးမလှတော့ ဆုတ်ခွာခဲ့တယ်။ အဲ့ဒီတိုက်ပွဲမှာ ဒုဗိုလ်လေးတစ်ဦးကို သူသတ်ခဲ့တယ်။ သူတို့ထွက်ပြေးရင်း လယ်သမားတစ်ဦးအိမ်မှာ ဝင်နားတယ်။ လယ်သမားအဘိုးကြီးရဲ့ သမီးနေ့စေ့လစေ့နဲ့ ကလေးမွေးတော့မယ်ဆိုတော့ ဆရာဝန်လဲဖြစ်တဲ့ ဆာလ်ဝေဒိုက ဝင်ကယ်တယ်။ အဲ့ဒီမှာ အဘိုးကြီးဆီ သတင်းရောက်လာတယ်။ မြို့စောင့်တပ်က သူ့သားကျသွားပြီ။ သူပုန်ဗိုလ်ဆာလ်ဝေဒို သတ်တာဆိုပြီး။ အဘိုးကြီးဟာ ဆာလ်ဝေဒိုကိုသတ်ဖို့ ဓားဆွဲပြီးအလာ ဆာလ်ဝေဒိုက သူ့သမီးကြီးရဲ့ ကလေးကို ချောချောမောမောမွေးပေးပြီး ရေချိုးပေးနေတယ်။ နောက်ဆုံးမှာ သူဟာ သူပုန်ဗိုလ်ကို ထွက်ပြေးခိုင်းလိုက်တယ်။

နာမည်ကြီးအောင် လုပ်နည်း (ယန်းပေါလ်ဆာ့တ်)
သူ့ဝတ္ထုထဲက ဇာတ်ကောင်က နာမည်ကြီးချင်တယ်။ တနေ့မှာ နာမည်ကြီးချင်လို့ ကမ႓ာ့အံ့ဖွယ်ခုနှစ်ပါးထဲက တစ်ပါးကို မီးတင်ရှို့တဲ့ ခေါမဒဏ္ဍာရီထဲက အိရိုစထရေးတပ်အကြောင်းကို ကြားသွားတယ်။ အဲ့ဒီမှာသူက လူတွေကို သေနတ်နဲ့ လိုက်ပစ်သတ်ဖို့ လုပ်တယ်။ သတင်းစာထဲပါရင် နာမည်ကြီးပြီပေါ့။ တကယ်လိုက်လုပ်တော့ အဖမ်းခံရတယ်။ ဒီဝတ္ထုက ဆာ့တ်ရဲ့ ဘဝပဓာနဝါဒကို အတိုချုပ်ဖော်ပြတဲ့ ဝတ္ထု။ လူသည် မိမိအတွက် ဖြစ်လာရသော သတ္တဝါ ဆိုတဲ့ ဆာ့တ်ရဲ့ အဘိဓမ္မာကို ဖော်ပြတဲ့ဝတ္ထုလို့ ဆရာမြက ပြောတယ်။

မအေတစ်ခု သမီးတစ်ခု (ဂျိမ်းဂျွိုက်)
ဒဗ္ဗလင်မြို့ အလယ်တန်းအောက်လွှာက မစ္စမွန်နီက ဘော်ဒါတစ်ခု ဖွင့်ထားတယ်။ တနေ့တော့ မစ္စမွန်နီရဲ့သမီး ပေါ်လီဟာ သူတို့ဘော်ဒါမှာ ထမင်းလခပေးစားနေတဲ့ ဒူရန်နဲ့ ငြိစွန်းရော။ လူရိုးလူအေး အလုပ်အကိုင်ကောင်းတဲ့ ဒူရန်ကို မစ္စမွန်နီက သားမက်အဖြစ် အပိုင်ဖမ်းတယ်။ သူတပါးသားသမီးကို ကျူးလွန်မိတဲ့အတွက် အရှက်တကွဲဖြစ်မှာ လူအထင်သေးခံရမှာစိုးပြီး ဗျာများနေတဲ့ ဒူရန်ကို ဂျိမ်းဂျွိုက်က ပီသစွာဖွဲ့ပြသွားတယ်လို့ ဆရာမြက ဆိုတယ်။
ဆိုတော့ အကြိုက်ဆုံးတွေကို ပြောပါဆိုရင်တော့ မော်ရေဗီးယားရဲ့ မြို့တော်ရောမနဲ့ ဆာ့တ်ရဲ့ နာမည်ကြီးအောင် လုပ်နည်းပဲ။ ကျန်တာတွေကတော့ အသင့်အတင့် အကုန်ကြိုက်တယ်။ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့ တိုက်တွန်းမိပြန်ပါကြောင်း။

ကျော်သက်ခိုင်


Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books