စာအုပ်အမည် - မြန်မာပြည်မြောက်ပိုင်း
စာရေးသူ - နတ်နွယ်
စာအုပ်တိုက် - စိတ်ကူးချိုချို စာအုပ်တိုက်
စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်
သုံးအုပ်တွဲပေါင်းချုပ် ပထမအကြိမ်
ဒီဇင်ဘာလ ၂၀၁၃
စာမျက်နှာ ရ၂၇၊ ၁၃ x ၂၁.၅ စင်တီ
မြန်မာဝတ္တုရှည် စမ်းသပ်ကာလမှာ ဆရာနတ်နွယ်ရဲ့ အောင်မြင်လှတဲ့ ဂန္ဓဝင်ဝတ္တုရှည်ကြီး ဖြစ်တယ်။ ဒီစာအုပ်ဟာ နာမည်ကြီးလှတာမို့ စာအုပ်ကို သိနေပေမယ့် ဘာစာအုပ်လဲ သေချာမသိတာရယ်။ သမိုင်းကြောင်းတွေပဲလို့ ထင်တာကြောင့်ရယ် ကိုယ်ဖတ်ဖို့ မစဉ်းစားခဲ့ဖူးဘူး။ စိတ်ကူးချိုချိုက ကျင်းပတဲ့ ပြီးခဲ့တဲ့ စာအုပ်အရောင်းပွဲကျမှ ဒီစာအုပ်ကို ကိုမိုးကြီး (မိုးသက်ဟန်)က စာအုပ်၂သောင်းဖိုးဝယ်ပြီး ပြန်ရမယ့် ၅၀% လျှော့စျေးနဲ့ ဝယ်သင့်တယ်လို့ပြောတယ်။ ဖတ်လည်း ဖတ်သင့်တဲ့ စာအုပ်ဆိုလို့ ဝယ်ဖြစ်လိုက်တယ်။ တစ်သောင်းတန်စာအုပ်ကို ၅၀၀၀ နဲ့လည်း ရလိုက်တယ်ပေါ့။ အခုရေးနေတာကတော့ စာအုပ်အကြောင်းထပ် ကိုယ်ဒီစာအုပ်ကို ဖတ်ဖို့ မစဉ်းစားထားပဲနဲ့ မမျှော်လင့်ပဲ ဝယ်မိ ဖတ်ဖြစ်တဲ့ အကြောင်းဆိုတော့ နည်းနည်းတော့ ပုဂ္ဂိုလ်ရေး ဆန်နေပါလိမ့်မယ်။
အဲဒီရက်က စာအုပ်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ကိုယ်တို့ ပြန်လာတယ်။ ရေတာရှည်လမ်းဟောင်းထိပ်က IDEA လက်ဘက်ရည်ဆိုင်မှာ ထိုင်ပြီး ဝယ်လာတဲ့ စာအုပ်တွေကို စာမြည်းမိတယ်။ မြန်မာပြည်မြောက်ပိုင်းကိုတော့ မြည်းရုံမဟုတ်ပဲ အမှာစာတွေ အများကြီးကို ကျော်ပြီး ပထမတစ်ခန်းကျော်လောက်ကို ပြီးအောင် ဖတ်မိတယ်။ အိမ်ပြန်ရောက်ပြီး တော်တော်ကြာတဲ့ အထိ မဖတ်မိပဲ နေဖြစ်တယ်။ စာမြည်းထားပြီး တစ်လကျော်လောက်ကြာမှ စာအုပ်စင်ပေါ်မှာ ဒီစာအုပ်ကို ပြန်တွေ့မိပြီး ဖတ်အုံးမှဆိုတဲ့ အတွေးဝင်ပြီး ဖတ်ဖြစ်ပါတယ်။
ဖတ်မိပြန်တော့ လက်က မချနိုင်တော့ပဲ စာမျက်နှာ ရ၀၀ ကျော်စာအုပ်ကို weekend တစ်ပတ်ထဲနဲ့ ပြီးအောင် ဖတ်လိုက်မိပါရော။ weekend တစ်ပတ်ဆိုတာ ၂ ရက်ဖြစ်ပေမယ့် တကယ်တမ်းကျတော့ တော်တော်များများကို တနင်္ဂနွေတစ်ရက်ထဲမှာ ဖတ်ဖြစ်တာပါ။ မိုးလင်းကတည်းက ခြေထောက်ထောင်လိုက် မှောက်အိပ်လို့ လဲအိပ်လိုက် ထိုင်ဖတ်လိုက်နဲ့ဖတ်လိုက်တာ အခန်းအပြင်ကိုတစ်လှမ်းမှ မထွက်၊ အစားကိုလည်း မသေရုံလေးပဲ စားပြီး ဖတ်လိုက်တာ။ ကိုယ်ကိုယ်တိုင်က စာဖတ်မြန်ပေမယ့် တစ်ချို့စာအုပ်တွေကိုဆိုရင် ဒီလိုမဖတ်နိုင်ဘူး။ စာအရေးအသား မပြေပြစ်ရင် ကိုယ်က ဆက်မဖတ်ပဲ အကြာကြီး ပစ်ထားရင် ပစ်ထားတယ်။ သုံးလေးမျက်နှာလောက်ပဲဖတ်ပြီး တစ်ခြားတစ်ခုခု ထလုပ်ရင်လုပ်နေတယ်။ ဒီစာအုပ်ဖတ်ပြီးတာနဲ့ နောက်ရက်တွေ နေမကောင်းဖြစ်နေတာနဲ့ အညွန်းရေးဖို့ကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်နေပြန်ရာက အရင်အပတ် ကချင်ပြည်နယ် ဗန်းမော်ကနေပြန်လာပြီး ခုထိ ကချင်ပြည်နယ်ကို သတိတရရှိနေတာမို့ ဒီစာအုပ်ကို ပြန်လှန်ဖြစ်နေပြီး အညွန်းရေးမိပြန်တယ်။
မြန်မာပြည်မြောက်ပိုင်းကို ဖတ်နေရင်း ကိုယ်ကိုယ်တိုင် ကချင်ပြည်နယ်ထဲကို ရောက်သွားသလို၊ ကချင်တွေ၊ ရှမ်းတွေ၊ ကသည်းတွေနဲ့တွေ့နေရသလို ခံစားရအောင်ကို ဆရာနတ်နွယ်ရဲ့ အရေးအသားက ကောင်းလှတယ်။ ဇာတ်အိမ်ကျယ်လှပြီး ဇာတ်ကောင်တွေလည်း အများကြီးပါတယ်။ အဲဒီထဲမှာ ကိုယ်သိပ်ကြိုက်တဲ့ ဇာတ်ကောင်တွေက မိန်းမတွေချည်းပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝင်ကျင်လောက်က အင်္ဂလိပ်အစိုးရကို တော်လှန်တဲ့ ခေတ်က အကြောင်းအရာတွေ၊ လူတွေ အကြောင်းရေးထားပေမယ့် ဒီစာအုပ်ထဲမှာပါတဲ့ အမျိုးသမီးဇာတ်ကောင်အားလုံးဟာ သူ့ဟာနဲ့သူ တော်ကြ ထက်မြက်ကြ မြင့်မြတ်ကြတဲ့ အမျိုးသမီးတွေချည်းပဲ။ ကိုယ်ကိုယ်တိုင်လည်း မိန်းမတစ်ယောက်ဖြစ်တာကြောင့် ဒီဇာတ်လမ်းထဲမှာပါတဲ့ အမျိုးသမီးတွေရဲ့ ဘဝနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကို တစ်ခြားအရာတွေနဲ့ စာရင် ပိုသတိထားပြီး ဖတ်မိခဲ့တယ်။
မိန်းမတစ်ယောက်ဖြစ်ပေမယ့် တော်လှန်ရေးသမားတပ်ကို ဦးဆောင်နေတဲ့ မဗျိုင်းဖြူရဲ့ ခေါင်းဆောင်နိုင်စွမ်းကို သဘောကျမိတယ်။ တစ်လလောက်ပဲ တွေ့ခဲ့ပြီး ပြန်လာမယ်လို့ ကတိပေးသွားတဲ့ ကိုရွှေဝါကို နှစ်တွေ အကြာကြီး စောင့်တဲ့ မနှင်းမြူ၊ ကိုရွှေဝါက နေပြည်တော်ကို သွား၊ တာဝန်ထမ်းဆောင်၊ စစ်ပြေးရင်းနဲ့ အိမ်ထောင်ကျ၊ အိမ်ထောင်ဖက် ဆုံးသွားတော့လည်း သူ့ကိုယ်သူ လိပ်ပြာမသန့်လို့ မနှင်းမြူဆီ မပြန်ခဲ့ဘူး။ ဒီလိုနဲ့ လေလွင့်ရင်း ဆေးသမား၊ အရက်သမားဖြစ် အသိစိတ်ပျောက်၊ ရူးသွတ်တော့မှ မနှင်းမြူဟာ ကိုရွှေဝါဘေးမှာ နေခွင့်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မနှင်းမြူဟာ မေတ္တာတရားကြီးကြီးနဲ့ ကိုရွှေဝါကို ပြုစုခဲ့တယ်။ ကိုရွှေဝါ ပြန်ကောင်းတဲ့ အထိကို ပြုစုခဲ့တာ။ မဗျိုင်းဖြူကို လေးစားသလို မနှင်းမြူကိုလည်း လေးစားမိပြန်ရော။
