Book Image

ဝင်းငြိမ်းနှင့် စာရေးဆရာများ အတွဲ (၁) ၊ (၂)

ဝင်းငြိမ်း

စာရေးဆရာများ 


စာညွှန်း / ဝင်းငြိမ်းနှင့် စာရေးဆရာများ အတွဲ (၁) ၊ (၂)။ 

• ခပ်ဝေးဝေးနေမှသာ ကြည်ညိုဖွယ်ကောင်းသော စာရေးဆရာများ ရှိပါသည်။ 
• အနီးရော၊ အဝေးရော ကြည်ညိုစရာကောင်းသော စာရေးဆရာများလည်းရှိပါသည်။ 
• ပိုနီးလေ ပိုကြည်ညိုရလေဆိုသော စာရေးဆရာများလည်း ရှိပါလိမ့်မည်။ 
• မည်သို့ပင်ဆိုစေ၊ စာရေးဆရာများမှာကား လူသားများပင်ဖြစ်ပါသည်။ 
• စာရေးဆရာသည် ကျနော်တို့ထက် ဘာများ ထူးနေပါသနည်း။ 
• စာရေးဆရာနှင့် ပတ်သက်၍၊ မေးခွန်းများစွာ ကျနော် ထုတ်ကြည့်ဖူးသည်။ 
• ဝင်းငြိမ်း ဗျူးသော စာရေးဆရာများမှာ မည်သို့ မည်ပုံရှိနေပါသနည်းးး။ 

ပေဖူးလွှာကို ကျနော် မဖတ်ဖူးပါ။ ပေဖူးလွှာမှာ အင်တာဗျူးတွေ ဖော်ပြခဲ့တုန်းကလည်း ကျနော်ပင် မမွေး သေးပါ။ နှစ်ပေါင်း (၃၀) လောက်မှ စုစည်းထုတ်ဝေဖြစ်တဲ့ အင်တာဗျူး နှစ်အုပ်တွဲကျမှ ဖတ်ခွင့်ရသည်။ သို့သော် ကျနော့် လက်ထဲ စာအုပ်ရောက်လာသည်က၊ ၂၀၁၈ ကျမှ ဖြစ်သည်။ ကျနော် ဖတ်ရသည့် စာအုပ်က ၂၀၁၂ မှာ ပုံနှိပ်ထုတ်ဝေသည့် ဝင်းငြိမ်းနှင့် စာရေးဆရာများ အတွဲ (၁) ၊ (၂) ။ 

ကြာခဲ့ပြီဖြစ်သော အင်တာဗျူးများမှာ အခုအချိန်ထိ လတ်ဆတ်နေဆဲဖြစ်ပါသည်။ သည်အထဲမှ၊ စာရေးဆရာ ကြီးတော်တော်များများသည် ကွယ်လွန်ကုန်ကြပြီ။ အချိန်သည် စာရေးဆရာ၏ မှတ်ကျောက်ကို တင်နေပါသည်။ သူတို့ ရေးသားခဲ့သော စာအုပ်များ ဘယ်၍ ဘယ်မျှ ပုံနှိပ်ထုတ်ဝေနေရဆဲ ဖြစ်ပါသနည်း။ စာအုပ်ဆိုင် များကို သွားလျှင်၊ ဘယ်စာရေးဆရာများ၏ စာအုပ်များကို အများဆုံး တွေ့ရပါသလဲ။ ကျနော်တို့ မျက်စိကို ဝေ့ဝဲကြည့်လိုက်ရုံဖြင့် သိနိုင်ပါသည်။ အောက်သက်ကျေခဲ့သော၊ အရိုးခံစိတ် ခိုင်မာခဲ့သော၊ အားထုတ်မှု မညံ့ခဲ့ သော စာရေးဆရာများ၏ စာအုပ်များမှာ အခုအချိန်ထိ ပုံနှိပ်ဖြန့်ချိနေရဆဲဖြစ်ပါသည်။ ကျန်သူများမှာလည်း သူ့ခေတ်သူ့အခါက အတော်ကောင်းမွန်ခဲ့သော ခေတ်သရုပ်များကို ဖော်နိုင်ခဲ့သူချည်းဖြစ်ပါသည်။ အနာဂတ် ၌ ဆက်လက်ရှင်သန်ခြင်း၊ မရှင်သန်ခြင်းကတော့ တစ်မျိုးတစ်ဖုံ ရှိလိမ့်မည်ဟု ထင်ပါသည်။ 

......................... @@@ ....................

တိုက်တိုက်ဆိုင်ဆိုင် ကျနော် စာပေလောကထဲ ခြေတစ်လှမ်တိုးလာသည့် အချိန်။ ကိုယ့်ကို လူတွေက စာရေး ဆရာလို့ စ,ခေါ်နေကြသည့်အချိန်။ ကျနော်ကလည်း စာရေးဆရာဟူသော နာမ်ပုဒ်ကို ပြာပြာသလဲ ငြင်းပယ်နေ သည့်အချိန်။ သည်နေရာမှာ ပြာပြာသလဲ ငြင်းပယ်နေတယ်ဆိုတာသည့် စကားကို ရှင်းပြချင်ပါသည်။ ကျနော် က တက္ကသိုလ်ကျောင်းသား ဘဝမှာတင် စာရေးဆရာ အသေအလဲဖြစ်ချင်ခဲ့သူ။ စာဖတ်သက် (၁၀) တင်းတင်း ပြည့်လာသည့်အချိန်မှာ စာပေခြေလှမ်းကို ခပ်သောသောလေး နှင်လာနိုင်ခဲ့သည်။ အကြောင်းများ အကျိုးပေး လာသည့် အချိန်ရောက်လို့ ဖြစ်ပါလိမ့်မည်။ သို့သော် ကျနော် စာရေးဆရာ ဘဝကို မခံယူရဲတော့။ 

