Book Image

စူး

သင့်လူ

အခြား မူရကာမိ

စိတ္တဗေဒနဲ့ဆိုင်တဲ့ ရာဇဝတ်မှုခင်းတွေဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အခြေအနေကို ထင်ဟပ်နိုင်သလား။ ဒေါ်တိုယက်ဗ်စကီရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ဝတ္ထုကြီးဟာ ရုရှမှာ အဲဒီခေတ်က လူတွေရဲ့ စိတ်အခြေအနေကို မြင်အောင် ရေးထားတာလို့ ဆိုကြပါတယ်။ ယခု ရူး မူရကာမိရဲ့ 'စူး'ဝတ္ထုဟာလည်း စိတ္တဗေဒဆိုင်ရာ အရှုပ်အထွေးတွေကြားက ဖြစ်လုဆဲဆဲ ရာဇဝတ်မှုခင်းတစ်ခုကို အခြေခံပြီး သဲထိတ်ရင်ဖိုဖြစ်အောင် ရေးထားတာပါ။ ဂျပန်လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်လားတော့ မဆိုနိုင်ပေဘူး။ အမှာစာရေးတဲ့ ဆရာနေမျိုးကတော့ စာပေလက်ရာတစ်ခုတည်းနဲ့ ခြုံငုံသုံးသပ်တာဟာ ပြီးပြည့်စုံမှုရှိနိုင်မယ်မဟုတ်ဘူးလို့ ဆိုပါတယ်။ 

--- 'ပြစ်မှုနဲ့ပြစ်ဒဏ်'မှာတော့ ရပ်စ်ကိုနီကော့ဆိုတဲ့ လူငယ်တယောက်ဟာ (မရည်ရွယ်ဘ)ဲ လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး အဲဒီရာဇဝတ်ဘေးကနေ လွတ်အောင် ဘယ်လိုရှောင်တိမ်းမလဲဆိုတာ သူ့စိတ်ဝေဒနာကြားကနေ အစီအစဉ်တကျ လွတ်မြောက်ရေးအကြံအစည်ကို စီမံနေတဲ့ ပုံစံပါ။ 

--- 'စူး'ဝတ္ထုမှာတော့ လူသတ်မှုဟာ မကျူးလွန်ရသေးဘူး။ ဘယ်လိုကျူးလွန်မလဲဆိုတာ ကာဝါရှီမာဆိုတဲ့ လူတယောက်က သူ့ဝေဒနာကြားကနေ စဉ်းစားစီစဉ် ကြံစည်နေခဲ့တာ။ 
--- တကယ်တော့ ဒါတွေက ဇာတ်လမ်းရဲ့ ဇာတ်လမ်းဖြစ်အောင်လုပ်ထားတဲ့ အပိုင်းပဲ။ အဓိက အကြောင်းရင်း မဟုတ်ဘူး။



--- ဇာတ်လမ်းအကျဉ်းက ကာဝါရှိမာ ဆိုတဲ့ အိမ်ထောင်ရှိ မိသားစုရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ညတစ်ညမှာ အိပ်ရာက နိုးလာပြီး မွေးကင်းစ သူ့ကလေးငယ်ကို ရေခဲခွဲတဲ့ စူးနဲ့ ထိုးသတ်ဖို့ ကြံစည်နေတဲ့ အခန်းက စထားတယ်။ အဲသလို အင်မတန် ထိတ်လန့်ဖွယ်အခြေအနေနဲ့ ဝတ္ထုကို စထားတာကိုက ဖတ်သူကို ဆက်ဖတ်ရမလား ရပ်ထားရမလားဆိုတာ ဝေခွဲရခက်စေပါတယ်။ ချွေးပြန်နေတဲ့ ကာဝါရှိမာရဲ့ လက်ထဲမှာ ရေခဲခွဲစူးဟာ တဆတ်ဆတ်တုန်ခါလို့။ သူ့ကလေးရဲ့ ဝမ်းဗိုက်ထဲကို ထိုးချချင်နေတဲ့ စိတ်က တစ်ခု။ အခြားတစ်ဘက်မှာ စူးနဲ့ ကလေးကို ထိုးဖို့ ငြင်းဆန်နေတဲ့ စိတ်ကတစ်ခု။ ဦးပုည ရေသည်ပြဇာတ်ထဲက ပေါင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဘုရင်ကြီးကို သံလျက်နဲ့ ပိုင်းသင့်မပိုင်းသင့် ချိတုံချတုံဖြစ်နေတဲ့ စိတ်တွင်းအားပြိုင်မှု အရေးအဖွဲ့လိုပဲ။

--- သူ့မိန်းမ နိုးလာတော့ သူ့လက်ထဲက စူးကို အသာဝှက်ထားပြီး စိတ်ကို ငြိမ်အောင်ပြန်ထိန်းရတယ်။ ဒါပေမဲ့ စူးနဲ့ထိုးဖို့ ကိစ္စကိုတော့ သူ လုပ်ကိုလုပ်မှဖြစ်မယ်။ စိတ်ဝေဒနာသည်တွေရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ ပြောင်းလဲဖန်တီးယူမှု တစ်ခုနဲ့ ဇာတ်လမ်းကို ရွှေ့လိုက်တယ်။ တစ်ယောက်ယောက်ကို စူးနဲ့ထိုးဖို့ဆိုရင် အဲဒီတယောက်ယောက်ဟာ သူ့ကလေးငယ်တော့ လုံးဝ မဖြစ်စေရဘူး။ အခြားတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီလို စူးနဲ့ထိုးချင်တဲ့စိတ်ဟာ သူ့ဆီမှာ ဘာကြောင့် ရှိနေရတာလဲ။ 

--- သူ လူငယ်ဘဝက အသက်ကြီးကြီး အဖော်အချွတ်မယ် တစ်ယောက်နဲ့ အတူနေခဲ့ဖူးတယ်။ အဲဒီအမျိုးသမီးဟာ သူနဲ့အတူနေရင်း အိမ်ကို အခြားယောက်ျားတွေကို ခေါ်လာလေ့ရှိတယ်။ ဒါကို သူ ခွင့်လွှတ်ခဲ့ရပေမဲ့ စိတ်မှာ အနာတစ်ခုဖြစ်နေခဲ့တာ။ ဒါပေမဲ့ ဒီလိုမိန်းမတယောက်ကို ဂရုတစိုက်ရှိတာဆိုလို့ လောကမှာ သူတယောက်ပဲ ရှိမယ်။ သူဟာ အဲဒီမိန်းမကို မစွန့်လွှတ်နိုင်ဘူး။ တနေ့တော့ အဲဒီမိန်းမ အပြင်ကပြန်လာချိန်မှာ ဆီးကြိုပွေ့ဖက်တော့ သူ့ကို မိန်းမက တွန်းဖယ်ပစ်။ သူ့ကိုယ်သူ အပြစ်ပေးတဲ့အနေနဲ့ လက်ကို ရေနွေးအိုးထဲနှစ်ပစ်လိုက်တယ်။ မိမိကိုယ်တိုင်ရဲ့ နာကျင်မှုဆိုတာကို မိတ္တူလက်ခံအဖြစ် ထားရှိပြီး အခြားလူတယောက်ကို နာကျင်အောင် လုပ်ပစ်ချင်လာတယ်။ ရေချိုးခန်းဝင်နေတဲ့ အဲဒီမိန်းမဆီကို သွားတဲ့ပြီး ရေခဲခွဲစူးနဲ့ ဗိုက်ကို ထိုးချလိုက်တော့တာပဲ။ ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်လည်း ဘာမှမသိတော့ဘူး။ အခုအချိန်အထိ မက်သမျှအိပ်မက်တွေထဲမှာတော့ ရေခဲခွဲ စူးချွန်ဟာ ရေနွေးပူလောင်ထားတဲ့လက်ထဲကနေ ရေချိုးဇလားအောက်ကို လိမ့်ဝင်သွားလို့ သူ ခက်ခက်ခဲခဲ ပြန်နှိုက်ယူပေမဲ့ ယူလို့မရဘူး။ စူးဟာ အဲဒီအိမ်က ရေချိုးဇလားအောက်မှာ ခုချိန်ထိ ရှိနေတုန်းပဲလို့ သူ ယုံကြည်နေတယ်။