နောက်ထပ် အမျိုးသမီးတစ်ယောက်က မထုံးရီ။ အိမ်ထောင်ကျလိုက်၊ အိမ်ထောင်ဘက်က ဆုံးလိုက်၊ အိမ်ထောင်ကွဲလိုက် ရပ်ရွာထဲမှာ မထုံးရီကို လူထုက ပစ်ပယ်ထားတယ်။ အနေအထိုင်မတတ်လို့၊ မကောင်းတဲ့ မိန်းမတစ်ယောက်လို သတ်မှတ်ထားခဲ့တယ်။ သူတစ်ကယ်ပဲ ဒီလို ဟုတ်မဟုတ်တော့ ဆရာနတ်နွယ်က မဖော်ပြထားခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မထုံးရီဟာ လှပတဲ့ မိန်းမတစ်ယောက်၊ ယောကျာင်္းတွေရဲ့စိတ်နှလုံးကို ကပြောင်းကပြန်ဖြစ်အောင် ပြုစားနိုင်တဲ့ အစွမ်းရှိတဲ့ သူတစ်ယောက်။ သူဟာ ကိုရွှေနီနဲ့ ငြိစွန်းသလို၊ ညီဖြစ်သူ ကိုရွှေဝါကိုလည်း ပြုစားဖို့ကြိုးစားခဲ့သေးတယ်။ နောက်တော့ ကိုရွှေနီနဲ့ ရွှေဝါရဲ့ အဖေနဲ့ အိမ်ထောင်ပြုသွားခဲ့တယ်။ သူဟာ သူလုပ်ချင်တာကို ပတ်ဝင်းကျင်ကို ဂရုမစိုက်ပဲ၊ သူပျော်သလို ဘဝကို နေတယ်။ နောက်ဆုံးတော့ သီလရှင်ဝတ်လို့တကယ့် လွတ်မြောက်ရာကို ရှာဖွေသူ ဖြစ်ခဲ့တယ်။ သူ့ကိုလည်း ကိုယ်ကြိုက်တာပဲ။ ယောကျာင်္းကြီးစိုးတဲ့ ကိုယ်တို့ အရှေ့တိုင်း ယဉ်ကျေးမှုမှာ သူလို အမျိုးသမီးကို လက်ခံနိုင်တဲ့ လူရှားလိမ့်မယ်။ ကိုယ့်အမြင်ကတော့ ယောကျာင်္းလေးတွေ ပွေရှုပ်ရင် စွမ်းတယ်၊ စွံတယ်ပြောပြီး မိန်းခလေး ပွေရှုပ်တော့ ပျက်စီးတယ်လို့ သက်မှတ်တာဟာ မတရားဘူးလို့ မြင်တယ်။ ငယ်ငယ်ကတည်းက အစ်ကိုတွေမောင်တွေနဲ့ တူတူဆော့ခဲ့ပြီး သူတို့လုပ်လို့ရပြီး ကိုယ့်က မိန်းခလေးမို့ ဟိုဟာမဆော့ရ ဒီဟာမလုပ်ရလို့ လူကြီးတွေက ပြောရင် ကိုယ်က တစ်စက်မှ မကြိုက်ခဲ့တာလေ။ မထုံးရီကိုလည်း ဘဝကို ပတ်ဝင်းကျင်ရဲ့ ပါးစပ်ထဲမှာမနေပဲ သူလုပ်ချင်တာသူလုပ်ခဲ့လို့ ကိုယ်က သဘောကျတယ်။
မခေါင်ညွယ်…
ဒီဇာတ်လမ်းထဲမှာ ကိုယ်ရဲ့ ဟီးရိုးအဖြစ်ဆုံး ဇာတ်ကောင်ကို ပြရမယ့်ဆိုရင် မခေါင်ညွယ်ကိုပဲ လက်ညှိုးထိုးပြရလိမ့်မယ်။ ကချင်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူတို့ရဲ့ ဓလေ့ထုံးစံကို အလေးအနက်ထားတဲ့သူ ဖြစ်တယ်။ ဘယ်အခြေအနေရောက်ရောက်၊ ဘယ်နေရာကို ရောက်ရောက် သူဟာကချင်ပဲ။ သူ့သား မဂမ်ကလည်း ကချင်ပဲ ဆက်ဖြစ်ရမယ်ဆိုတဲ့ အယူအဆနဲ့ နေသူ။ သူတို့ လူမျိုးရဲ့ ထုံးစံအရ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ပြုပြီးရင် ယောကျာင်္းမိသားစုဝင်ဖြစ်သွားတယ်။ တကယ်လို့ အမျိုးသားဆုံးပါးသွားရင် သူ့အမျိုးသားရဲ့ ညီဖြစ်ဖြစ် အစ်ကို ဖြစ်ဖြစ်နဲ့ လက်ထပ်ရတယ်။ ညီအစ်ကိုမရှိရင်တော့ ယောက္ခမဖြစ်သူနဲ့ လက်ဆက်ရတယ်။ ရည်ရွယ်ချက်ကတော့ မုဆိုးမဖြစ်သွားတဲ့ အမျိုးသမီးကို သူတို့ မိသားစုကပဲ ဆက်လက်စောင့်ရှောက်တာမျိုး ဖြစ်နိုင်ပေမယ့် အမျိုးသမီးရဲ့ ခံစားချက်ကိုတော့ ထည့်တွက်ထားပုံမရဘူး။ ကချင်အမျိုးသမီးတို့ဟာ လက်မထပ်ခင်မှာ တစ်ယောက်ယောက်ကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်ခင်မှာ ဘယ်နှစ်ယောက်နဲ့ဖြစ်ဖြစ် စိတ်ကြိုက်တွဲ စိတ်ကြိုက်ရွေးလို့ရတယ်။ အဲဒီအတောအတွင်း မတော်တဆ ကိုယ်ဝန်ရခဲ့ရင်တောင် အဲဒီကလေးကို အမျိုးသမီးက မွေးပဲမွေးပြီး သူ့အမေရဲ့ ကလေးအနေနဲ့ သတ်မှတ်ခွင့်ရှိတယ်။ ဒီလို လွတ်လပ်ခွင့် အပြည့်ရှိပေမယ့် အဲဒီအချိန်မှာသာ အမျိုးသမီးအတွက် ရွှေရောင်ကာလတွေဖြစ်ပြီး တစ်ယောက်ယောက်ကို သူ့အိမ်ထောင်ဖက်အဖြစ် ရွေးပြီးတဲ့အခါ သူရဲ့ ဘဝဟာ လယ်လုပ်ရင်း၊ ကလေးမွေးရင်းနဲ့သာ ကုန်ဆုံးရတော့တယ်။ မတော်တဆ ခင်ပွန်းသည် ဆုံးပါးသွားရင်တောင် သူက အဲဒီမိသားစုထဲက တစ်ယောက်ယောက်နဲ့ ဆက်ပြီး အိမ်ထောင်ပြုရတော့တာကို။
ဒီကိစ္စကို မခေါင်ညွယ်က တော်လှန်လိုက်တယ်။ သူ့ခင်ပွန်းဆုံးတော့ ယောက္ခမနဲ့ လက်မထပ်နိုင်လို့ ကိုယ်ဝန်ကိုလွယ်ပြီး ထွက်ပြေးခဲ့တယ်။ ထွက်ပြေးရင်း ရှမ်းရွာတစ်ရွာအနီးမှာ ကလေးမွေး၊ မွေးတဲ့နေရာမှာပဲ အိမ်ဆောင်ပြီး နေလိုက်တယ်။ ကိုရွှေနီက သူ့ကို မေတ္တာရှိပြီး သူကလည်း သံယောဇဉ်ရှိပေမယ့်လို့ သူတို့သားအမိကို စောင့်ရှောက်ပါရစေဆိုတဲ့ ကိုရွှေနီရဲ့ လက်လှမ်းချက်ကို ငြင်းပယ်ပြီး မဂမ်ကို သူ့ကိုယ်တိုင်ပဲ စောင့်ရှောက်တယ်။ ကချင်ဓလေ့အတိုင်းပဲ ကြီးပြင်းစေတယ်။ မဂမ်အရွယ်ရောက်မှ ကချင်ရွာဆီပြန်သွားပြီး ကချင်အသိုင်းအဝိုင်းထဲမှာ ပြန်နေကြတယ်။ မိန်းမသားတစ်ယောက်ထဲ ကျန်ပေမယ့် သူ့လွတ်လပ်ခွင့်ကို သူ့ဟာသူ ဆုံးဖြတ်တယ်။ ပြီးတော့ သူနေထိုင်ရှင်သန်ဖို့ ဘယ်သူအထောက်အပံ့မှ မယူပဲနေတယ်။ တော်ရုံလူအတွက် မလွယ်တဲ့ကိစ္စ။ မခေါင်ညွယ်အတွက်လည်း လွယ်မယ်မထင်ဘူး။ ဒါပေမယ့် သူယုံကြည်ရာကို သူရအောင်လုပ်သွားတဲ့ သတ္တိနဲ့ ဇွဲကို ကိုယ်အားကျတယ်။
