Book Image

မာယာဘုံ

မြသန်းတင့်

မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)

https://savethelibrarymyanmar.org/author/30/show


မြသန်းတင့်-မာယာဘုံ
တန်ဖိုး - 4000 ကျပ်
စာအုပ်တိုက်-အမေ့ဥယျာဉ်စာပေ(တတိယအကြိမ်)


မှောင်ခိုသမားအကြီးစားတွေရဲ့ ကုပ်သွေးစုပ်အမြတ်ထုတ်ခံနေရတဲ့ ဆင်းရဲသားအလုပ်လက်မဲ့လူတန်းစားတစ်ရပ်ကို
အခြေတည်ပြီး ရေးထားတာပါ
မှောင်ခိုကုန်တွေမှာ အခြေခံကုန်တွေဖြစ်တဲ့ အဝတ်အထည် ဓါတ်ဘူးကအစ ရွှေချောင်း နိုင်ငံခြားငွေ ဘိန်းဖြူတွေပါ ကုန်ကူးကြတဲ့ မှောင်ခိုလောက

အေးမနဲ့ သူ့ချစ်သူ ထောင်ထွက် ကိုမြင့်

အေးမက အလုပ်မျိူးစုံလုပ်တယ် ငရုတ်ခူး ပဲကောက် အဝတ်လျှော် သူမလုပ်ဖူးတာမရှိဘူး
ဒါပေမယ့် မဝရေစာပဲ
အဖေက လူဆိုးဗိုလ် … မှောင်ခိုသမားတို့လက်စွဲ
အိမ်ကိုပစ်သွားတာ မိန်းမပွေ အရက်သမား လူသတ်မှုပါကျူးလွန်တတ်တဲ့ လူမိုက်ကြီး

အေးမ စိတ်နာတယ်
မိဘဆိုးတော့ သားသမီးပျက်တယ်
သားသမီးဆိုးတာပဲပြောချင်ကြတာ မိဘဆိုးတာဘယ်သူမှမပြောဘူး ဆိုတာလေးက မိဘတွေအတွက်သင်ခန်းစာ …

မိခင်ကြီးက မျက်စိတိမ်စွဲ …
ညီမလေးက စာတော်တော့ တက္ကသိုလ်ပို့ချင်တယ်
တွေ့သမျှအလုပ်ကြုံးလုပ်ပေမယ့် ထူးမလာဘူး
တစ်နေ့ ငွေလေးတစ်ရာရဖို့အရေး ခါးကျိူးမတတ် အလုပ်လုပ်နေရတော့ အချောင်လမ်းကလေးလိုက်ချင်လာတယ်
လူမှာ ဝမ်းစာမပြည့်ရင် လမ်းမှားတတ်တာပဲ

ကုန်အသေးစားလေးတွေကူးရာကနေ
မှောင်ခိုကုန်ကူးတယ်ဆိုတာ ရဲရဲပေး ရဲရဲယူတတ်ရမယ်ဆိုတဲ့အထိ
မရှိလို့လုပ်ရတာပါဆိုပြီး စိတ်ဖြေတတ်လာတာ
မှောင်ခိုကုန်ကူးရင်း စော်ကားခံရမယ့်ဒဏ်ကလည်း သီသီလေးသာလွတ်တယ်

မိန်းမရွယ်လေး မှောင်ခိုကုန်ကူးတော့ အထင်သေးအမြင်သေးကြတယ်
သတ္တိခဲအေးမက ဓါးမြှောင်တစ်လက်ခါးထိုးပြီး ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ရတာ …
ဒါပေမယ့် အေးမတစ်ယောက် အနာဂတ်လမ်းဖြောင့်ဖြူးပြီး ချစ်တဲ့ကိုမြင့်နဲ့ တူနှစ်ကိုယ်ဘဝကို ဖြူဖြူစင်စင်တည်ဆောက်ခါနီးမှ
သေမင်းခံတွင်းကိုရောက်ခဲ့ရတယ်