--- တယောက်ယောက်ကို စူးနဲ့ ထိုးသတ်ချင်တဲ့စိတ်ဟာ သူ့ဆီမှာ အဲသည်ကတည်းက ဖြစ်တည်နေခဲ့တာပါ။ အခုတော့ သူ့ကလေးငယ်ကို သတ်မိတော့မတတ်အထိ စိတ်ဝေဒနာဟာ ရင့်မာလာခဲ့ပြီ။ တယောက်ယောက်ကို စူးနဲ့ထိုးကို ထိုးရမှ ဖြစ်မယ်ဆိုရင် အဲဒီတယောက်ဟာ သူ့ရဲ့ကလေးငယ် လုံးဝမဖြစ်စေရဘူးလို့လည်း သူ့ကိုယ်သူ ပြန်ထိန်းနေရတယ်။ သူ ရေခဲခွဲစူးနဲ့ ထိုးစရာ လူတယောက်လိုအပ်နေတဲ့အတွက် သူဟာ အဲဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်ပါတော့တယ်။ သူ့အစီအစဉ်ကို မှတ်စုစာအုပ်မှာ ချရေးပြီးတော့ကို သေချာ ပြင်ဆင်ပါတယ်။

--- လူလည်းသတ်ရမယ် နောက်ကြောင်းလည်း အေးရမယ်ဆိုတဲ့ အစီအမံမျိုးပါ။ ဟိုတယ်ဝန်ဆောင်မှုပေးတဲ့ လိင်ဖျော်ဖြေရေးကလပ်တစ်ခုက ဗိုက်သားဖွေးဖွေး မိန်းကလေးတစ်ယောက်ကို ငှားရမ်းမယ်။ အဲဒီမိန်းကလေးကို ဟိုတယ်ခန်းထဲမှာ သတ်မယ်ပေါ့။ အစီအစဉ်က ဟိုတယ်ကို ဘယ်လိုအဝတ်အစားနဲ့ သွားမယ်။ ပီကေကို ဘယ်အချိန်မှာ ဝါးမယ် စသဖြင့် အလွန်အသေးစိတ်ပါတယ်။ ချရေးနေပြီးမှ သူ့မှတ်စုစာအုပ်ဟာလည်း မလုံခြုံနိုင်ဘူးဆိုတာ တွေးမိပြီး၊ ပြင်ဆင်စီမံချက်များ ဤမှတ်စုထဲမှာ မရေးရ ဆိုတဲ့ ဝါကျနဲ့ ရပ်တယ်။ ပြီးတော့လည်း စဉ်းစားလို့ရသမျှ ချရေးပြန်တာပါပဲ။

