Book Image

စာပေဆွေးနွေးပွဲ

သော်တာဆွေ

စာအုပ်အမည် - စာပေဆွေးနွေးပွဲ

စာရေးသူ - သော်တာဆွေ
စာမျက်နှာ - ၁၁၉
တန်ဖိုး - ၁၈၀၀
ထုတ်ဝေသူ - စိတ်ကူးချိုချို
ဒုတိယအကြိမ်၊ ၂၀၁၉၊ ဇန်နဝါရီလ၊ အုပ်ရေ ၅၀၀


ဆရာသော်တာဆွေပြောပြသော စာအကြောင်း ပေအကြောင်း

====================================
====================================

ဆရာသော်တာဆွေဆိုတာ စိတ်ထဲမှာတော့ ရင်းနှီးနေပြီးသားနာမည်ပါ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက််တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖတ်တဲ့အခါကျတော့ ဆရာသော်တာဆွေအကြောင်းတွေ အနည်းငယ် ပိုသိလာတယ်။ ဒါပေမယ့် ဆရာသော်တာဆွေရဲ့ စာအုပ်တွေကို တစ်အုပ်လောက်ကိုမှ အစအဆုံး ပြီးအောင် မဖတ်ဖြစ်ခဲ့ဘူး။ စာအုပ်တွေ ဝယ်စုလာခဲ့ပေမယ့်လည်း ဆရာ့စာအုပ်တွေကိုတော့ မဝယ်ဖြစ်ခဲ့ဘူး။ သူများဆီက စာအုပ်တွေကိုပဲ ဟိုတစ်ပုဒ်၊ ဒီတစ်ပုဒ် ဖတ်ဖြစ်ခဲ့တယ်။ 

ဆရာမောင်သာရက စာဖတ်သူတွေရဲ့ မေးခွန်းတွေကို စာရေးသူတွေက ဖြေဆိုပေးမယ့် အစီအစဉ်တစ်ခု လုပ်တယ်။ ဆရာ ဇဝန၊ ဆရာသော်တာဆွေ၊ ဆရာမောင်သာရ၊ ဆရာသိန်းဖေမြင့်တို့က စာဖတ်သူတွေကို ဖြေကြားပေးခဲ့တယ်။ ဒီစာအုပ်က ဆရာသော်တာဆွေကို မေးတဲ့ မေးခွန်းတွေကို ဆရာသော်တာဆွေက ပြန်ဖြေကြားပေးခဲ့တာတွေကို စုဆည်းထားတာပါ။ 

အဲဒီအစီအစဉ်ကို YMCAဆိုတဲ့ ကလျာဏယုဝခရစ်ယာန်အသင်းတိုက်မှာ ကျင်းပတယ်။ မေးခွန်းတစ်ခုကို ငွေ၃ကျပ်နဲ့ မေးစေခဲ့တယ်။ ဆရာသော်တာဆွေကို မေးခွန်းပေါင်း ၄၉ခု မေးခဲ့ကြတယ်။ အဲဒီခေတ်အခါက အမဲသားတစ်ပိဿာကို ၁၆ကျပ်သာ ရှိပါသေးတယ်။ ဒီတော့ မေးခွန်းတစ်ခုဟာ အမဲသားတစ်ပိဿာတန်ဖိုးရဲ့ ငါးပုံတစ်ပုံရှိတာပေါ့။ ဒီနေ့ခေတ်မှာက အမဲသားတစ်ပိဿာကို ၁၂၀၀၀ကျပ်ရှိနေတယ်။ ဒီတော့ မေးခွန်းတစ်ခုရဲ့တန်ဖိုးဟာ ဒီနေ့ခေတ်တန်ဖိုးနဲ့ဆိုရင် ၂၂၀၀ကျပ်အထိရှိပါတယ်။ ဒီနေ့ခေတ်မှာများ မေးခွန်းတစ်ခုကို ၂၂၀၀ကျပ်ပေးပြီး မေးကြရမယ်ဆိုရင် မေးမယ့်သူတွေရှိနိုင်မလားလို့ တွေးရင်း အဲဒီခေတ်က မြန်မာလူမျိုးတွေရဲ့ စာပေမြတ်နိုးမှုအားကို လေးစားမိပါတယ်။ 

မေးခွန်းတွေက စာပေလောကအကြောင်း၊ စာရေးသားခြင်းဆိုင်ရာအကြာင်းတွေပါ။ ဒီစာအုပ်ရဲ့ "ကျောဘက်အဖုံးမှာ စာပေဝါသနာရှင်များ၊ စာရေးလေ့ကျင့်နေသူများအတွက် လေ့လာဖတ်ရှုဖွယ်စာအုပ်"လို့ ညွှန်းဆိုထားပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာ စာပေဝါသနာရှင်တွေ၊ စာရေးလေ့ကျင့်နေသူတွေ ဖတ်ရှုသင့်တဲ့စာအုပ်ပါပဲ။ 

ဆရာသော်တာဆွေက မေးခွန်းတွေကို မဖြေကြားခင်မှာ "အမေး နွားကျောင်းသား အဖြေ ဘုရားလောင်း"ဆိုတဲ့စကားရှိပေမယ့် ကျွန်တော်က ဘုရားလောင်းမဟုတ်သလို၊ မေးတဲ့သူတွေကလည်း နွားကျောင်းသားတွေ မဟုတ်ကြပါဘူး။ ကျွန်တော်ဖြေနိုင်တာရှိမယ်၊ မဖြေနိုင်တာရှိမယ်၊ ပြေလည်တာရှိမယ်၊ မပြေလည်တာရှိမယ်။ ဒါ ကျွန်တော့် အာမခံချက်ပဲ"လို့ စကားပလ္လင်ခံခဲ့တယ်။

