Book Image

စောအယ်တာတော ( သို့မဟုတ် ) အမှန်တရားအတွက် တိုက်ပွဲဝင်သူ

စောကိုဦး

ပညာတတ် ကရင်တော်လှန်ရေးသမား

....................................................................................

စောကိုဦး
စောအယ်တာတော ( သို့မဟုတ် )
အမှန်တရားအတွက် တိုက်ပွဲဝင်သူ
မြနန္ဒာ စာအုပ်တိုက်၊ ပထမအကြိမ်၊ သြဂုတ် ၂၀၁၉။
မျက်နှာဖုံး - ကိုကိုနိုင်။
၁၄.၆ စင်တီမီတာ x ၂၁.၅ စင်တီမီတာ။
စာမျက်နှာ - ၂၃၅ ၊ တန်ဖိုး - ကျပ် ၄၀၀၀။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ လို့ ဖော်ပြထားတဲ့ ဒီစာအုပ်ကို အသံဖိုင်ပေးပို့ပြီး ပုံနှိပ်ထုတ်ဝေထားတာလို့ ယူဆပါ တယ်။

အခန်းပေါင်း ၂၉ ခန်း ပါတယ်။ တိုက်ဖော်တိုက်ဖက်တစ်ဦးရဲ့ ၃ ဧပြီ ၂၀၁၉ ရက်စွဲနဲ့ ရေးသားထားတဲ့ '' ရဲဘော်စောကိုဦး အတွက် မိတ်ဆက်စာ ''၊ ၂၀ သြဂုတ် ၂၀၁၉ ရက်စွဲနဲ့ ရေးသား ထားတဲ့ '' စာအုပ်တိုက်၏ မှတ်ချက် '' တွေပါတယ်။ ဒါ့အပြင် ရဲဘော်စောကိုဦးက ကောကော ထာစခန်းကနေ ၃ ဒီဇင်ဘာ ၁၉၉၄ မှာ ဗိုလ်ချုပ်ကြီးစောဘိုမြ ဆီကို ရေးသားခဲ့တဲ့ ပေးစာ၊ ၇ ဇန်နဝါရီ ၁၉၉၇ ကနေ ၁၄ ဇန်နဝါရီ ၁၉၉၇ အထိ ကျင်းပခဲ့ တဲ့ မဲသရော ထာ လူမျိုးစုတိုင်းရင်းသားနှီးနှောဖလှယ်ပွဲ နဲ့ 
၁၂ ဒီဇင်ဘာ ၁၉၉၈ ကနေ ၁၄ ဒီဇင်ဘာ ၁၉၉၈ အထိ ကျင်းပ ခဲ့တဲ့ သူးမွဲကလိုး အမျိုးသားသွေးစည်းညီညွတ်ရေးနှီးနှောဖလှယ်ပွဲ တွေရဲ့ သဘောတူညီချက်တွေကို လည်း ထည့်သွင်းဖော်ပြထားတယ်။



အခန်း ၁ ကနေ ၁၄ အထိက သူ့ငယ်ဘဝအကြောင်းတွေနဲ့ ပညာရေးဖြတ်သန်းမှုတွေ ဖြစ်ပါတယ်။ အခန်း ၁၅ ကနေ ၂၉ အထိကတော့ လက်နက်ကိုင်တော်လှန်ရေးဖြတ်သန်းမှုတွေကို ရေးသားထားတာဖြစ်ပါတယ်။

ချို့ချို့တဲ့တဲ့ ပညာသင်ယူခဲ့ရပေမယ့် စာတော်တဲ့ 
ရဲဘော်စောကိုဦးဟာ အသက် ၁၅ နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်နေပြီ။ ပြည်ပ ပညာတော်သင် 
စာမေးပွဲတွေအကြိမ်ကြိမ်အောင်မြင်ခဲ့ပေမယ့် သွား တက်ခွင့် မရခဲ့ဘူး။ ပညာရေးလောကကို စိတ်အချဉ်ပေါက်နေပေမယ့် ရူပဗေဒဋ္ဌာနမှာ High Vacuum Technique ( HVT ) ကို သုတေသနလုပ်တယ်၊ စာတမ်းဖတ်တယ်။သူ့သုတေသနက အောင်မြင်တယ်၊ နိုင်ငံတော်ညစာ စားပွဲဖိတ်လို့တက်ရတယ်။ ဒါပေမဲ့ နောက်ဆုံးနှစ်စာမေးပွဲကို သက်သက်ကျအောင် ဖန်တီး လိုက်ကြတယ်။ သူ့အသက်က ၂၉ နှစ်။ ပညာရေးဘက်မှာ စိတ်ဝင်စားသလို နိုင်ငံရေးကိုလည်း အားသန်တဲ့ 
ရဲဘော်စောကိုဦး ဟာ တောခိုဖို့ ၁၉၆၉ ခုနှစ်မှာ ဆုံးဖြတ်လိုက်တော့တယ်။