--- ရေးထားတဲ့အတိုင်းလည်း ရုံးပိတ်ရက်မှာ မိုတယ်အခန်းတစ်ခုငှားလို့ အဆန်းအပြားလိင်ဖျော်ဖြေရေးဝန်ဆောင်မှုက မိန်းကလေးတယောက်ကို ဖုန်းဆက်ခေါ်လို့ သူ့အစီအစဉ်ကို အကောင်အထည်ဖော်တော့တာပါပဲ။ ဖြစ်ချင်တော့ သူခေါ်မိတဲ့ ကောင်မလေးကလည်း သူ့လို စိတ်ဒဏ်ရာ နောက်ခံနဲ့ ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတာပါပဲ။ ငယ်စဉ်ကတည်းက ဖခင်ရင်းဖြစ်သူရဲ့ ခြိမ်းခြောက် လိင်အနိုင်ကျင့်စော်ကားတာ ခဏခဏခံရတဲ့ မိန်းကလေး။ လိင်ဆန္ဒပြင်းပြနေချိန်ကလွဲရင် တချိန်လုံး 'ဟိုကောင်ကြီး'ဆိုတဲ့ သူ့အဖေရဲ့ အသံအရိပ်တွေကို မြင်ယောင်ကြားယောင်နေရတဲ့ သနားစရာ မိန်းကလေး။ ဒါတွေကို မြင်ယောင်လာတဲ့အခါတိုင်း သူ့ကိုယ်သူ ဓားနဲ့မွှန်းလို့ နာကျင်အောင် လုပ်ယူပြီး စိတ်ဝေဒနာကို ဖြေလျော့ရတယ်။ နာကျင်မှုသာ သူ့စိတ်ဝေဒနာရဲ့ ကိုးကွယ်ရာအလား။ အခုလည်း ကာဝါရှိမာက စူးနဲ့ထိုးဖို့မှ ကြံစည်နေတုန်းရှိသေး သူ့စိတ်ဝေဒနာ ပေါ်လာပြီး သူမကိုယ်သူမ ကပ်ကြေးနဲ့ အချက်ပေါင်းများစွာ လှီးလိုက် ထိုးလိုက် ပေါင်တစ်ဝိုက်မှာ။ သတ်ဖို့ကြံတဲ့ လူသတ်သမားခမျာ ကောင်မလေးကို သွေးထွက်လွန်မှာစိုးလို့ ဆေးရုံ ဆေးခန်းပို့ပေးရတော့တာပါပဲ။ ချိယာကီရဲ့ စိတ်ထဲမှာတော့ ကာဝါရှိမာဟာ သူ့အဖေလို ယုတ်မာတဲ့ ယောက်ျားတစ်ယောက် ဟုတ်မဟုတ်ဆိုတာ ဝေခွဲမရ ဖြစ်နေတုန်း။ ဆေးခန်းလိုက်ပို့တယ်ဆိုတော့ လူကောင်းတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေတဲ့။ အကြိုက်ဆုံးအခန်းကတော့ ဆေးခန်းက ပြန်ထွက်ခါနီးမှာ မိန်းကလေးက ကုသပေးတဲ့ ဆရာဝန်ကို 'ဒီပေါင်ကဒဏ်ရာတွေနဲ့ လိင်ဆက်ဆံလို့ ရမရ'မေးတာကိုပါပဲ။ ဆရာဝန်ကလည်း ဖြေပါတယ်။ 'အနာတွေ ပတ်တီးမကွာအောင်တော့ ဂရုစိုက်'တဲ့။

--- ကိုယ့်ဆီမှာ လိင်မှုကိစ္စဟာ ဒီလောက်အထိ မပွင့်လင်းဘူး။ လိင်ဆန္ဒဟာ လူ့ဘောင်လောကကို မောင်းနှင်နေတဲ့ အားတွေထဲက တစ်ခုလည်း ဖြစ်တယ်ဆိုတာ လူတွေ မေ့နေကြတယ်။ စိတ်ဝေဒနာတွေ ဆိုတာဟာလည်း ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း တစ်ခုပါပဲ။ ကမ္ဘာ့ လူငါးယောက်မှာ တစ်ယောက်ဟာ စိတ်ဝေဒနာ မသိမသာရော သိသိသာသာပါ စွဲကပ်နေတယ်။ အချို့ လူမှုပြဿနာတွေက ဒီအတိုင်း ဖြေရှင်းလို့ မရဘူး။ အခြေခံ စိတ်ဝေဒနာတွေကို ပျောက်ကင်းအောင် အရင်ကုသပြီးမှ ပြဿနာကို ဖြေရှင်းလို့ ရမှာတွေ ရှိနေတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖုံးကွယ်နေတဲ့ နာကျင်မှုတွေကို သုံးဖက်မြင်ပုံရိပ်လို မြင်အောင်ကြည့်တတ်မှ ပြဿနာတွေ ပြေလည်လိမ့်မယ်။ ဒါတွေကို အဓိက ပြောချင်ပုံပါပဲ။

စာအုပ်အမည် - Piercing 
စာရေး သူအမည် - Ryu Murakami
ဘာသာပြန်သူ - သင့်လူ
ဘာသာပြန်စာအုပ် အမည် - စူး
တန်ဖိုး - ၂၅၀၀ ကျပ်
ထုတ်ဝေသူ - မေဇော်စာပေ
ပထမအကြိမ် ဧပြီလ ၂၀၁၆

---
သုဒ္ဓ
23/4/2017


Publisher Name: နှစ်ကာလများ

Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈

Publisher Phone Number: 09 254848048


Related Books