Book Image

နွေးသီး အပါအဝင် လက်ဆောင်အတွေးပါးပါးရသစာစုများ

ကိုပေါက်(မန္တလေး)

အဖုံးပုံမှာ တူရိယာပစ္စည်းလေးတွေ တွေ့လို့ စိတ်ဝင်စားပြီး ကိုင်ကြည့်မိတော့ ဈေးလေးလဲ မဆိုးဘူးဟဆိုပြီး ဝယ်လာခဲ့ပါတယ်။ ထိပ်ဆုံးစဖတ်ရတဲ့အပုဒ်မှာကတည်းက ရင်ထဲငြိသွားတယ်။ သူရေးပြတဲ့ ကလေးဘဝမျိုး (ခေတ်မတူတာကလွဲရင်) ကိုယ်လဲ ဖြတ်သန်းခဲ့ရဖူးတော့ အတိတ်ရဲ့အရိပ်တွေတောင် စိတ်အာရုံထဲ ပြန်ပေါ်လာသလိုပါ။ စာအုပ်ထဲမှာပါတဲ့ ထိပ်ဆုံးစာစုလေးတွေကတော့ (စာ - ရ မှ ၁၃၆ ထိ) အဖုံးပုံမှာ ပြထားတဲ့အတိုင်း တေးသီချင်းခံစားမှု စာစုလေးတွေ ဖြစ်ပါတယ်။ စာတစ်ပိုဒ်ဖတ်လိုက် ရေးပြထားတဲ့သီချင်းလေး ကြားယောင်လိုက်၊ စိတ်ထဲမှာလိုက်ဆိုကြည့်လိုက်နဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ဖတ်ရတာ အင်မတန်ကြည်မွေ့ဖွယ် ကောင်းပါတယ်။ ကျွန်တော်အနေနဲ့ ဒါတွေကို သန္တရသပေးသောစာစုများလို့ပဲ ဆိုချင်မိပါတယ်။



တေးသီချင်းတွေအကြောင်းပဲ ရေးတာဆိုတော့ သီချင်းကြိုက်သူမဟုတ်ခဲ့ရင် ဒီစာစုတွေကို လုံးဝခံစားလို့ရမှာ မဟုတ်ပါဘူး။ ဘယ်အဆိုတော်က ဘယ်သီချင်းနဲ့ နာမည်ကြီးခဲ့တာ၊ ဘယ်သီချင်းကတော့ ဘယ်သူဆိုခဲ့တာ၊ ဘယ်သီချင်းစာသားတွေရဲ့ ခေါင်းစဉ်က ဘာဆိုတာ အသေးစိတ်လေးတွေကအစ မှတ်မိနေတဲ့ (အဲဒီလိုတွေ ရေးပြနေတဲ့အတွက် ဖတ်ရတာစာအိုင်တယ်လို့ ဆိုချင်ပါတယ်) စာရေးသူရဲ့မှတ်ဉာဏ်ကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ မိုနိုတေး စတီရီယိုတေး မခွဲခင်ခေတ်ကစလို့ ပေါ့ပ်တွေရော့ခ်တွေ အလက်ထရိုတွေ ဒစ်စကိုတွေအထိ ဂီတလောက ပြောင်းလဲဖွံ့ထွားလာပုံတွေကို သူခံစားမိသလို တို့ထိပြသွားပါတယ်။ ဒီကဏ္ဍတွေကိုတော့ သူက အတွေးပါးပါးရသစာစုများလို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။

စာ ၁၃၇ က စလို့ အဆွေးပါးပါးရသစာစုများလို့ ခေါင်းစဉ်ပြောင်းပြီး ပိတောက်တွေဝေပြန်ပေါ့၊ နွေးသီး၊ မေ့မရနိုင်သောနေ့ရက်များ ရယ်လို့ စာသုံးပုဒ်ထည့်သွင်းထားပါတယ်။