အကြောင်းမှာ ဤသို့ဖြစ်ပါသည်။ ယခင်က စာရေးဆရာ ဘဝကို အင်မတန် လိုချင်ခဲ့သည်။ ထို့ကြောင့်လည်း အမြဲမပြတ် ရေးနေ၊ ဖတ်နေ၊ မှတ်နေ ဖြစ်သည်။ စာများကို တွင်တွင်ကျယ်ကျယ်ရေးလာနိုင်သည့် အချိန်မှာ စာရေးဆရာတွေရဲ့ ဘဝကို လေ့လာကြည့်မိသည်။ ယခင်ကလည်း ဂရုတစိုက်လေ့လာဖြစ်ခဲ့ဖူးသည်။ စာရေး ဆရာဘဝရဲ့ ခက်ခဲမှု၊ ရုန်းကန်မှုများကို တွေ့ရသည်။ တကယ့် စာရေးဆရာကြီးများ၏ ဂုဏ်ကို လေးစားမိ သည်။ အားကျမိသည်။ ထို့ကြောင့် ယခင်က စာရေးဆရာ ငမ်းငမ်းတက်ဖြစ်ချင်နေသော ကျနော်၊ အခု စာရေးဆရာဟု အခေါ်ခံလိုက်ရချိန်မှာ နည်းနည်းတွန့်သွားသည်။ ကျနော်ဖတ်ခဲ့သော၊ ကျနော် ကြိုက်ခဲ့သော စာရေးဆရာကြီးများ၏ မျက်နှာက မျက်လုံးထဲ ပေါ်ပေါ်လာသည်။ သူတို့နှင့် ယှဉ်လျှင် ကျနော့် အားထုတ်မှုများ က ဘာမှ မဟုတ်သေး။ လောက်လောက်လားလား စာရင်းပင် မဝင်သေး။ ထို့ကြောင့် စာများကို များများရေးဖြစ် နေသော်လည်း တပါးသူများက စာရေးဆရာဟု ခေါ်လျှင်ကား ကျနော့်စိတ်ထဲ အခုထိ မသိုးမသန့်ဖြစ်မိနေဆဲ… ဟု ဝန်ခံလိုက်ရပါသည်။ 

ဝင်းငြိမ်းနှင့် စာရေးဆရာများ စာအုပ်နှစ်တွဲကို မိမိရရစုထားလိုက်မိသည်။ အတွဲ (၂)ကို စာအုပ်ဆိုင်ကနေ ကံကောင်း၍ တွေ့သည်။ အတွဲ (၁) က၊ ချစ်မိတ်ဆွေ စာဖတ်သမားကြီး တစ်ဦးဆီက ရသည်။ သူက ကျနော် စာရေးဆရာများအကြောင်း လေ့လာနေသည်ကို သိသည်။ အခုနောက်ပိုင်း ကျနော် ပရိုဖိုင်တွေ၊ ရုပ်ပုံလွှာတွေ ရေးနေတာလည်း သူဖတ်ရသည်။ ထို့ကြောင့် ကျနော်က သူ့ဆီမှ ဓားပြတိုက်၍ အတွဲ (၁) ကို တောင်းသည်။ တကယ်တော့ သူက ဓားပြတိုက်ယူစရာပင် မလိုပါ။ လိုလိုလားလားပေးခဲ့ပါသည်။ ထို့ကြောင့် နှစ်အုပ်တွဲလုံး ကျနော် ပိုင်ပိုင်နိုင်နိုင်ဖတ်မိသွားသည်။ ထို့နောက် စာရေးဆရာများ၏ အဇ္စျတ္တက ကျနော့်ကို မွှေနှောက်နေခဲ့ တော့သည်။ 

◾️သူတို့ သူတို့ 

စာရေးဆရာ ဘဝ၊ စာဖတ်သမား ဘဝ နှင့် ရုန်းကန်လှုပ်ရှားရပုံများ။ သူတို့အမြင် အထင်များ၊ သူတို့ ယူဆချက် များ၊ သူတို့ကြည့်သည့် ထောင့်များနှင့် သူတို့ ဘဝ ဖြတ်သန်းမှုများ။ 

သူတို့ရေးသည့် စာအုပ်ထဲတွင် မပါသော အကြောင်းအရာများကို ဖတ်ရ၍ ကျနော့်အတွက် ပို၍ ရခဲ့သည်။ ဝင်းငြိမ်းက အင်တာဗျူးများကို ဆက်တိုက်လုပ်သည်။ တို့တိတို့တိ မဟုတ်။ တို့ခနိဆိတ်ကနန်းလည်း မဟုတ်။ ထိထိမိမိ၊ ပိပိရိရိ။ စာရေးဆရာကို သူ့က အရှေ့က ဆွဲသည်။ စာရေးဆရာက သူ့မေးခွန်းများကို လိုက်၍ ဖြေ သည်။ လိုချင်တာကို နှိုက်ထုတ်သည်။ အင်တာဗျူး အရေအတွက်က များသော်လည်း ဝင်းငြိမ်းမှာ THEME ရှိသည်။ 

ကျနော် အားတိုင်း ဝင်းငြိမ်းနှင့် စာရေးဆရာများ ကို ကောက်ကောက်ဖတ်သည်။ မာတိကာကို ကြည့်သည်။ ကိုယ်သဘောကျသည့် စာရေးဆရာများကို အရင်လှန်ဖတ်သည်။ သူတို့ ဘာတွေ ပြောသလဲ၊ ဝင်းငြိမ်းက ဘာမေးသလဲ သိချင်သည်။ သူတို့ မေးတဲ့၊ ဖြေတဲ့အထဲကမှ စာရေးခြင်း၊ စာဖတ်ခြင်းအကြောင်းများ ပါလာလျှင် စိတ်ထဲက ဘဝင်ခွေ့သည်။ ကိုယ့်အဖြစ်နှင့် တိုက်တိုက်ကြည့်သည်။ ေဩာ်… ငါနဲ့ တူပါ့လား၊ ေဩာ်… ငါ့လို ပါပဲလား… လို့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလေတိုင်း စိတ်ထဲက တစ်မျိုးတစ်ဘာသာဖြစ်မိနေသည်။ ဘဝင် ခိုက်သည်…ဟုတော့ မဆိုချင်။ တစ်မျိုးတော့ တစ်မျိုး။ ထိုတစ်မျိုးကို ကျနော် အဓိပ္ပာယ်မဖွင့်တတ်။ 

