Book Image

ရွှေတြိဂံနယ်မြေက ဘိန်းဘုရင် ခွန်ဆာကို ခြေရာခံခြင်း

အောင်အေး (ရန်ကုန်တက္ကသိုလ်)

စာအုပ်အမည် - The Hunt for Khun Sa, Drug Lord of the Golden Triangle

စာရေးသူ - Ron FELBER
ဘာသာပြန် စာအုပ်အမည် - ရွှေတြိဂံနယ်မြေက ဘိန်းဘုရင် ခွန်ဆာကို ခြေရာခံခြင်း
ဘာသာပြန်သူ - အောင်အေး (ရန်ကုန်တက္ကသိုလ်)
စာအုပ်တိုက် - လွင်ဦးစာပေ လှည်းတန်း
ပထမအကြိမ် မေလ၊ ၂၀၁၆။
တန်ဖိုး - ၃၅၀၀ကျပ်
စာမျက်နှာ - ၃၄၃ မျက်နှာ


ဒီစာအုပ်ဟာ လူတစ်ယောက်အကြောင်း၊ လူမျိုးစုတစ်စုရဲ့ ခေါင်းဆောင်တစ်ယောက် အကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုန်စေတဲ့ ဟီးရိုးအင်း ထုတ်လုပ်သူ တစ်ယောက်အကြောင်းကောက်ကြောင်းလို့ ကိုယ်ထင်ခဲ့တာ။ ဒါပေမယ့် တကယ်တမ်းတော့ ကမ္ဘာ့ မူးယစ်ဆေးဝါး ကွန်ယက်ကို သူက ပိုဇောင်းပေးပြီး ရေးပြသွားတယ်။ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေက စိတ်ဝင်စားဖို့ ကောင်းလို့ အဆုံးထိရောက်သွားတယ်။ သို့ပေမယ့်လို့ ယူထားတဲ့ ခေါင်းစဉ်နဲ့ ညီညွတ်မှုတော့ မရှိလှဘူး။ ခွန်ဆာဟာ အစပိုင်းနဲ့ စာအုပ်တစ်ဝက်ကျော်မှ ပြန်ပေါ်လာတယ်။ ဒါပေမယ့် ခွန်ဆာဘယ်သူလဲဆိုတာထက် ခွန်ဆာကို အမေရိကန်က ဘယ်လိုနှိမ်နင်းဖို့ ကြိုးစားလဲဆိုတာ ဘက်ကို ပိုစောင်းပြီး ရေးထားတယ်လို့ ကိုယ်မြင်ရတယ်။

