သူ နိုးလာတဲ့အချိန် သူ့ဘောင်းဘီက အိပ်ရာဘေး ရောက်နေတယ်။ သူဟာ မှောက်လျက်သားကြီး။ ဦးဘသောင်းက သူ့အပေါ်မှာ။ ဘဲကြီးကို တွန်းဖယ်ပစ်လိုက်နိုင်မယ့်အားမျိုးက သူ့ခန္ဓာကိုယ်ထဲမှာ ရှိမနေဘူး။ သွားပြီ။ ယောကျ်ားချင်း မုဒိမ်းကျင့်ခံလိုက်ရပြီ။
အခု ခံစားနေရတဲ့ သူ့နာကျင်မှုဟာ အသက် ၁၆ နှစ်ရောက်တဲ့အချိန်ထိ နာကျင်ခဲ့ဖူးသမျှထဲမှာ အဆိုးဆုံးပဲ။ ထိုးကြိတ်ရိုက်နှက်ခံရခဲ့သမျှထက် ပိုပြီး နာကျင်စက်ဆုပ်စရာကောင်းလှတဲ့အခြေအနေကို သူ ကြုံလိုက်ရပြီ။ ဘဲကြီးကို သတ်ပစ်ချင်တာပဲ သူ့စိတ်ထဲ ရှိတော့တယ်။ ဒါပေမဲ့ လောလောဆယ် အခြေအနေကို ပြောင်းလဲနိုင်စွမ်း သူ့မှာ မရှိသေးဘူး။ သူ့နာကျင်ခဲ့ရသမျှ အတိတ်တွေဟာ အတွေးထဲ အလုံးအရင်းနဲ့ ပြန်ဝင်လာနေတယ်။
သူ့အသက် ရှစ်နှစ်မှာ အမေက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်ဖို့ လိုက်အပ်တယ်။ တစ်နှစ်စာ လစာကို အမေ ထုတ်ယူသွားတယ်။ လက်ဖက်ရည်ဆိုင်မှာပဲ နေ၊ လက်ဖက်ရည်ဆိုင်မှာပဲ စားရမယ့်အဖြစ်ကို သူ ပျော်တောင် ပျော်မိသေးရဲ့။ အိမ်တွင်းရေး အဆင်မပြေတဲ့ အဖေနဲ့ အမေကို သူ မြင်မှမမြင်ချင်တော့ပဲ။
လက်ဖက်ရည်ဆိုင်မှာ ကာလတစ်ခုအထိ ပျော်ခဲ့ရတယ်။ ဆိုင်မှာ လာထိုင်နေကျ လူတွေထဲက တချို့က သူ့ကို စာသင်ပေးတယ်။ ဗဟုသုတတွေ ပြောပြတယ်။ ဆိုင်မှာပဲ Scrabble ကို မိုးလင်းမိုးချုပ် ကစားကြတဲ့အစ်ကိုကြီးတွေကြောင့် အင်္ဂလိပ်စာနဲ့ ကျွမ်းဝင်လာခဲ့တယ်။
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ သားကတော့ သူ့ကို ပါးရိုက်တာတွေ၊ ကန်ကျောက်တာတွေ လုပ်တတ်တယ်။ သူလည်း လူကို မတုံ့ပြန်ရဲလို့ အဲဒီကောင် မွေးထားတဲ့ကြောင်ကို အမြီးဖြတ်ပစ်ဖူးတယ်။
တစ်ရက်တော့ သူ့ပါးကို ဆိုင်ရှင်က တစ်မနက်လုံး ရိုက်တယ်။ သူ့သား စာမွေးပွဲကျတဲ့အကြောင်းကို လက်ဖက်ရည်ဆိုင် လာထိုင်နေကျ အစ်ကိုကြီးတွေကို ပြောမိလို့တဲ့။ သူ နာလွန်းလို့ ဘာစကားတစ်ခွန်းမှ ပြောမထွက်တော့ဘူး။
အဲဒီည ဆိုင်ပိတ်ပြီးတဲ့အချိန်မှာ ဆိုင်ရှင်ရဲ့သား တရေးနိုးလာပြီး အိမ်သာသွားတယ်။ အိမ်သာထဲက ပြန်အထွက်မှာပဲ သူ ထင်းတစ်ချောင်းနဲ့ ရိုက်ပစ်လိုက်တယ်။ သကောင့်သား သတိပါ လစ်သွားတယ်။
ဆိုင်ရှင်ကတော့ သူ့ကို ရဲလက် မအပ်ခင် အသေအလဲ ရိုက်သေးတယ်။ ဒါပေမဲ့ လုပ်ချင်တာ လုပ်ခဲ့ရလို့ သူ ပျော်မိတယ်။