စာရေးဆရာများ၏ စာရေးခြင်း အကြောင်းများကို သိရသည်။ သူတို့ ဘာ့ကြောင့်စာရေးဖြစ်လာကြသလဲ။ အားလုံးမှာတူသော တစ်ချက်ရှိပါသည်။ အဲဒါက၊ ရေးချင်လို့ ရေးကြတာ ဖြစ်ပါသည်။ မရေးချင်ဘဲ ဖြစ်ညစ် ရေးနေသော သူသည် စာရေးဆရာ စာရင်း မဝင်လာနိုင်ပါ။ သည်လို အဆင့်မျိုးကိုလည်း ရောက်လာနိုင်စရာ အကြောင်းမရှိ။ အခြေခံစာရေးဆရာ ဂုဏ်အင်ပင် မရှိ။ စိတ်ထဲက မရေးရ မနေနိုင်လို့ ရေးကြရင်း စာရေးဆရာ ဖြစ်လာသူတွေ များကြသည်။ ကမ္ဘာ၊ မြန်မာ၊ ပြည်တွင်း၊ ပြည်ပ ဘယ်လိုပင် ကွဲလွဲစေကာမူ၊ သည်အချက်မှာ တော့ အားလုံးလိုလို တူကြလိမ့်မည်ဟု ယူဆမိသည်။ ရေးချင်စိတ် မပေါ်စေဦးတော့၊ ရေးဖို့အတွက် အားထုတ် နေကြသည်သာ ဖြစ်ပါသည်။ စာရေးဆရာက တစ်ခုခုကို လေ့လာနေ၊ ဖတ်နေ၊ မှတ်နေ၊ ဆွေးနွေးနေ၊ စောင့် ကြည့်နေ၊ အကဲခတ်နေသူ ဖြစ်ပါသည်။ သူ့စိတ်သည် သူ အိပ်နေစဉ်မှာပင် အငြိမ်မနေတတ်။ စာပေစိတ်သည် စိတ်၊ ဦးနှောက်နှင့် နှလုံးသားကို အမြဲလှုပ်လှုပ်ရွရွ တွန်းထိုးနေတတ်သည်။ ဤကား စာရေးဆရာတည်း။ 

#ရေးချင်စိတ် သည် စာရေးဆရာတစ်ယောက်အဖို့ ပို၍ အရေးကြီးသည်။ ကိုယ်ရေးသော စာကို ဘယ်လို အားထုတ်သည်ဆိုတာလည်း အရေးကြီးသည်။ ပေါ့ပျက်ပျက်အားထုတ်လျှင် ရေးသူကိုယ်တိုင်သိသည်၊ ဖတ်ရ သူကလည်း အလိုလိုသိနေသည်။ ဝေဖန်ရေးဆရာများက ထုတ်ဖော်မဝေဖန်စေကာမူ၊ စာပေါ့စာသွမ်းများကို ကိုယ်ကိုယ်တိုင် သိနေသည်။ ဖတ်နေရသူက သိနေသည်။ စာရေးဆရာမှာ ရိုးသားမှုဓာတ်ခံ အားကြီးကြီး လို အပ်ပါ့လားဆိုတာ နားလည်လိုက်ရပါသည်။ 



နှစ်တွဲပေါင်း စာရေးဆရာပေါင်း (၅၆) ယောက်ရှိသည်။ ဇော်ဂျီနှင့် မင်းသုဝဏ်ကို တွဲ၍ အင်တာဗျူးသည်။ ကျန်သူများက၊ တစ်ယောက် ဗျူး တစ်ပုဒ်စီ။ တချို့ကို သုံးလဆက်တိုက် ဖော်ပြရသည်ဟု ဆိုသည်။ အင်တာ ဗျူးတော်တော်များများ က ရှည်သည်။ ဆွေးနွေးချက်များ များပြားသည်။ အဗျူးခံ စာရေးဆရာများကလည်း ပြောချင်တာတွေ လွတ်လွတ်လပ်လပ် ပြောကြသည်။ 

ဆရာကြီး မောင်စူးစမ်းက သူ့၏ ဆောင်းပါး တစ်ပုဒ်မှာ ဤသို့ ရေးဖူးသည်။ ဆောင်းပါး နာမည်မှာ ဗားရှင်းမှ ဝေဒနာ ဟူသော နာမည်နှင့်ဖြစ်သည်။ 

စာရေးဆရာသည် စာ စရေးသည်ဟု ဆိုကတည်းက ဖန်တီးရေး လုပ်ငန်းကို လုပ်ခြင်းဖြစ်လေရာ စာရေးဆရာ သည် မူလအားဖြင့် ဖန်တီးရေးသမား (Creator) ဖြစ်လေ၏ ။ စာရေးရင်း မိမိစာကို အဖန်ဖန် အလဲလဲ ဖတ်ကြည့်၏ ။ မလိုတာတို့ကို ခြစ်ပစ်၏ ။ လိုတာတို့ကို ထပ်ဖြည့်၏ ။ အသုံးမကျဟု ထင်လျှင် လုံးထွေးပြီး လွှင့်ပစ်၏ ။ ဤသည်မှာ စာရေးဆရာသည် ကိုယ့်စာကို ကိုယ် ဝေဖန်နေရသော သဘောဖြစ်ပါသည်။ ထို့ကြောင့် စာရေးဆရာသည် တစ်ပြိုက်နက်တည်းတွင် ဖန်တီးရေးသမားလည်း ဖြစ်၊ ဝေဖန်ရေးသမား (Critic) လည်း ဖြစ်ရကုန်သည်။ (ကောက်နုတ်ချက် / ဗားရှင်း မှ ဝေဒနာ ဆောင်းပါး ၊ မောင်စူးစမ်း ။)

စာရေးဆရာဟူသည် ဖန်တီးသူလည်းဖြစ်သည်။ တစ်ဖက်တွင် သူကိုယ်တိုင်ဝေဖန်နေရသူလည်းဖြစ်သည်။ အခု ဝင်းငြိမ်း၏ အင်တာဗျူးများကို သည်အယူအဆဖြင့်တွဲ၍ ကြည့်မိသည်။ အင်တာဗျူးဖြေနေစဉ်မှာ ဖြေသူ စာရေးဆရာမှာ သူ့စကားကို တည်းဖြတ်လို့ မရ။ အမှားကို ချက်ချင်း ပြန်သတိရလို့၊ ပြန်ပြင်ကောင်း ပြန်ပြင် မည်။ တော်တော်များများသည် စာရေးဆရာ၏ အာဘော်ကို တိုက်ရိုက်ဖော်ပြနေသည်။ တစ်ဖက်တွင်လည်း စိတ်အစဉ်မှာ ပေါ်လာသည့် အကြောင်းအရာများကို တစ်ဒိုင်းဒိုင်းနှင့် တရပ်စပ် ဖြေနေရသည်။ တမေ့တမော ကြီး ထိုင်စဉ်းစားနေချိန်မရ။ သူ့စိတ်ရေစီးကြောင်းမှာ ရှိထားတာတွေကို ချက်ချင်း ထုတ်ပြရသည့် သဘော ရှိသည်။ ထို့ကြောင့် လူတော်တော်များများသည် အင်တာဗျူးများကို ကြောက်သည်။ တစ်ဖက်မှာလည်း ကိုယ့် ဝမ်းစာ ကိုယ်ပြန် ငုံ့ကြည့်ရသည့်အနေအထား ရှိသည် မဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်ခံအားကောင်း သော စာရေးဆရာများမှာ လွတ်လပ်စွာ အဟုန်ဖြင့် စီးဆင်းနေသော ရေပမာ။ ဝင်းငြိမ်းဗျူးသော စာရေးဆရာ အားလုံးမှာ ဗျူးလောက်သူချည်း သာ ဖြစ်ပါသည်။ 