ဒါနဲ့ ဒီစာစမရေးခင် ၃၆၀ ဒီဂရီ အမြင်ရအောင်၊ ၃၆၀ မပြည့်ရင်တောင် တစ်ခြားရှုထောင့်က ခွန်ဆာကို ဘယ်လိုမြင်လဲဆိုတာ သိရအောင် အင်တာနက်မှာ လျှောက်ဖတ်တယ်။ YouTube မှာ documentary ၂ခုကို သွားတွေ့တယ်။ တစ်ခုက ခွန်ဆာကို အင်တာဗျူးထားတဲ့ အကြောင်း၊ ရွှေတြိဂံဒေသရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ပြည်တွင်းစစ်ရဲ့ သားကောင်၊ မူးယစ်ဆေးဝါးသားကောင်တွေ အကြောင်း ရိုက်ပြထားတယ်။ ဒီဗီဒီယိုကို youtube ပေါ်ကို ၂၀၁၁မှာ တင်ခဲ့ပေမယ့် ရိုက်ခဲ့တာက ခွန်ဆာလက်နက်မချခင်ဆိုတော့ ၁၉ ၉ ၆ မတိုင်ခင်ကတည်း ဖြစ်လိမ့်မယ်။ Documentary နာမည်က Who is the drug King of the Golden Triangle?
နောက်တစ်ခုကတော့ ၂၀၁၆ထဲမှာမှ Youtube ပေါ်တင်ပြီး ၂၀၁၆ အစပို်င်းလောက်မှာ ရိုက်ခဲ့တာ ဖြစ်နိုင်တယ်။ ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝဟာ သိသိသာသာ မကွာခြားသွားဘူး။ နာမည်က Inside Myanmar’s Soaring Heroin Trade။
ကိုယ်လိုချင်တဲ့ အမြင်အစုံမရသေးလို့ ဒီစာစုကို မရေးသေးပဲ နေမယ့်လို့ စဉ်းစားတုန်းမှာ ဆရာမ ကြည်အေး ဆုံးတဲ့ အကြောင်းကို ခေါင်းလောင်းသံဂရုက ပိုစ့်တစ်ခုကို မပြည့်ဖြိုးဝေရှယ်လိုက်လို့ သိလိုက်ရတယ်။ ဒီဆုံးရံှုးမှုနဲ့ ကြေကွဲမှုကို ကိုယ်တစ်ခုခု မလုပ်နေရင် ရင်ဆိုင်နိုင်မှာ မဟုတ်လို့ အခုစာစုကိုရေးတယ်။ ဆရာမကလည်း သူဆုံးလို့ ကိုယ်တို့ ကြေကွဲနေတာထက်စာရင် အကျိုးရှိတာ တစ်ခုခုကို လုပ်နေတာ ပိုသဘောကျလိမ့်မယ်လို့ ကိုယ်ယူဆယုံကြည်မိတယ်လေ။
ခွန်ဆာကို ခြေရာခံခြင်းအကြောင်းကို ပြန်သွားကြည့်ရအောင်။ ဒီစာအုပ်ကို ဟီးရိုးအင်းကြောင့် အမေရိကန် လူငယ်တွေ တစ်ဖြုတ်ဖြုတ်ကြွေလွင့်ရာက စထားတယ်။ ဟီးရိုးအင်း ရောင်းဝယ်ဖောက်ကားမှု လမ်းကြောင်း၊ အမြတ်အစွန်းရတဲ့ ကိစ္စတွေအကြောင်း ရေးထားတယ်။ မူးယစ်ဆေးဝါး ကွန်ယက်ထဲက သူရဲကောင်းတွေ၊ ဘိန်းဘုရင်တွေ၊ ပြည့်တန်ဆာခေါင်းတွေ အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်ရေးပြသွားနိုင်တယ်။ ကမ္ဘာမူးယစ်ဆေးဝါး တင်ပို့မှုရဲ့ ရ၀% ကျော်လောက်က ခွန်ဆာဆီက လာတာတဲ့။ လက်ရှိအနေအထားမှာ မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှု ဒုတိယနိုင်ငံဖြစ်ပြီး အာဖကန်နိုင်ငံက ပထမနေရာကို ယူထားတယ်။ ဒါပေမယ့် ခွန်ဆာတန်ခိုးထွားတဲ့ အခါတုန်းက အာဖကန်နိုင်ငံက မြန်မာရဲ့ အနောက်မှာ ရှိခဲ့တယ်။
