ဒဂုန်တာရာ
တာရာဒေဝီသို့ ပေးစာ
နေရီရီစာအုပ်တိုက်၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - NN ။
၁၃.၃ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၁၂၀ ၊ တန်ဖိုး - ကျပ် ၂၅၀၀။
အတွင်းစာမျက်နှာ၌ ''တာရာဒေဝီသို့ ပေးစာများ'' ဟု အမည်တပ်ထားသည်။
၁ သြဂုတ် ၁၉၉၆ ရက်စွဲဖြင့်ရေးသားထားသော သမီးဒေဝီထံသို့ပေးစာ၊ ၂၀၀၁ သြဂုတ်လ မှ ၂၀၀၅ ဇန်နဝါရီ လ အထိ မြားနတ်မောင်မဂ္ဂဇင်းတွင်ဖော်ပြခဲ့သော
( တာရာဒေဝီသို့ပေးစာ၊ စကားပြေနှင့်ကဗျာ၊ စကားပြေ အင်အား၊ စကားပြေ ရေအလျဉ်၊ စကားပြေပုံသဏ္ဌာန်များ၊ ဗိသုကာနှင့် အလှဗေဒ၊ အစဉ်အလာသစ်၊ ကဗျာ ခံစားမှု၊ ခံစားမှု၏ အဓိပ္ပာယ်၊ ခံစားမှုဗေဒ၊ စာရေးဆရာ၊ စကားပြေ၊ ကဗျာနှင့် ကာရန်၊ ဝတၳုနှင့် စကားပြေ၊
လူ့ဘဝ သမိုင်းနှင့်စာပေ၊ လူ့ဘဝနှင့်ပတ်ဝန်းကျင်၊ လူ့ဘဝနဲ့ပတ်ဝန်းကျင်၊ ပညာလေ့လာခြင်း၊ ကဗျာနဲ့
စကားပြေ မည်သည်ကိုရွေးမည်နည်း၊ ဘာကြောင့်စာရေးသလဲ၊ ဖန်တီးမှုအနုပညာ၊ အနုစာပေနှင့်ခံစားမှု၊ စာဖတ်သူနှင့်ဖန်တီးသူ၊ စာဖတ်ပရိသတ်၊ ခေတ်ပေါ်စာပေနှင့် ဖန်တီးမှုစာရေးဆရာ၊ စကားပြေနှင့် ဆန်းသစ်ဖန်တီးမှု၊ စကားပြေဖွဲ့နွဲ့မှု ပုံသဏ္ဌာန်၊ အတတ်ပညာနှင့်အနု ပညာ၊ ဗိသုကာကျောင်းသူ )၊ ၂၀၀၆ အောက်တိုဘာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အမှတ် ၈ တွင်ဖော်ပြခဲ့သည့် ဝတၳုနှင့်ခေတ်ပေါ်သမိုင်း၊ ၂၀၀၇ သြဂုတ် မိုးဂျာနယ် အမှတ် ၁၀ တွင် ဖော်ပြခဲ့သည့် ဗိသုကာပညာနှင့်အနုပ ညာ စသည့် ပေးစာအရေးအသား ၃၂ ပုဒ်ပါရှိသည်။
'' ဘိုးဘိုးအမြဲပြောတာမှတ်မိလား။ ကိုယ့်အသိနဲ့ကိုယ်လုပ်ဆိုတာ။ ဘိုးဘိုးက ဆရာလုပ်တာဝါသနာမပါဘူး။ အတော်ဝန်လေးတယ်။ ကိုယ့်အသိနဲ့သိသွားတာကို ပိုတန်ဖိုးထားတယ်။ အဲဒါကမှတကယ့်ပညာရေး။ ပညာရေးဆိုတာ မိမိကိုယ်တိုင် သိရှိတဲ့အသိကို ဆိုလိုတာလို့ အဘိုးနားလည်ထားတယ်လေ။ သူများပြောလို့ သိရတဲ့ အသိက တကယ့်အသိ မဟုတ်ဘူး။''
( သမီးဒေဝီ ထံသို့ပေးစာ ၊ စာမျက်နှာ ၅ မှ )
'' ဝတၳုရေးရင် ရေးစကားနဲ့ပဲ ရေးနေတာပဲ။ ဒါကိုပဲ အဘိုးက အရသာတွေ့တယ်။ တချို့က ပြောစကားနဲ့ရေးတာကို ခေတ်မီတယ်လို့ ယူဆကြတယ်။ အဲဒါ အဘိုးသဘောမတူဘူး။ ''