@@@

ဘာ ရီကော်ဒါမှ ခေတ်မစားခင် အချိန်ကတည်းက ဝင်းငြိမ်းက ၊ ကက်ဆက်တိတ်ခွေများဖြင့် အသံသွင်းခဲ့သည် ဖြစ်၍ ဒီနေရာမှာ ဆရာဝင်းငြိမ်းကို ကျေးဇူးတင်ကြောင်းပြောလိုပါသည်။ ဆရာ့ ဆရာကြီးများ၏ အာဘော် ကို နှိုက်ထုတ်နိုင်စွမ်းရှိဖို့၊ ဗျူးသူမှာ အတော်အားထုတ်ခဲ့ရမည် ထင်သည်။ သူ့စာကို မဖတ်ဘဲ သူ့ကို ဗျူးပါက ဘယ်လိုလုပ် အနှစ်သာရရှိပါမည်နည်း။ ဗျူးသူက မေးခွန်းတစ်ခုအတွက် ကောင်းကောင်း အားထုတ်ထားသည် ကို ရိပ်စားမိသည်။ ဗျူးခြင်းနည်းဗျူဟာများကိုလည်း လေ့လာလိုက်ရသည်။ အင်တာဗျူးကောင်း တစ်ခု ဟူသည်ကား ဆိုပြီး ထုတ်ပြစရာ နမူနာကောင်းတစ်ခု ထွက်လာသည်။ 

◾️တက္ကသိုလ်ဘုန်းနိုင်

အင်တာဗျူးများကို ဖတ်ရင်း စာရေးဆရာများ၏ ဘဝဖြတ်သန်းပုံများကို သိရ၍၊ ကျနော့်အတွက် ပိုအသုံးဝင် သည်။ ကျနော် ကိုယ်တိုင် စာပေနယ်ကို ခြေဆန့်ဖို့ အားယူနေရဆဲ။ ဥပမာ - ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်။ 

နဂိုက တက္ကသိုလ်ဘုန်းနိုင်ကို၊ စိတ်ပညာ ပါမောက္ခတစ်ယောက်၊ ကျောင်းဆရာတစ်ယောက်၊ စာရေးဆရာ တစ်ယောက်၊ ဂန္တဝင်မြောက်သော ဝတ္ထုတွေ ရေးနိုင်ပါဘိ…. လို့ ပညတ်ထားသည်မှ လွဲ၍ တခြား မရှိ။ အင်တာဗျူးကို ဖတ်ရတော့မှ ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ ဘဝ တစ်စိတ်တစ်ဒေသကို မြင်လိုက်ရသည်။ ခက်ခဲ ကြမ်းတမ်းသော ဘဝမှ ဖြတ်သန်းလာသော စာသမားတစ်ယောက်၊ ပညာတတ်တစ်ယောက်၊ ကျောင်းဆရာ တစ်ယောက်။ 

“ကျွန်တော့်ဘဝမှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေရတဲ့ အချိန်၊ အမေက အိပ်ရာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေလေး ငါးကျပ်ပဲ ရှိတယ်။ သားသမီး ငါးယောက်စားဖို့ လက်ထဲမှာ ငွေငါးကျပ်ပဲ ရှိတယ်။ ဆွေလည်း မရှိဘူး။ မျိုးလည်း မရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက် မီးလောင် နေမလဲ။ မနက်ကျနော့် ကြံရာမရဖြစ်ပြီး အဲဒီငွေလေး ငါးကျပ်ကို ရင်းပြီး ထမင်းသုပ် ရောင်းတယ်။ ကျွန်တော့် အစ်မကလည်း အပျိုပေါက်အရွယ်ဆိုတာ့ ခိုင်းလို့ မဖြစ်ဘူး။ ကျွန်တော်နဲ့ အမေနဲ့ပဲ ထမင်းသုပ် ရောင်းခဲ့ရ တယ်။ မုန့်ဟင်းခါး ရောင်းခဲ့ရတယ်။ နေ့မှာတင် မဟုတ်ဘူး။ တစ်ကျပ်တစ်ပြားကလေး မြတ်ဖို့အတွက် တော ရွာ ရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိ လိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရ တယ်။ ဒါမျိုးတွေ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတယ်။ 

ပြီးတော့ ကျွန်တော့်ဘဝက အကြောင်းကြောင်းကြာင့် မိဝေးဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။ တော်တော်လေးကြီးလာလို့ တက္ကသိုလ်တက်ရတော်လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ်လုပ်ရတယ်။ ကျားကျောင်းမှာ ကျောင်း ဆရာလုပ်ရတယ်။ တခါတလေ အလုပ်မရှိလို့ ကျောင်းငွေ မသွင်းနိုင်ဘူး။ မိဘကလည်း အဲဒီအချိန်မှာ တော်တော် ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထားပေးမယ်လို့ ပြောပါတယ်။ အမေ့ ကျေးဇူး အလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့ လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ်နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော် မမေ့နိုင် ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ်မှာ သူများတွေက တစ်နေ့ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေတယ်။ ပေးပါ ကမ်းပါ ဆိုလည်း ပေးမယ့်သူ မရှိဘူး။ ကူညီမယ့်သူ မရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျော့ခဲ့ဘူး။” 