ပိတောက်တွေဝေပြန်ပေါ့မှာ ဝေဆိုတဲ့ဇာတ်ကောင်က ဇာတ်ကြောင်းပြောလေဟန်ဖြင့် ရေးဖွဲ့ထားပါတယ်။ ပိတောက်ပန်းဝေတဲ့ တစ်ခုသောနှစ်မှာ ပန်းခူးဖို့ပြင်နေတုန်း လူတစ်စုက အိမ်အပြင်ကနေ သစ်ခက်တွေရိုက်ချိုးပြီး ပိတောက်ပန်းတွေ ခူးသွားရာကစလို့ ဝေ့အတွေးတွေ အတိတ်ဆီကို လှော်ခတ်ပြေးလွှားသွားပါတော့တယ်။ ပိတောက်ပွင့်တဲ့ရာသီတစ်ခုမှာ ဝေတို့ဘေးအိမ်ကို ဝေနဲ့ရွယ်တူကောင်လေးတစ်ယောက်ပါတဲ့ ဝန်ထမ်းမိသားစုတစ်စု ပြောင်းလာပါတယ်။ ပိတောက်လက်ဆောင်တွေ သွားပေးရင် ကိုထက်ဆိုတဲ့ကောင်လေးနဲ့ ဝေ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ သူတို့သူငယ်ချင်းအုပ်လိုက်ကြီးဟာ စားအတူသွားအတူဆိုသလိုနေကြရင်း လွတ်လပ်နေတဲ့ သူတို့နှစ်ယောက်ကို သူငယ်ချင်းတွေက အမြဲလိုလို တွဲစခဲ့ကြတယ်။ တိုတိုပြောရရင် မြန်မာကားတွေရဲ့ထုံးစံအတိုင်း သူတို့ညားကြလေသတည်းပေါ့ဗျာ။ ဒါပေမဲ့ အဆွေးပါးပါးဆိုတဲ့စကားနဲ့လိုက်အောင် စာရေးဆရာက သူ့ဇာတ်ကို ကြေကွဲစရာအဖြစ်အပျက်တစ်ခုနဲ့ ဇာတ်သိမ်းပေးလိုက်ပါတယ်။ ဒါက မထူးဆန်းပါဘူး။ ချစ်ကြိုက်ကွဲညားဆိုတဲ့ သင်ရိုးဟောင်းကြီးကို ကျွန်တော်တို့ သိကြပြီးသားပဲမဟုတ်လား။ ဒါအတွက်နဲ့တော့ အထွေအထူးညွှန်းစရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကပဲ မြန်မာဝတ္ထုတွေ အဖတ်နည်းလို့လား မသိဘူး။ စာရေးဆရာက သူ့ဇာတ်ကောင်တွေရဲ့အဖြစ်သနစ်မှာ ပညာပေးလေး ထည့်ရေးသွားတာကို တွေ့ရလို့ ဒီနေ့ခေတ်နဲ့လဲ အံဝင်နေတာနဲ့ တခုတ်တရ ညွှန်းလိုက်ရတာပါ။

ဒါပေမဲ့ မဝယ်ခင် အရင်မြည်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ ကျွန်တော် အရင်က ညွှန်းဖူးတဲ့စာအုပ်တွေနဲ့ မတူတာကြောင့် ကျွန်တော့်အတွက် ကောင်းပေမယ့် အညွှန်းဖတ်မိတဲ့ မိတ်ဆွေတို့အတွက် ကောင်းချင်မှကောင်းပါလိမ့်မယ်။

#ကျော်စွာ
၁၂:၃၀ နာရီ
၂၆.၈.၂၀၁၇
စာအုပ်အမည် - #နွေးသီး အပါအဝင် လက်ဆောင်အတွေးပါးပါးရသစာစုများ
စာရေးသူ - #ကိုပေါက်(မန္တလေး)
စာအုပ်တိုက် - #မဟာစာပေ
ပုံနှိပ်မှတ်တမ်း - ၂၀၁၇၊ သြဂုတ် (ပထမအကြိမ်)
တန်ဖိုး - ၂၀၀၀ ကျပ်
စာမျက်နှာ - ၁၉၁ (၂၀.၅×၁၂.၅ စင်တီ)
မျက်နှာဖုံးဒီဇိုင်း - #ကိုလတ်


Publisher Name: မဟာစာပေ

Publisher Address: အမှတ်​ (၆၃_B)၊ ၅_လွှာ (A)၊ အင်​ကြင်​းလမ်​း၊ သု၀ဏ္ဏ၊ သင်္ဃန်​းကျွန်​းမြို့နယ်​၊ ရန်​ကုန်​မြို့။ ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။

Publisher Phone Number: ၀၉၄၅၀၆၂၃၃၈၃၊ ၀၉၄၅၀၆၂၃၃၈၄။


Related Books