နန်းတွင်းထဲက ခင်ခင်လေးက လှသလောက် ခက်ထန်တယ်။ ထက်မြက်တယ်။ ကိုရွှေဝါက သူ့ကို အလေးမထားလို့ ကိုရွှေဝါအပေါ် မထင်မဲ့မြင်ပြုတယ်။ တကယ်တော့ သူ့ရဲ့မသိစိတ်မှာ ကိုရွှေဝါကို သဘောကျနေတာဖြစ်ပြီး အင်္ဂလိပ်တွေ နန်းတော်ကို သိမ်းတဲ့အခါ တော်လှန်ရေးထဲ သူပါလာတယ်။ ကိုရွှေဝါနဲ့ မမျှော်လင့်ပဲ အိမ်ထောင်ကျခဲ့ပြီး ကိုရွှေဝါကို မြတ်နိုးသူလည်း ဖြစ်တယ်။ ကိုရွှေဝါက တော်လှန်ရေးလုပ်နေတာမို့ သူကို ကိုယ်ဝန်အရင့်အမာနဲ့မို့ တောထဲမှာ မနေပဲ မန္တလေးကို ပြန်ဖို့ပြောတာကို မပြန်တာကြောင့် ကိုယ်ဝန်အရင့်အမာနဲ့ မတရားပြုကျင့်ခံရပြီး အသက်ဆုံးရှူံးခဲ့တယ်။ ခင်ခင်လေးဟာလည်း နန်းတွင်းထဲက ထက်မြက်တဲ့ မိန်းခလေးအနေနဲ့ ယောကျာင်္းတွေနဲ့ ရင်ဘောင်တန်းပြီး အမဲလိုက်နိုင်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျမိပြန်ရော။
သူတို့တွေအပြင် တစ်ခြား မိန်းခလေး ဇာတ်ကောင်တွေလည်း အများကြီးပါ ပါသေးတယ်။ ကိုရွှေဝါနဲ့ရွှေနီတို့ရဲ့ ညီမနှစ်ဦးဖြစ်တဲ့ နန်းခင်နဲ့ နန်းရင်၊ ကိုရွှေဝါရဲ့ အမေ ဒေါ်စောရုံ၊ ကိုရွှေနီရဲ့ ဇနီး မသက်ရော်… သိပ်လှတဲ့ ကချင်မလေး ဇုန်မြော်နန်း စသည်ဖြင့် အမျိုးသမီးတွေ အများကြီးရှိသေးတယ်။ သူတို့အကြောင်းတွေ ဖတ်ရင်း မြန်မာအမျိုးသမီးတွေရဲ့ မြန်မာပြည်မြောက်ပိုင်းမှာနေတဲ့ လူမျိုးစုတွေရဲ့ ယုံကြည်မှုနဲ့ ဓလေ့ထုံးစံတွေကို ထဲထဲဝင်ဝင်ကို သိလိုက်ရတယ်။ မြေပုံတွေဘာတွေနဲ့ တိုက်ဖတ်ရင်တော့ ရွာအနေအထားတွေ၊ ပထဝီအနေအထားတွေနဲ့ သဘာဝပေါက်ပင်တွေကိုတောင် သိရအုံးမယ်။ ဒါပေမယ့် ကိုယ်တော့ အဲဒီလောက် ထိမဖတ်ထားဘူး။ Novel ဖြစ်တာမို့ စိတ်ကူးယဉ်ထားတဲ့ ဇာတ်ကောင်တွေ ဖြစ်ပေမယ့် ဒီထဲက တစ်ချို့အဖြစ်အပျက်တွေနဲ့ လူတွေဟာ တကယ်ရှိခဲ့သယောင်၊ ကချင်ပြည်နယ်ထဲ သွားရှာရင် မခေါင်ညွယ်ရဲ့ မျိုးဆက်တွေကိုတောင် တွေ့အုံးမယောင် ထင်ရတယ်။ ဒီစာအုပ်အကြောင်းရေးတဲ့ စာအုပ်အညွန်းတော်တော်များများမှာ အမျိုးသားဇာတ်ကောင်တွေကိုပဲ ဦးစားပေးပြီး ရေးသွားတယ်။ ကိုယ်ကတော့ အမျိုးသမီးတွေကိုပဲ အမှတ်ရတယ်။
မယ်ကျွိ
၂၀၁၆ နိုဝင်ဘာလ ၆ရက်
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845