သည်စကားများသည် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ စကား တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ ကျနော် ဝမ်း နည်းခဲ့ရသည်။ သည်စာကိုဖတ်ရင်း၊ အခု သည်စာကို ပြန်ရေးနေရင်း ကျနော် ဆို့နင့်ရသည်။ ဘဝဟူသည် ဒုက္ခနှင့် ရုန်းကန်ခြင်းပါ့လားလို့ တွေးမိသည်။ ကျနော်လည်း ကျနော့်အတိတ်ကာလကို မှန်းဆကြည့်မိသည်။ ကျနော် သက်ပြင်းတစ်ချက် ချလိုက်သည်။ 

အင်တာဗျူးများထဲ၌ ဤသို့သော ဘဝဇာတ်ကြောင်းများပါလာလျှင် ကျနော့်စိတ်မှာ နင့်ခနဲ၊ နင့်ခနဲ။ ဝင်းငြိမ်း နှင့် စာရေးဆရာများ အင်တာဗျူး နှစ်အုပ်ပေါင်း စာမျက်နှာ (၁၀၀၀) နီးပါးရှိသည်။ စာအုပ် ဆိုဒ်ကြီး၊ စာလုံးများက ကြီးကျဲ မဟုတ်။ ခပ်စိပ်စိပ်။ ထို့ကြောင့် စာပါဝင်မှုများသည်။ ဖတ်ရတာ အားပါးတရ ရှိလှသည်။ စကားများကို စာအနေနဲ့ ပြန်ဖတ်ရတာ အရသာ ရှိနေသည်။ 

စာရေးဆရာများ ပြောသည့် စာပေအယူအဆ၊ စာပေအတွေးအခေါ်၊ စာပေအမြင်များကိုလည်း လေ့လာရ သည်။ စာအုပ်နှစ်အုပ်လုံးကို မင်နီများ ဒင်းကြမ်း ခြစ်ပစ်လိုက်သည်။ တချို့ကို ကွန်ပြူတာထဲမှာ မှတ်စုထုတ် ရေးမှတ်ထားလိုက်သည်။ ဆရာမြသန်းတင့်၏ အင်တာဗျူးထဲမှ စာရေးဆရာဘဝနှင့်ပတ်သက်သော အမြင်၊ ဆုံးဖြတ်ချက်များဆိုလျှင် အကုန်လုံးနီးပါး ရေးမှတ်ထားလိုက်မိသည်။ 

အောင်သင်း၊ ဂျူး၊ မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်၊ အထောက်တော်လှအောင်၊ မောင်သာရ၊ ကျော်အောင်၊ ဒဂုန်တာရာ၊ မောင်သော်က၊ သာဂဒိုး၊ တင်မိုး၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ငြိမ်းကျော်၊ မင်းလူ၊ မောင်ဝဏ္ဏ၊ ခင်နှင်းယု၊ သုမောင်၊ မောင်စွမ်းရည်၊ ပါရဂူ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ နတ်နွယ်။ ခင်မျိုးချစ်၊ ခင်ဆွေဦး၊ မလေးလုံ၊ မင်းသိင်္ခ၊ မစန္ဒာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ တက်တိုး၊ ထီလာစစ်သူ၊ ဒေါင်းနွယ်ဆွေ၊ သာဓု၊ သုမောင်၊ သော်တာဆွေ၊ နုနုရည် (အင်းဝ)၊ ကြည်အောင်…. စုံလို့ စီလို့ ဖြစ်သည်။ 

သည်အထဲတွင် ဆရာကြီး ဦးအောင်သင်းကို၊ စာပေလူကြမ်းမင်းသား ဟု အမည်တပ်သည်။ ကောင်းလေစွ၊ ကောင်းလေစွဟု ကျနော်နှုတ်က ရေရွတ်မိသည်။ ခေတ်၊ စနစ်နှင့် စာပေကိစ္စရပ်များကို ခပ်ကြမ်းကြမ်း ဝေဖန် တတ်သည့် ဆရာကြီး ဦးအောင်သင်း၏ လေသံကို ကျနော်ကြိုက်သည်။ ချက်ကျလက်ကျ ဝေဖန်ရေးစကားလုံး များက ကျနော့်ကို ထိသည်။ ကျနော် ဆယ်ကျော်သက် ဘဝကတည်းက၊ ဆရာ အောင်သင်း၏ စာအုပ်များကို ဖတ်နေခဲ့ပြီ။ ဆရာကြီး၏ စာပေဟောပြောပွဲ တိတ်ခွေများကို ထပ်တလဲလဲ နားထောင်နေတတ်ပြီ။ အခု ဝင်းငြိမ်း ၏ အင်တာဗျူးမှာ ဆရာကြီး ဦးအောင်သင်း၏ အင်တာဗျူးကို ဖတ်ရတော့ ပို၍ သဘောခွေ့သွားသည်။ ကောင်းလေစွတကား။ သည်လူကြီး၏ စကားလုံးပြောင်မှုကား အဘယ့်ကြောင့်နည်း…ပေါ့။ 

◾️ဂျူး

ဂျူးသည် ကျနော်နှစ်နှစ်ကာကာ ကြိုက်၍ ဖတ်သော အမျိုးသမီးစာရေးဆရာ ဖြစ်သည်။ သူ့စာအုပ်များကို ကျနော် သိသည်။ သို့သော် သူ့ဝတ္ထုတိုများကို ကျနော် သိပ်မသိ။ ဂျူးခရေဇီ မိတ်ဆွေအမျိုးသမီးတစ်ယောက် က၊ ညွှန်းလို့ ရေမျောသီးကို ဖတ်ကြည့်သည်။ ထို့နောက် အမှတ်တရကို ပြန်ဖတ်မိသည်။ အဲဒီခေတ်၊ အဲဒီအခါ က အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့သော အယူအဆတစ်ရပ်ကို၊ အချစ်ဟူသော ဝေါဟာရနှင့် ယှဉ်တွဲတွေးခေါ်ကြည့်သည်။ 