ဒီလိုနဲ့ သူ့အသက် ၁၃ နှစ်မှာ လူငယ်ပြုပြင်ရေးစခန်းကို ရောက်ခဲ့ရတယ်။ အဲဒီမှာလည်း မတရားမှုတွေကို ခံခဲ့ရပြန်တာပဲ။ ကြိုရောက်နေတဲ့ကောင်တွေထဲက ဗိုလ်လုပ်နေသူတွေရဲ့ မထင်ရင်မထင်သလို ကန်ကျောက်ရိုက်နှက်တာတွေ၊ မျက်ခွက် ဖြတ်ရိုက်တာတွေ၊ အစားအသောက် လုစားခံရတာတွေ စသဖြင့်ပေါ့လေ။
စခန်းထဲမှာပဲ သူ လက်ဝှေ့ပညာ တတ်ခဲ့တယ်။ ရောက်ပြီး နှစ်နှစ်အကြာမှာ ဒီစခန်းကနေ ထွက်ပြေးနိုင်ဖို့ နည်းလမ်းတွေ သူ စဥ်းစားတယ်။ ပြီးတော့ လူမိုက်ဗိုလ်လုပ်နေတဲ့ ညိုကြီးဆိုတဲ့ကောင်ကိုလည်း ကလဲ့စားချေဖို့ နည်းလမ်းပါပေါ့။ စခန်းမှာ သုံးနှစ်အကြာ၊ သူ့အသက် ၁၆ နှစ်ထဲအရောက် တစ်ညမှာ ညိုကြီးရဲ့ရင်ဘတ်ကို သံချွန်နဲ့ သုံးလေးချက် ဆင့်ထိုးပြီး စခန်းကနေ ထွက်ပြေးနိုင်ခဲ့တယ်။
လမ်းမတစ်ခုဘေးကနေ ကားတားနေတဲ့သူ့ကို ဘယ်သူမှ ရပ်မပေးကြဘူး။ မိုးရွာနေတဲ့ ညသန်းခေါင်ကျော်အချိန်မှာ သူ့လို ပုံစံနဲ့လူကို ကားမရပ်ပေးကြတာ သူ နားလည်တယ်။ အချိန်တွေ အရမ်း ကြာသွားတယ်။ သူလည်း မှေးခနဲ တစ်ချက်ဖြစ်သွားတုန်း ကားတစ်စီး သူ့ဘေးနား ထိုးရပ်လာတယ်။ ဘဲကြီးက အသက် ၆၀ အရွယ်လောက် ရှိမယ်။ ဘဲကြီးက ဘယ်သွားမလဲတဲ့။ သူ့မှာ သွားစရာနေရာ မရှိဘူး၊ အိမ်က ထွက်ပြေးလာတာဆိုတော့ ဘဲကြီးက အိမ်လိုက်ခဲ့၊ ကောင်းကောင်း စားရ၊ ကောင်းကောင်း အိပ်ရမယ်တဲ့။
ဒီဘဲကြီးပဲ သူ့ကို မုဒိမ်းကျင့်တာ။ ဒီဘဲကြီးပဲ သူ့ကို ကားမောင်းသင်ပေးတာ။ ဒီဘဲကြီး ထပ်တလဲလဲ ဖွင့်တတ်တဲ့ " အပြာရောင် ကော်ဖီဆိုင်မှာ ပြေးလွှားရင်း လိုက်ရှာလို့ . . . နာကျင်စရာဆိုတာတွေဟာ ဘဝနဲ့ လဲယူလိုက်ဦး " သီချင်းသံကို ကြားရရင် သူ့သွေးတွေ ဆူဝေလာတတ်တာ။ သူ့တက္ကစီကို တက်စီးကြတဲ့ လူတွေထဲက တချို့ကို သတ်မိတတ်လာတာ။
သူ လူမသတ်လို့ မရဘူး။ လူသတ်မှ သူ့ဖြစ်တည်မှုနဲ့ သူ့ရှင်သန်မှု အသက်ဝင်လာသလို ခံစားရတယ်။ လူသတ်ပြီးတဲ့အချိန်ဆို ပခုံးပေါ်မှာ လေးလံနေတဲ့အထုပ်တစ်ထုပ်ကို ပစ်ချလိုက်ရသလို သူ့စိတ်တွေ ပေါ့ပါးလာတယ်။
မိသားစုဘဝကောင်းကောင်း မရခဲ့ဖူးတဲ့ သူ့မှာ မိတ်ဆွေလည်း တစ်ယောက်မှ မရှိဘူး။ မိတ်ဆွေ မရှိအောင်လည်း သူက တတ်နိုင်သမျှ ကြိုးစားနေထိုင်တာ။ ဆိုင်တစ်ထိုင်မှာ အမြဲ ထိုင်ပြီး သူ့ကို မှတ်မိနေအောင် ဘယ်တော့မှ မလုပ်ဘူး။ အထီးကျန်သလို ခံစားရတဲ့အခါ မှန်ထဲ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး စကားပြောနေလိုက်တာပဲ။ နာကျင်မှုကို အခံစားရဆုံး အချိန်တွေကပဲ သူ့ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်တွေလို့ ပြောရင် တချို့က ယုံချင်မှ ယုံမယ်။
