Book Image

မြန်မာပြည်က rock သူပုန်များ

ဇော်တင်

စာအုပ်အမည် - မြန်မာပြည်က rock သူပုန်များ

ရေးသူ - ဇော်တင်
ထုတ်ဝေသူ - စိုင်းဝင်းမြင့် (ကျော်မွှေးစာပေ)
တန်ဖိုး - ၂၀၀၀ ကျပ်
စာမျက်နှာ - ၈၃ မျက်နှာ
တေးရေးဆရာ (ဦး)ဇော်တင်ဟာ သူဖြတ်သန်းခဲ့တဲ့ Rock ဂီတသမိုင်းကို ဒီစာတွေနဲ့ ပြန်ပြောပြထားတာပါ။ စုံနံသာမဂ္ဂဇင်း (စာအုပ်မှာ မှုံနံသာလို့ မှားယွင်းဖော်ပြထားတယ် ပြင်ပေးတဲ့ ရဲရင့်ကျော်ကို ကျေးဇူးတင်ပါတယ်)မဂ္ဂဇင်းအတွက် ပထမဆုံး တစ်ပုဒ်စရေးဖြစ်ရာကစလို့ နောက်လ နောက်လတွေမှာ နောက်ဆက်တွဲတွေ ဖော်ပြဖို့ မဂ္ဂဇင်းက ဇော်လူစိမ်းက ဆက်လက်တောင်းဆိုရာက မြန်မာပြည်က Rock သူပုန်များဆိုပြီး စာ ၁၂ ပုဒ်ဖြစ်လာတယ်လို့အမှာစာမှာ ဖော်ပြထားတယ်။ အခုစာအုပ်က အဲဒီစာ ၁၂ ပုဒ်ကို ပြန်လည်စုပေါင်း ထုတ်ဝေထားတာ ဖြစ်တယ်။
ဒီစာအုပ်ကို ဖတ်ကြည့်ဖို့ နောက်ဆုံးတစ်ခါ စစ်တွေကိုသွားခဲ့တုန်းက ကိုကျော်စိုးဦးက အဲဒီစာအုပ်ဖတ်ကြည့် ကောင်းတယ်လို့ ညွန်းလာလို့ ဝယ်ထားမိခဲ့တယ်။ စာအုပ်ပါးပါးလေးဖြစ်တာရယ် ပေါ့ပေါ့ပါးပါးအရေးအသားရယ်တို့ကြောင့် သိပ်ကြာကြာဖတ်ဖို့ မလိုဘူးပေါ့။ သိပ်ကြာကြာမဖတ်ရပေမယ့် မသိတာတွေ အများကြီးသိလိုက်ရတယ်။


၁၉ ၇၅ လောက်ကနေ ၂၀၁၀ ဝင်းကျင်လောက် အတွင်းက အကြောင်းအရာတွေ ဖြစ်တယ်လို့ စာရေးသူကပြောတယ်။ အဲအတော်အတွင်းမှာ ကိုယ်တို့ မမှီမသိလိုက်တဲ့ အရာတွေကို ကိုယ်တို့ သိခွင့်ရလိုက်တာပေါ့။ မြန်မာပြည်မှာ Rock ရယ်လို့ စဖြစ်လာတဲ့ အကြောင်း၊ ဆံပင်ရှည်ရှည် ဂစ်တာတီးတာကို အနုပညာလို့ မမြင်ပဲ လမ်းသရဲအဖြစ်သာ ဆက်ဆံခံရတဲ့ အဲဒီခေတ်ကလူတွေ။ သူပုန်တွေလို့ သတ်မှတ်ခံ၇တဲ့ လူငယ်တွေ။ တကယ်ဖိနိပ်လာတဲ့အခါမှာလည်း သီချင်းတွေနဲ့ ပုန်ကန်ခဲ့တဲ့သူတွေ ရှိခဲ့တယ်။

တူတူကြိုးစားပြီး ဂီတတွေကို ဖန်တီးကြတဲ့ထဲမှာ စာရေးသူရဲ့ စကားအရ တာထွက်လာတုန်းက လှေငယ် ၁၀၀ ရှိရင် ပန်းတိုင်ကို ရောက်တာ တစ်စင်းပါပဲတဲ့။ ကိုယ်တို့လို ပရိတ်သတ်ကတော့ အောင်မြင်လာတဲ့ လှေတစ်စင်းကိုပဲ သိကြပေမယ့် တူတူ တာထွက်လာတဲ့ သူအချင်းချင်းတော့ နစ်မြုတ်သွားတဲ့ လှေတွေကို မေ့လို့မရတာ အသေအချာပေါ့။
ဒီစာအုပ်ထဲမှာ ဘယ်သူတွေ အကြောင်းပါလဲဆိုတော့ ခုကိုယ်တို့ သိနေတဲ့ နာမည်ကြီး တေးရေးတေးဆိုတွေအကြောင်းရော၊ ကိုယ်တို့ မသိလိုက် မမှီလိုက်တဲ့သူတွေ အကြောင်းရော အများကြီးပေါ့။ အဲဒီခေတ်အခါက ဖိနိပ်ခံရတဲ့ လူတွေ အကြောင်းရောပေါ့။ နောက်စိတ်ဝင်စားစရာတစ်ခုက ၁၉ ၇၆ခုနှစ်က အင်းယားလိတ်ဟိုတယ်မှာ ဦးနေဝင်း အရက်မူးပြီး ဖျက်စီးပစ်ခဲ့တဲ့ ဒရမ်တစ်ခုရဲ့ အကြောင်း။ ဟိုတစ်လောက အဲဒီအခန်းကို Twilight Over Burma မှာ ထည့်ရိုက်ထားတာ ကြည့်လို့ရတယ်။ ဂီတသံဟာ သူ့ကို နားငြီးစေလို့ ဖျက်စီးတာတဲ့။ တီးမှုတ်နေတဲ့ အနုပညာရှင်တွေဟာ အာဏာရှင်ရဲ့ လက်အောက်မှာ ခေါင်းလေးသာ အသာငုံနေရတယ်။ ပိန်းတယ်ပဲ ပြောပြော ဒီအကြောင်းကို ကိုယ်ဒီစာအုပ်ဖတ်မှ သိရတာ။ ဒီစာအုပ်ဖတ်မှ သိရတဲ့ တစ်ခြားတစ်ခြား အကြောင်းအရာတွေလည်း အများကြီးပေါ့။
သမိုင်းဆိုတာ Jigsaw လို pluzzles တစ်ခုဆိုရင် ဒီစာအုပ်က အဲဒီထဲက အပိုင်းလေးတစ်ခုလို့ ပြောလို့ရမယ်ထင်တယ်။
မယ်ကျွိ
၁၁နာရီ ၀၇ မိနစ်
၂၇မတ်၂၀၁၇


Publisher Name: ကျော်မွှေးစာပေ

Publisher Address: အမှတ် ၉၅(၆)လွှာ၊အောင်ဇေယျလမ်း၊အလုံမြို့နယ်၊ရန်ကုန်မြို့။ ဖုန်း- 095057791

Publisher Phone Number: 095057791


Related Books