“ရေမျောသီးဆိုတာ Drifted Fruit ပေါ့။ ခိုတွယ်ရာနေရာမရှိ၊ အချိန် အကန့်အသတ်မရှိ၊ ရေထဲမှာ တလိမ့်လိမ့် မျောပါသွားတဲ့ ဘယ်အသီးခြောက်မဆို ရေမျောသီးပါပဲ။ အဲဒီဝတ္ထုကို ရေးစဉ်က ကျွန်မရဲ့စိတ်တွေ မှီတွယ်ရာမဲ့ လွင့်မျောနေခဲသလားတော့ မမှတ်မိဘူး၊ ဝတ္ထုထဲက အကြောင်းအရာ အဖြစ်အပျက်တွေ ခံစားမှုတွေကိုတော့ ဆောက်တည်ရာမရ ခပ်ကျဲကျဲ ပက်ဖျန်းပြီး ရေးလိုက်မိတာပဲ။ ကျွန်မရဲ့ ဆိုလိုရင်းကို ပရိတ်သတ်က ခံစားလို့ မရကြဘူးဆိုတာကတော့ ကျွန်မရဲ့ Presentation ညံ့လို့ ဖြစ်မှာပါ။” 

ရေမျောသီးနှင့် ပတ်သက်၍ ဂျူး၏ မှတ်ချက်ကို ဖတ်ရသည်။ စာရေးသူ အမျိုးသမီးတစ်ယောက်ဟာလည်း လူသားတစ်ယောက်သာဖြစ်ပါသည်။ သူ့မှာ အမျိုးသမီးတစ်ယောက်၏ ဗီဇစိတ်အပြည့်ပါပါလိမ့်မည်။ ကစဉ်ကလျားအခြေအနေ၊ ဆောက်တည်ရာမဲ့ အခြေအနေမှာ ရေးသော စာများကလည်း ဖတ်သူအပေါ် ကစဉ်ကလျား၊ ဆောက်တည်ရာမဲ့ မှီရာမဲ့ ခံစားချက်ကို ပေးသည် မဟုတ်လား။ စာရေးသူနှင့် စာဖတ်သူအကြား ခံစားမှု ကြိုးတံတားကို မြင်လိုက်ရသည်။ ကျနော်ကိုယ်တိုင်လည်း ရေမျောသီးကို ဖတ်ခဲ့ပါသည်။ 

ဂျူးမှာ ဤသို့ဖြစ်သည်။ 
 
◾️ဆရာမြ

စာရေးဆရာ အလုပ်ဟာ ပြတ်ပြတ်သားသား ဇောက်ချပြီး လုပ်မှ တွင်ကျယ်ပါ့လား ဆိုသည့် အယူအဆကို ဆရာမြ ဆီမှ ရခဲ့သည်။ စာရေးဆရာတစ်ယောက်ဘဝကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး တစိုက်မတ် မတ် ဝင်လာခဲ့သူထဲမှာ ဆရာမြက ထိပ်ဆုံးက ပါဝင်သည်။ စာရေးဆရာဘဝ အငတ်ငတ်အပြတ်ပြတ်နှင့် စာပေ အပေါ် ရူးသွပ်ခဲ့သည့် ဆရာမြ ချင်ခြင်းများကို ထုံကူးမိသည်။ အယူအဆရေးရာမှာ ရှင်းလင်းတဲ့သူ၊ ပီပြင် ပြတ်သားတဲ့သူ တစ်ယောက်ကို တွေ့လိုက်ရသည်။ ဆရာမြ အင်တာဗျူးကို ကျနော် (၅) ခေါက်မက ဖတ်မိ သည်။ 

“စာရေးဆရာရယ်လို့ ပရိတ်သတ်က အသိအမှတ်ပြုခံလာရပြီ။ စာရေးဆရာရယ်လို့ ဖြစ်လာပြီဆိုတဲ့အခါမှာ အဲဒီစာရေးဆရာအဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရမယ့်အချိန်တစ်ချိန်ကို ရောက်လာတတ်တယ်။ အဲဒါက ဘာလဲဆိုတော့ အပျော်တမ်းစာရေးဆရာပဲ လုပ်နေမလား၊ စာရေးခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာ (Professional Writer) ပဲ လုပ်မလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချရမယ့်အချိန်ပဲ။ ဒါဟာ စာရေးဆရာတိုင်း တွေ့ရတဲ့ပြဿနာပဲ။ 

ဒီတော့ ကျွန်တော်ဘဝမှာလည်း ဒီလိုကိုယ့်လမ်းကိုယ်ရွေးရမယ့် အချိန်မျိုးဆိုက်လာတယ်။ စာရေးဆရာရယ်လို့ တော့ဖြစ်ပြီ။ ဒါပေမယ့် စာရေးခြင်းနဲ့ အသက်မွေးမယ်လို့ ဆုံးဖြတ်မလား မဆုံးဖြတ်ဘူးလား။ ဒါကို ကိုယ့်ကိုယ် ကို မေးရတယ်။ 

သိတဲ့အတိုင်း စာရေးဆရာဆိုတာ ဘာအာမခံချက်မှ ရှိတဲ့အလုပ် မဟုတ်ဘူး။ အဆင်မသင့်ရင် ငတ်နိုင်တယ်။ ဆင်းရဲနိုင်တယ်၊ ဘဝပျက်သွားနိုင်တယ်။ စာရေးဆရာအဖြစ် အောင်မြင်ဦးမှ၊ အောင်မြင်ရင်လည်း ဒီအောင်မြင် မှုကို အရှည်တည်အောင် ထိန်းတတ်ဦးမှ တော်ကာကျတယ်။ ဘာမှ မသေချာဘူး။ ဒီတော့ ဖောင်ဖျက်ပြီး ကူးရဲအောင် သတ္တိတော့ မွေးရတယ်။ 

ဘဝမှာ တစ်ခုလိုချင်ရင် တစ်ခုကို ပေးရမယ်။ တစ်ခုရချင်ရင် တစ်ခုကို စွန့်ရမယ်။ စာရေးခြင်းနဲ့ အသက်မွေးတဲ့ အခါကျတော့ ထင်တဲ့အတိုင်း ငတ်တစ်ခါ ပြတ်တစ်လှည့်ပါပဲ။ ဒါတွေ ထားပါတော့။ ကျွန်တော်ပြာချင်တာက စာရေးခြင်းနဲ့ အသက်မွေးတဲ့ စာရေးဆရာအကြောင်းကို ပြောချင်တာပါ။” 