တကယ်ဖြေတဲ့အခါမှာလည်း ဖြေနိုင်တာတွေကို ဖြေတယ်။ မဖြေနိုင်တာတွေကို မဖြေနိုင်ပါကြောင်း ဝန်ခံခဲ့တယ်။ ဆရာသော်တာဆွေရဲ့ ရိုးသားမှုကို ကျွန်တော် အားကျရပြန်ပါတယ်။ 
မေးခွန်းတွေရဲ့ အဖြေတွေအားလုံးက တကယ်ကို မှတ်သားလောက်စရာကောင်းလောက်အောင် ကောင်းမွန်ပါတယ်။ မေးခွန်းတွေကို ဖြေတဲ့အခါမှာ ဟာသလေးတွေ စွက်ပြီး ဖြေတာလေးတွေကလည်း စာဖတ်သူတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ပျော်စေပါတယ်။ 

ဟာသစာပေရေးနေတဲ့ စာရေးဆရာဟာ ဟာသသရုပ်ဆောင်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းနဲ့ပက်သတ်လို့ ဖြေဆိုတဲ့အခါ "သူ့ရုပ်က (ဆရာမောင်သာရ) သူ့မိန်းမကလွဲလို့ မိန်းကလေးတွေ ကြောက်စရာပါ။ နို့ပြီး သူ့ပါးစပ်မှာကလည်း ဘူးအဆို့လိုပဲ ဆေးပြင်းလိပ်တိုတစ်ခုက အမြဲတမ်း တပ်ထားသေးတယ်။ သည်အထဲ လူက ခပ်မေ့မေ့ဗျ။ သူ့မိန်းမပါးကို ဆေးပြင်းလိပ် ပါးစပ်က မချွတ်ပဲ နမ်းမိတပ်သေးသတဲ့ဗျ"လို့ ဟာသလေး စွက်ဖက်ပြီး ဖြေကြားသွားတာကလည်း စာဖတ်သူတွေကို ပြုံးစေ့စေ့နဲ့ သဘောကျမိစေပါတယ်။ 

ဆရာသော်တာဆွေက သူအကြိုက်ဆုံးစာအုပ်(၁၀)အုပ်ကို ဖြေကြားသွားပါတယ်။ 
ဆရာကြီး ရွှေဥဒေါင်းဘာသာပြန်တဲ့ မျှော်တလင့်လင့်၊ 
သိပ္ပံမောင်ဝရဲ့ ဝတၳုဆောင်းပါးများ၊ 
သခင်ကိုယ်တော်မှိုင်းရဲ့ မှာတော်ပုံ၊ 
ထင်လင်းဘာသာပြန်တဲ့ မောဂ္ဂလိ၊ 
မင်းယုဝေနဲ့ ငွေတာရီဘာသာပြန်တဲ့ အီစွပ်ပုံပြင်များ၊ တက္ကသိုလ်စိန်တင်ရေးတဲ့ စောစံဖိုးသင်အတၳုပ္ပတ္တိ၊ မြသန်းတင့်ဘာသာပြန်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ 
၂၀ရာစုနှစ် ကမ်ဘာ့ဂနၳဝင်ဝတၳုတိုများစာအုပ်တွေကို အကြိုက်ဆုံးအဖြစ်ဖြေဆိုသွားတယ်။ 

ဝတၳုရေးနည်း၊ ဇာတ်ကောင်မွေးနည်း၊ အတၳုပ္ပတ္တိစာပေကောင်းတစ်ခုဖြစ်ရန် ပါဝင်ရမယ့်အချက်၊ အချစ်အလွမ်း စုံထောက် လျှို့ဝှက်သည်းဖိုဝတ္တုများအပေါ် ရှုမြင်သုံးသပ်ချက်၊ ဟာသနဲ့ ဘဝသရုပ်ဖော်ဝတၳုများနည်းပါးရခြင်းအကြောင်း၊ နတ်နဲ့ဗေဒင်တွေအပေါ်အမြင်၊ စာပေဝေဖန်ရေးနဲ့ပက်သတ်တဲ့အမြင်၊ ဟာသနဲ့သရော်စာ ခွဲခြားသုံးသပ်ချက်၊ ရှေးခေတ်ကဗျာများနဲ့ ခေတ်ပေါ်ကဗျာများ နှိုင်းယှဉ်သုံးသပ်ချက်စတဲ့မေးခွန်းများဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

စာအုပ်ကျောဘက်အဖုံးမှာ ညွှန်းဆိုထားတဲ့အတိုင်း ဒီစာအုပ်ဟာ စာပေဝါသနာရှင်တွေ၊ စာရေးလေ့ကျင့်နေသူတွေ အထူးသဖြင့် ဖတ်သင့်တဲ့စာအုပ်ကောင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော့်အတွက်ကတော့ ဆရာသော်တာဆွေရဲ့ စာအုပ်တစ်အုပ်ကို အစအဆုံး ဖတ်ဖြစ်သွားတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ ဆရာသော်တာဆွေရဲ့ ရိုးသားပွင့်လင်းမှုနဲ့ စာပေပညာကို ဦးခိုက်မိစေတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဆရာ့ရဲ့ အခြားစာအုပ်တွေကို ရှာဖွေဖတ်ရှုဖို့ တွန်းအားဖြစ်စေတဲ့စာအုပ်လည်း ဖြစ်ပါတယ်။ 

Ko Wai Phyo Aung



Publisher Name: စိတ်ကူးချိုချို စာပေ

Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅

Publisher Phone Number: 01546845


Related Books