မောင်မြင့်ဘဝကရော …
အဖေဖြစ်သူက လူသတ်လို့ သေတော့
မအေက နောက်အိမ်ထောင်ပြုတယ်
ပထွေးကမအေယူပြီး သမီးကိုပါယူတယ်
ကိုမြင့် ထောင်ထဲရောက်တာပါပဲ
အေးမကို မှောင်ခိုမကူးဖို့ ဆုံးမခဲ့တဲ့ ဘဝကိုအကောင်းမြင်ခဲ့တဲ့ ကိုမြင့်
အလုပ်လက်မဲ့ဖြစ်ပြီး လူတွေရဲ့လူရာမသွင်းတာကို ခံလာရတဲ့အခါ ဘဝကိုအကောင်းမြင်ဖို့ သူတွန့်လာတော့တယ်
မိုင်းတွင်းမှာယာယီအလုပ်ရပေမယ့် မှောင်ခိုတလှည့်ထွက်လုပ် … စိတ်ကလွန်ဆွဲ
စိတ်ထဲမှာ ကိုမြင့်နှစ်ယောက် ပြိုင်နေသလိုပဲ

အေးမဇာတ်ရုပ်နဲ့ ကိုမြင့်ဇာတ်ရုပ်မှာ
အေးမကို အခက်အခဲအကျပ်အတည်းထဲ အမြဲရောက်စေပြီး ကိုမြင့်ကို ဘယ်နေရာရောက်ရောက် ကူညီပေးနေတဲ့ သူငယ်ချင်းတွေရှိနေတာကတော့ တစ်မျိူးဖြစ်နေသလားလို့ပေါ့
အကောင်းမြင်တာနဲ့ မိုးခါးရေသောက်တာဟာ နောက်ခံအခြေအနေချင်းကွာတာကို ပြချင်သလားလို့ထင်တယ်

မှောင်ခိုလောက အသိုင်းအဝိုင်းက လက်ဝါးကြီးအုပ်ပြီး လူသပ်မွေးထားတယ်
တာဝန်ရှိသူနဲ့ ပိုင်အောင်ပေါင်းပြီး စားတယ်
တကယ်တမ်းဖမ်းရင် အစားခံရတာက နယ်ရုပ်လေးတွေပဲ …
မိုင်းတွင်းမှာ သက်စွန့်ဆံဖျားအလုပ်လုပ်ရတာတွေ
ဘူမိဗေဒကျောင်းသားတွေ လေ့လာရေးလာတော့ ရှင်းပြတဲ့ ဘူမိပညာရပ်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်
ဘူမိသမားတွေတော့ ပို ကြိုက်ကြမယ်ထင်ပါရဲ့

ကျမအကြိုက်ဆုံးစကားတစ်ခွန်းရှိတယ်

ကျောက်တွေဟာ အပူချိန်နဲ့ဖိအားပေါ်မူတည်ပြီး ပြောင်းလဲပေမယ့် မူလအနေအထားကို ပြန်ရောက်နိုင်တယ်
လူတွေကတော့ ပတ်ဝန်းကျင်ကြောင့် ခေတ်စနစ်ကြောင့် ပြောင်းလဲခဲ့ရင် မူလအနေအထားကို ဘယ်တော့မှရောက်လာတော့မှာမဟုတ်တော့ဘူးတဲ့

လူ့လောက မာယာဘုံမှာ ကျင်လည်လှုပ်ရှားခဲ့ရတဲ့ ခေတ်တစ်ခေတ်ရဲ့ သားကောင်တွေကို စာဖတ်သူလိုက်ပါခံစားနိုင်ခဲ့ရင် … အကြိုက်တွေ့မယ့်စာအုပ်ဖြစ်ပါတယ်

#မေတ္တာရိပ်ရွေ့လျားစာကြည့်တိုက်


Publisher Name: အမေ့ဥယျာဉ်စာပေ


Related Books