ဒါဟာ ဆရာမြ ပြောခဲ့သည့် စကားတချို့ဖြစ်ပါသည်။ 

ဝင်းငြိမ်းက ဆရာမြ၏ စာရေးဆရာဘဝ ရောက်လာပုံကိုမေးသည်။ ဆရာမြက အခုလိုဖြေသည်။ 

“ကျွန်တော်က စာရေးဆရာဘဝကို မတော်တဆ ရောက်လာတာ မဟုတ်ဘူး။ မထင်မှတ်ဘဲနဲ့၊ မမျှော်လင့်ဘဲနဲ့ ရောက်လာတာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်နေတာ။ စာရူးပေရူး၊ စာရေးဆရာရူး ပေါ့ဗျာ။ စာရေးဆရာအလုပ်ဟာ ဂုဏ်အရှိဆုံးအလုပ်တစ်ခုလို့ ငယ်ငယ်ကတည်းက ထင်ခဲ့တာ။ ဂုဏ်ဆိုတာ ပကာသနကို ပြောတာ မဟုတ်ဘူး။ ရိုးသားမှန်ကန်တဲ့ ဂုဏ်သိက္ခာကို ပြောတာ။ စာရေးဆရာ ဆိုတဲ့ ဘဝကို ဘာနဲ့မှ မလဲနိုင်ဘူး။ ခုလည်း မလဲနိုင်ဘူး၊ နောင်လည်း မလဲနိုင်ဘူး။ စာရေးခြင်းအလုပ်ကို ယုံကြည်မှုတစ်ခု၊ ယုံကြည်ခြင်းတရား တစ်ခုအနေနဲ့ ကျွန်တော်ယုံတာ။ သဘောထားတာ။ ဒါ့ကြောင့် ငါ ကြီးရင် စာရေးဆရာ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ စာရေးဆရာ အလုပ်က လွဲလို့ ဘယ်အလုပ်ကိုမှ မလုပ်ခဲ့ဖူးသေးဘူး။ လူလား မြောက်ပြီး ကျောက်က ထွက်ကတည်းက ဒီအလုပ်ပဲ လုပ်ခဲ့တာပဲ။” 

သည်လိုလူ၊ သည်လို ခံယူချက်၊ သည်လိုပြတ်သားမှုမျိုး၊ သည်လို စွဲမြဲမှုမှု၊ သည်လိုခိုင်မာမှုမျိုး ရှိခဲ့သည့် လူ တစ်ယောက် စာရေးဆရာ ဖြစ်တာ မဆန်း။ ဆရာမြသန်းတင့်က မည်ကာမတ္တ စာရေးဆရာ မဟုတ်။ သူရေးခဲ့ သည့် စာအုပ်များကို ကြည့်ပါ။ သူရေးခဲ့သည်၊ အမျိုးအစားများကို လေ့လာကြည့်ပါ။ သူဘာသာပြန်ခဲ့သည့် စာအုပ်များကို ကြည့်ပါ။ 
ဆရာမြသည် စာကို အရေအတွက်သာမက အရည်အသွေးအရပါ ခိုင်ခိုင်မာမာရှိသူဖြစ်သည်။ စာပေနယ်ပယ်၊ ရသနယ်ပယ်၊ ဘာသာပြန်၊ အနောက်တိုင်း အရှေ့တိုင်း၊ ဘာကိုမှ သူ အလွတ်မပေး။ စာမျိုးစုံအောင် ရေးနိုင်သူ ကြီးပါလားလို့ တွေးမိသည်။ ဆရာမြ၏ ကလောင်မှာ မှော်ဝင်ထားသည်။ သည့်နောက်ပိုင်း ဆရာမြစာများကို ကျနော် ပိုဖတ်ဖြစ်သည်။ တခါတရံ ကြံကြံဖန်ဖန် တွေးမိသေးသည်။ ဘုရားသခင်က ဆရာမြကို စာပေရေးသား ဖို့ တမန်တော်အနေနဲ့ စေလွှတ်လိုက်သည်လား….။ 
 
ရေးစရာများသည် ကုန်မည် မထင်ပါ။ ကောက်နုတ်ချက်များပင် များသည်ဟု ဆိုချင်က ဆိုနိုင်ပါသည်။ သို့သော် ကိုယ်ဖတ်၍ ခံတွင်းတွေ့သည်ကို ပြန်လက်တို့ဖို့ တားမရပါ။ ကျနော်ကတော့ စာရေးဆရာများ ဘဝထဲကို ကူးချည်ပြောင်းချည် ဝင်ကြည့်ပြီး၊ စာရေးဆရာများ၏ စိတ်ကို တစ်လှည့်စီ ဖတ်ခွင့်ရလိုက်ပါသည်။ 

#မင်းသေ့ 

နေ့လယ် ၁ း ၀၉ 
၂၈ ၊ ဒီဇင်ဘာ ၂၀၁၈

◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️◾️

◾️မှတ်စုများ

၁။ ကဗျာကောင်းတစ်ပုဒ်ဆိုတာ ကျွန်တော့်အတွက် ပြောရင် ဖတ်ပြီး ရင်ခုန်လာစေတဲ့ ကဗျာဟာ ကဗျာ ကောင်းတစ်ပုဒ်ပဲ။ ဖတ်ပြီး ခံစားမှုပေါ်မလာဘူး၊ ရင်တထိတ်ထိတ် ခုန်မလာဘူး ဆိုရင်တော့ ကဗျာကောင်း မဟုတ်ဘူးပေါ့။ (ဒဂုန်တာရာ) 

၂။ ကဗျာဆိုတာက ဘယ်အချိန်မှာ ဘယ်လို ပေါ်လာမယ်ဆိုတာ ပြောလို့ မရဘူး။ စောင့်နေလို့လည်း မရဘူး။ မစောင့်ဘဲနဲပလည်း သူ့ဘာသာသူ အမှတ်တမဲ့ ဝင်ချင်ဝင်လာတာ။ ကဗျာဆိုတာ အမှတ်တမဲ့ ဝင်လာတတ် ပါတယ်။ ကဗျာဟာ သူ့ဂုဏ်နဲ့သူ ရှိပြီးသားပါ။ သူတို့ သိဒ္ဓိတင်ပေးစရာ မလိုပါဘူး။ (ဖန်မီးအိမ်ရှင်နှင့် တွေ့ဆုံပေးခြင်း / တင်မိုး) 