ဒီစာအုပ်ကနေ ခွန်ဆာအကြောင်း အများကြီးမသိရပေမယ့် သူဟာ နူးညံ့တဲ့အချိန် သိုးငယ်လေးလို့ ဖြစ်ပြီး ရက်စက်တဲ့အချိန်မှာ မထင်ရအောင် ရက်စက်တတ်တဲ့ အကြောင်း၊ မန္တလေးထောင်မှာ သူ့ကို အကျဉ်းချထားစဉ်က Chinese Great Four ထဲက တစ်အုပ်ဖြစ်တဲ့ Romance of the Tree Kingdom ကို ဖတ်ပြီး စိတ်ဓါတ်ခိုင်မာလာခဲ့တဲ့ အကြောင်း၊ ဒီစာအုပ်ဟာ သူ့ကို စစ်ဘုရင် အဖြစ်ပြောင်းလဲလိုက်တဲ့ စာအုပ်ဖြစ်တဲ့ အကြောင်း၊ သူထောင်က လွတ်အောင် သူတပ်က တောင်ကြီးမှာ ရောက်နေတဲ့ ရုရှားဆရာဝန် ၂ယောက်ကို ဖမ်းခေါ်သွားပြီး အကျဉ်းသား လဲလှယ်မှု လုပ်ခဲ့တဲ အကြောင်း၊ ကိုယ်ငယ်ငယ်က တီဗီမှာ လာတ့ဲ ခွန်ဆာလက်နက်ချတယ်ဆိုတဲ့ အခမ်းအနားရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေအကြောင်း စသည်ဖြင့် သိလို်က်ရတယ်။ ကိုယ့်မှာ တစ်ခါမှ မရှိဖူးတဲ့ အသိတွေ.. ဒါကြောင့်လည်း စာအုပ်ထဲက ပေးထားတဲ အချက်အလက်တွေနဲ့တင် မကျေနပ်မိပဲ တစ်ခြားတစ်ခြားနေရာက သတင်းတွေ သူ့အကြောင်းတွေကိုပါ လိုက်ဖတ်မိတာ။
ခွန်ဆာ အင်တာဗျူးမှာ ဖြေသွားတဲ့ စကားတစ်ခွန်းရှိတယ်။ “ဟီးရိုးအင်းက ရပ်သွားမှာ မဟုတ်ပါဘူး၊ ကျုပ်လည်း ရပ်သွားမှာ မဟုတ်ပါဘူး၊ ဆက်ဆက်ပြီး သွားနေမှာပဲ” ဒီစကားဟာ နိမိတ်ပြ စကားတစ်ခွန်းဖြစ်လိမ့်မယ်။ ဘိန်းဘုရင်လို့ ကျော်ကြားတဲ့ တိုင်းရင်းသား လူမျိုးစုတစ်စုစစ်တပ်ခေါင်းဆောင် သေဆုံးခဲ့တာ ၉ နှစ်ရှိခဲ့ပြီ၊ (အောင်တိုဘာလ ၂၀၀၇ မှ စရေတွက်သည်။) လက်နက်ချခဲ့တာ နှစ် ၂၁နှစ် ပြည့်လုပြီ နိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုက သိသိသာသာကျဆင်းသွားတာ မရှိဘူး။ ဟီးရိုးအင်းက ရပ်မသွားဘူး။
ဒီစာအုပ်က ကိုယ့်ကို ပေးလိုက်တာ အချက်အလက်တွေ တင်မကပဲ ခါတိုင်း ဘာသိဘာသာ နေတတ်တဲ့ ကိုယ့်ကို စပ်စုချင်စိတ်တွကို ထည့်ပေးလိုက်တယ်။ ကိုယ်တို့တွေ မူးယစ်ဆေးဝါးကိစ္စအဖြေရှာမလား၊ ဒါမှမဟုတ် တောင်သူတွေ ဘာလို့ ဘိန်းကို စိုက်ပျိုးနေသေးတာလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းမလား။….ဒီအဖြေဟာ ကိုယ့်မှာ မရှိပါဘူး။
(စာအုပ်နဲ့ ပတ်သက်လို့ ဘဝမကျတဲ နောက်တစ်ချက်က စာမျက်နှာတွေ ပြုတ်ထွက်ကုန်တာပါပဲ။ ကိုယ်တစ်ခါပဲ ဖတ်ရသေးတယ်။ နက်ဖြန်တော့ အိမ်နားက စာအုပ်ဆိုင်မှ သွားချုပ်ခိုင်းမှဖြစ်မယ်)
မယ်ကျွိ
မနက် ၂နာရီ ၃၂မိနစ်
December 29 2016


Publisher Name: လွင်ဦးစာပေ

Publisher Address: အမှတ် (၁၆ အေ) လှည်းတန်း ၂ လမ်း၊ကမာရွတ်မြို့နယ်၊ရန်ကုန်။

Publisher Phone Number: 09259289154


Related Books