ဒီအကြောင်းတွေ အားလုံးကို ဆရာမဆီမှာ ဖြောင့်ချက်ပေးသလိုမျိုး ရင်ဖွင့်ပစ်ရတာ သူ့အတွက် အဆင်ပြေစေတယ်။ ဆရာမဆိုတာ သူ မဂ္ဂဇင်းတစ်စောင် ကောက်ဖတ်မိရင်းက အင်တာဗျူးတစ်ခုမှာ စိတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ပြန်ဖြေထားတဲ့ Psychiatrist တစ်ယောက်ကို ပြောတာ။ အဲဒီအင်တာဗျူးကြောင့်ပဲ စိတ်ရောဂါကု ဆရာမဆီ သူ ရောက်သွားတာ။ ဆရာမ ပေးတဲ့ဆေးတွေ သောက်ပြီး နေရထိုင်ရတာ ပိုပြီး အဆင်ပြေလာခဲ့တာ။
ဆရာမကို သူ ယုံကြည်အားကိုတယ်။ လေးစားတယ်။ ချစ်ခင်တယ်။ ဆရာမဟာ အိမ်ထောင်သည်တစ်ယောက်ဆိုတာ သူ သိထားတယ်။ ဒါပေမဲ့ တစ်ခါတလေတော့လည်း ဆရာမကို မှန်းပြီး အာသာဖြေမိတာပဲ။ ဆရာမ နေထိုင်တဲ့ကွန်ဒိုနား သွားပြီးလည်း ကြည့်နေမိဖူးတယ်။
ဦးဘသောင်းရဲ့ကားနဲ့ တက္ကစီဆွဲရင်း လူသတ်မိခဲ့တဲ့အကြောင်းတွေ ဆရာမကို ပြောပြရတာဟာ သူ့ကို စိတ်မလုံခြုံတာမျိုး မဖြစ်စေဘူး။ ကားသမားဘဝမှာ ကြုံရတဲ့ အဖြစ်ဆန်းတွေလည်း သူ ပြောပြဖြစ်သေးရဲ့။
သတ်ရမယ့်လူတွေကို သူ လိုက်မရှာဘူး။ သတ်ခံချင်နေတဲ့လူတွေကပဲ သူ့ကားကို ငှားကြတာ။ ငှားတဲ့လူတိုင်းကို သတ်နေတာမျိုးလည်း သူ မလုပ်ဘူး။ သူ့ငယ်ဘဝ နာကျင်မှုကို ပြန်အမှတ်ရစေတဲ့ လိင်တူချင်း အမြတ်ထုတ်သမားတွေကိုသာ သူက ပိုပြီးသတ်ဖြတ်ပစ်တတ်တာ။
သူ့ရှင်သန်မှုကို သူ့နည်းသူဟန်နဲ့ ရေလောင်းပေါင်းသင်နေတာကို တစ်စုံတစ်ယောက်က စောင့်ကြည့်လေ့လာနေမှန်း မသိခဲ့ဘူး။ တစ်စုံတစ်ယောက်ဆိုတာ ဆရာမတော့ လုံးဝ မဟုတ်ဘူး။ အဲဒီတစ်စုံတစ်ယောက်ဆိုတာ သူနဲ့ ဆုံဖူးတဲ့လူတွေထဲက တစ်ယောက်။ သူ့ကို ဘယ်သူမှ မမှတ်မိအောင် နေထိုင်နေတဲ့ကြားက သူ့ကို မှတ်မိနေတဲ့တစ်ယောက်။ သူ့ရှင်သန်မှုပုံစံကို နိဂုံးမျဥ်း ဆွဲသတ်ပေးချင်နေတဲ့ တစ်ယောက်။
အထက်မှာ ကျွန်တော် ညွှန်းဆိုခဲ့တဲ့ ' သူ ' ဆိုတဲ့လူရဲ့နာမည်ကို စာရေးဆရာက ဖော်ပြမထားဘူး။ ဒီတော့ကာ ' သူ ' ဆိုတာ ခင်ဗျားရော ကျွန်တော်ရော ကျွန်တော်တို့သိတဲ့လူတွေရော မသိတဲ့လူတွေရော ဘယ်သူမဆို ဖြစ်နေနိုင်ပါကြောင်း . . . ။
#လူသာမန်
24.5.2020; 8:43pm