( စကားပြေအင်အား ၊ စာမျက်နှာ ၁၅ မှ )
'' ဖန်တီးမှုဆိုတာ ခံစားမှုကို အသစ်စကားလုံး၊ အသစ်အသံ၊ အသစ်အရောင်၊ အသစ်ကိုယ်လှုပ်ရှားမှုနဲ့ ဖွဲ့နွဲ့တဲ့ ပညာပဲဆိုပါ တော့ဗျာ။ အဲဒီတော့ ဝတၳု၊ ကဗျာ ရေး တယ်ဆိုရင် ဖန်တီးမှုကတော့ ပါရမှာပေါ့။ ဒီတော့ ဒီသဘောလေးကို အထူးပြုချင်တော့ အဘိုးက ဖန်တီးမှု အနုပညာဆိုပြီးတော့ စကားလုံးနဲ့ သုံးလိုက်တာပါပဲ။''
( ဖန်တီးမှုအနုပညာ ၊ စာမျက်နှာ ၈၄ မှ )
'' တစ်ခုတော့ရှိတယ်။ ရေးစရာမရှိဘဲနဲ့ ကြံဖန်ရေးလို့ ဆန်းသစ်ဖန်တီးမှု ရမှာမဟုတ်ဘူး။ ရေးစရာရှိရမယ်။ အဲဒါလည်း အရေးကြီးတယ်လို့ ယူဆတယ်။ ယနေ့ခေတ် သမီးတို့ပြောနေကြတဲ့ 'ဟတ်ထိ'တဲ့သဘောပေါ့။ စာရေးချင်တဲ့စိတ်ပေါ် လာရာမှာ 'ဟတ်ထိ'တာမရှိဘဲ စာဖြစ်အောင် ကြံဖန်တာကတော့ အနုပညာဖြစ်လာမှာ မဟုတ်ဘူး။ စာပေအတွေ့အကြုံ၊ ကဗျာ ဝတၳု စတဲ့ စာပေအတွေ့အကြုံကို ပြောလိုက်ခြင်းပါ။''
(စကားပြေဖွဲ့နွဲ့မှု ပုံသဏ္ဌာန်၊စာမျက်နှာ ၁၀၄နှင့် ၁၀၅ မှ)
'' အလှဗေဒလို့ သုံးတာတခြားကြောင့်မဟုတ်ဘူး။ အဘိုးက အနုပညာရပ်တွေကို အလှဗေဒလို့ သုံးလေ့ သုံးထရှိတယ်။ လူမှုထည့်လိုက်တာကတော့ လူတွေ အားလုံးနဲ့ ဆက်သွယ်နေတယ်။ နောက်ပြီး အမျိုးသား ဆိုတာက ဘယ်နိုင်ငံမှာဖြစ်ဖြစ် သူ့အမျိုးသားမူနဲ့တည်ဆောက်ရတာကိုး။ အဲဒီလို နားလည်တဲ့အတွက်လည်း လူမှုအမျိုးသားအလှဗေဒ လို့ သုံးလိုက်တာပါ။ ''
( ဗိသုကာပညာ နှင့် အနုပညာ ၊ စာမျက်နှာ ၁၁၈ မှ )
စကားပြေ၊ ကဗျာ၊ ခံစားမှုဗေဒ၊ အလှဗေဒ၊ သမိုင်း၊ ပတ်ဝန်းကျင်၊ ဖန်တီးမှုအနုပညာ၊ ဗိသုကာပညာ စသည်တို့ အပေါ် ဆရာဒဂုန်တာရာ က သူဖြတ်သန်းခဲ့သည့် သမိုင်းအတွေ့အကြုံများဖြင့် အကဲဖြတ်တို့ထိရေးသား ထားသော ပေးစာအရေးအသားများဟု ယူဆမိပါသည်။
ဆရာဒဂုန်တာရာ၏ပေးစာအရေးအသားတို့အား စာအုပ်တစ်အုပ်အဖြစ်စုစည်း ထုတ်ဝေလိုက်ခြင်းကို ကြိုဆိုမိသည့်တိုင် စာလုံးအကျအပေါက်များစွာတို့အား စိတ်ဆင်းရဲကြီးစွာသည်းခံဖတ်ရှုလိုက်ရသည့် စာအုပ်တစ်အုပ်လည်းဖြစ်ပါသည်။
မိုးမင်းသိမ်း
၂၈ ဇန်နဝါရီ ၂၀၁၉