'' ကျွန်နော့်တွေးအခေါ်က ကျွန်နော်တို့တောခိုတာက တောထဲကတော်လှန်ရေးသမားတွေကို အထင်ကြီးလို့ တောခိုတာမဟုတ်ဘူး။ ဒီလူတွေ မလုပ်တတ်ဘူးလို့၊ ကိုယ့် ကိုယ်ကိုယ်အထင်ကြီးပြီးတော့ ငါတို့ဝင်လုပ်မှ ရမယ်လို့ ထင်ပြီးတော့ တောခိုခဲ့တာ။ တော်လှန်ရေး မလုပ်တတ်ဘူးလို့ထင်တာ။ ဥက္ကဋ္ဌသခင်သန်းထွန်း တို့ကိုလည်း ဒီလိုပဲထင်တာ။ တောထဲမှာ ချောင်ပိတ်မိ ပြီးတော့ မစဉ်းစားတတ်တော့ အလွဲလွဲ အမှားမှားတွေ လုပ်နေကြတယ်လို့ ကျွန်နော်ထင်နေ တာ။ နောက်ပြီး ကေအင်န်ယူကျတော့လည်း အဲဒီလိုပဲထင်ခဲ့တာ။ အဖွဲ့အစည်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ အုပ်ချုပ်ရေးလုပ်ငန်းစတာတွေဟာ ပီပြင်မှုမရှိ၊ ပညာတတ်တွေက လည်း တော်လှန်ရေးသဘောတရားခေါင်းပါး။ လူမျိုးရေး၊ ဘာသာရေး အယူမှားတွေများတယ်။ ပါတီ၊ တပ်မတော်၊ တပ်ပေါင်းစုတည်ဆောက်ရာမှာ အခြေခံတွေးခေါ်မှုတွေဟာ မှားယွင်းနေတယ်လို့ ကျွန်နော်မြင်ခဲ့တယ်။ ဒါတွေကို ပြင်ကြရ မယ်လို့ ယူဆတယ်'' 
( စာမျက်နှာ ၇၅ နှင့် ၇၆ မှ ) လို့ တောခိုဖို့ရာ ခြေလှမ်း ပြင်တာကို ဖော်ပြထားပါတယ်။

ကေအင်န်ယူ ဆီ တောခိုခဲ့ပေမယ့် '' ဒါကြီးကတော့ မဟုတ်တော့ဘူး။ လက်ရှိလူတွေအနေနဲ့ တော်လှန်ရေးလုပ်တော့မယ့်သူတွေမှ မဟုတ်တာ။ ဒါ တော်လှန်ရေးမဟုတ်တော့ဘူး။ ခင်ဗျားတို့လုပ်တာ ကျွန်နော်လည်း သဘောမပေါက်တော့ဘူး။ ဒါကြောင့် ကျွန်နော် တော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆက်လေ့လာမယ်။ အဲဒါ ကျွန်နော်ထွက်မယ်။ ကျွန်နော်ထွက်မယ်ဆိုတော့ ဘယ်မှသွားမှာမဟုတ်ဘူး။
( ဗကပ )ဆီပဲသွားမှာ'' ( စာမျက်နှာ ၉၉ မှ ) လို့ဖြစ်လာ တယ်။

မာနယ်ပလောကနေထွက်လာတဲ့ ရဲဘော်စောကိုဦးဟာ အရှေ့မြောက်စစ်ဒေသကိုရောက်သွားပြီး ဝတွေ အာဏာသိမ်းတဲ့ ၁၇ ဧပြီ ၁၉၈၉ အထိ ဗကပနဲ့ လက်တွဲပါတော့တယ်။

အဲဒီနောက် ကေအင်န်ယူဆီပြန်လာပါတယ်။ ဗိုလ်ချုပ်မြရဲ့ အကျဉ်းသားဖြစ်ခဲ့ရတယ်။ ကေအင်န်ယူနဲ့ နဝတ တို့ စေ့စပ်ညှိနှိုင်းတဲ့ကာလမှာ ဒီစာအုပ်ကို အဆုံးသတ်ထားပါတယ်။

ရဲဘော်စောကိုဦးရဲ့ရိုးရှင်းပွင့်လင်းတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအကြောင်းကို စိတ်ဝင်စားရင် ဖတ်ကြည့်သင့်တဲ့ 
စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

မိုးမင်းသိမ်း
၁၆ ဒီဇင်ဘာ ၂၀၂၀


Publisher Name: မြနန္ဒာ စာအုပ်တိုက်၊


Related Books