၃။ အဓိကကတော့ လူတွေကို သိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သိဖို့ လိုတာပါပဲ။ ငါ ဘယ်နေရာ ရောက်နေသလဲ၊ ငါ ဘာကောင်လဲ ဆိုတာ သိရမယ်။ လူတွေဆိုတာက အထူးသဖြင့် ပြည်သူတွေ၊ ပြည်သူတွေရဲ့ ဘဝ၊ ပြည်သူတွေ ရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ ခံစားချက် ဒါတွေကို သိရမယ်။ အဲဒီလိုသိရင် စာရေးဆရာဟာ မိမိအောင်မြင်မှုကို ထိန်းထားနိုင်မှာပဲ။ မသိရင်တော့ကာ မလွယ်ဘူးပေါ့လေ။ (မောင်သာရ) 

၄။ စာရေးဆရာဆိုတာ Genius မဟုတ်ဘူးဗျ။ သောက်ရေအိုးများလိုပဲ ရေခပ်သောက်ရင် လျော့သွားတာ ပဲ။ ဒီလို လျော့သွားတာကို ပြန်ဖြည့်ရမယ်။ ဒါမှ နောက်ထပ် ခပ်သောက်လို့ရမှာပေါ့။ အဲဒီလို ကိုယ်သိ တာတွေ ပရိတ်သတ်ဆီပို့ပေးလိုက်တယ်။ နောက်ထပ် ကိုယ်မသိသေးတာတွေ ထပ်ဆည်းပူးရမယ်။ ပရိတ်သတ်ကို ထပ်ပေးရမယ်။ နောက်တစ်ခါ ထပ်ဆည်းပူးရမယ်။ အဲဒီလို လုပ်နေမှာပဲ။ အဲဒီလို လုပ်ဖို့ အတွက် အချိန်ပေး ရမယ်။ နောက်ပြီးတော့ စာရေးဆရာဆိုတာ စာရေးနိုင်ဖို့အတွက် ကိုယ်နဲ့ ခေတ်ပြိုင် ကမ္ဘာစာပေတွေကို ဖတ်ရဦးမယ်။ သူများစာလည်း ဖတ်ရမယ်။ ကိုယ့်စာအတွက်လည်း လေ့လာရဦး မယ်ဆိုတာ့ သူ့မှာ အချိန်လိုတယ်။ အဲဒီလို အချိန်မယူဘဲ တစ်လ တစ်အုပ်ရေးမယ်၊ နှစ်လ တစ်အုပ် ရေးမယ်ဆိုရင် ဒီစာရေးဆရာ ကျဆုံးတဲ့အချိန်ဟာ မြန်သွာမှာပဲ။ (မောင်သာရ) 

၅။ အနုပညာရှင်ရယ်၊ အတတ်ပညာရှင်ရယ်၊ နိုင်ငံရေးပညာရှင်ရယ်။ ဒီသုံးပါင့်ဆိုင် အံလွဲနေရင် အကျိုး မဖြစ်ထွန်းဘူး။ ဒီသုံးပွင့်ဆိုင်ကို နေရာကောင်းကောင်း ချထားနိုင်ပြီဆိုရင် အကျိုးရှိပြီလို့ ဆိုထားပါ တယ်။ (ဝတ္ထုသည် အချစ်ဦး၊ သုတေသနသည် ငယ်ချစ် / ငြိမ်းကျော်) 

၆။ တကယ့် အနုပညာသမားတွေက သိမ်မွေ့ကြပါတယ်။ ဆိုရှယ်လစ်နိုင်ငံသွားသွား၊ ကွန်မြူနစ်နိုင်ငံ သွားသွား၊ အရင်းရှင်နိုင်ငံပဲ သွားသွား စာရေးဆရာဟာ သူများထက် ပိုပြီး နူးညံ့သိမ်မွေ့တာချည်းပဲ တွေ့ရပါတယ်။ ပြီးတော့ လူမှန်သမျှ ခင်တယ်။ ဆရာ အရှေ့ရော အနောက်ကပါ စာရေးဆရာ တချို့ နဲ့ တွေ့ဖူးပါတယ်။ သူတို့အနေနဲ့ ဝါဒ ကွာချင်ရင်သာ ကွာမယ်။ မူအနေနဲ့ ဝေဖန်ချင် ဝေဖန်မယ်။ လူကိုတော့ လူအနေနဲ့ ခင်ကြ တယ်။ ဝါဒအရ လူတန်းစား ခွဲမြင်တာတော့ တခြားပေါ့။ ဒါကြောင့် အနုပညာသမားဟာ မေတ္တာဝါဒီလို့ ဆရာ ဆိုချင်ပါတယ်။ (စာပေအချစ်နဲ့ ဘာသာပြန် / တက်တိုး) 

၇။ လူဆိုတာ လူ့သမိုင်းဖြစ်စဉ်နဲ့ တွဲနေပါတယ်။ သမိုင်းကြောင်းကို ကျွန်မတို့ ရှောင်လို့ မရဘူး။ (ခင်ဆွေဦး) 

၈။ စာရေးဆရာဖြစ်မယ့်လူနဲ့ ကျန်တဲ့သူတွေနဲ့ ဘာကွာသလဲ။ စာရေးဆရာဖြစ်မယ့်သူက တခြားသူတွေ ထက် ထူးပြီးဉာဏ်ကောင်းတဲ့သူ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေရဲ့ အထက်မှာ ရှိတဲ့လူလည်း မဟုတ်ပါ ဘူး။ သူလည်း လူထဲက လူပါပဲ။ ဒါပေမယ့် ကျန်တဲ့သူနဲ့ ဘာကွာခြားသလဲဆိုတာ့ အင်္ဂလိပ်လိုတော့ Sensitivity ခေါ်တယ်။ စာရေးဆရာဖြစ်မယ့်သူက Very Sensitive ဖြစ်တယ်။ မြန်မာလို ပြောရရင် တော့ သူရဲ့ အာရုံတရားတွေက တခြားသူတွေထက် ထက်မြက်တတ်တယ်။ သူများ နားမထောင်မိတာ သူက နားထောင်မိတတ်တယ်။ သူများ မမြင်မိတာ မြင်မိတတ်တယ်။ သူများ မခံစားတတ်တာကို ခံစား တတ်တယ်။ ဒါကို ဆရာတို့က အာရုံတရား ထက်မြက်တယ်လို့ ခေါ်တယ်။ (ခိုင့် သူငယ်ချင်း မောင် သို့မဟုတ် / တက္ကသိုလ်ဘုန်းနိုင်)
မင်းသေ့


Publisher Name: ကံကော်ဝတ်ရည်စာပေ

Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com

Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137


Related Books