Book Image

ရိုးမပေါ်ကျတဲ့ မျက်ရည်

တင်ညွှန့်

တချို့သော စာအုပ်တွေက ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတော့မှ ဖတ်ချင်စိတ်ပေါ်လာတတ်ပါတယ်။ ဒီလိုစာအုပ်တွေထဲမှာ အခုစာအုပ်လည်း အပါအဝင်ပါပဲ။ ဒီစာအုပ်ကတော့ ဆရာတင်ညွန့်ရေးတဲ့ “ရိုးမပေါ်ကျတဲ့ မျက်ရည်” ပဲဖြစ်ပါတယ်။ ဒီစာအုပ်ကို မောက္ခစာအုပ်တိုက်က ထုတ်ဝေတာဖြစ်ပြီးတော့ စာမျက်နှာ ၃၁၀ ပါဝင်ပါတယ်။ 




ဒီစာအုပ်လေးက ပဲခူးရိုးမထဲက ရှိမ်းခါးဆိုတဲ့ရွာလေးက စာသင်ကျောင်းလေးကို စာသင်ကြားဖို့ ရောက်လာတဲ့ ကျောင်းဆရာလေး တစ်ယောက်အကြောင်းကို ဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့လူ့ဘဝတွေမှာ တစ်ချို့က ငွေကြေးအတွက်၊ တစ်ချို့က ဂုဏ်အတွက်၊ တချို့က အများသူငါ အတွက် အလုပ်တွေ လုပ်ဆောင်ကြပါတယ်။ ဒီထဲက အဓိက ဇာတ်ဆောင် ကျောင်းဆရာလေးကရော ဘယ်လိုလူမျိုးလည်းဆိုတာ စာဖတ်သူတွေ သေချာမြင်တွေ့  ခံစားလို့ရလောက်အောင် စာရေးသူရဲ့ အရေးအသားက စွဲဆောင်မှုရှိလှပါတယ်။

ဒါအပြင့် လောကဇာတ်ခုံမှာ တချို့လူတွေက အပြောကြမ်းပေမယ့် စေတနာ၊ မေတ္တာကောင်းမွန် ပြည့်ဝတဲ့လူတွေ ရှိသလို၊ တချို့က‌လည်း ကိုယ့်အတွက်သာလျင် ကြည့်တတ်၊ တွက်တတ်ပါလားဆိုတာကိုလည်း ဒီဝတ္ထုထဲက ဇာတ်ကောင်တွေက ဖော်ညွှန်းပြသနေပါတယ်။

ဒီဇာတ်လမ်းကို အခြေတည်တဲ့ခေတ်ကာလက ပါတီကာလဆိုတော့ ၁၉၆၀ ဝန်းကျင်ခေတ်ကာလတွေလို့ ယူဆမိပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ရဲ့ အခြေခံပညာရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးပါလားလို့ ဒီစာအုပ်လေးကို ဖတ်ရင်းနဲ့ အတွေးနယ်ချဲ့မိပါတယ်။

အခုဆိုရင် ဒီစာအုပ်လေးက ရုပ်ရှင်လည်း ထွက်တော့မှာဆိုတော့ ရုပ်ရှင်က စာအုပ်ကို အမှီလိုက်နိုင်ရဲ့လား၊ သရုပ်ဆောင်တွေကရော ဇာတ်ကောင်စရိုက်တွေနဲ့ အံဝင်ရဲ့လား စသဖြင့် . . . မေးခွန်းတွေ အတွက်လည်း ဒီစာအုပ်လေးကို ကြိုဖတ်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

အချိန်ရှားပါးလှတဲ့ ဒီလိုခေတ်ထဲမှာ ဒီစာအုပ်လေးက စာချစ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့် စာအုပ်လေးဖြစ်မှာ အသေအချာပါပဲ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။

#justrentabook
#justrentabookmyanmar
#novel


Publisher Name: မောက္ခစာအုပ်တိုက်


Related Books