Book Image

ပါဂျောင်

Wooh

#ပါဂျောင်

စာမူ - ပန်းချီ ထိန်လင်း
ရုပ်ပြ - Wooh
၂၀၂၀၊ ဒီဇင်ဘာ၊ ပထမအကြိမ်
အုပ်ရေ - ၂၀၀၀
၆၀၀၀ ကျပ်
ရုပ်ပြစာပေ
09 767019926 


၈၈ လူထုအရေးတော်ပုံကြီးအပြီးမှာ စစ်အစိုးရက လွဲပြီး တခြားဘယ်သူမှ ရချင်တာကို မရခဲ့ကြ။ 


တချို့ ထောင်ထဲ ရောက်သွားတယ်။
တချို့ အသက်ပျောက်သွားတယ်။ 

အာဏာရှင်စနစ်ကို တော်လှန်လက်စ ရှင်ကျန်လွတ်မြောက်သူတွေထဲက တချို့ဟာ အာဏာရှင်စက်ကွင်းထဲမှာပဲ နေပြီး မြေအောက်တော်လှန်ရေးတွေ ဆက်လုပ်တယ်။ 

တချို့က လက်နက်ကိုင် တော်လှန်ဖို့ တောခိုတယ်။ 

' ပါဂျောင်လူသတ်ပွဲ ' လို့လည်း သိ၊ ' မြောက်ပိုင်းလူသတ်ပွဲ ' လို့လည်း သိကြတဲ့ သွေးထွက်သံယို မျက်ရည်စို ဆို့ကြပ်မွန်းပိတ်စရာ အဖြစ်အပျက်တွေဟာ တော်လှန်ရေးတပ်သားတွေအချင်းချင်းကြားထဲမှာပဲ ဖြစ်ခဲ့တာ။ 

ရပ်တည်ချက် မခိုင်မာတာ၊ ခေါင်းဆောင်မှု ညံ့ဖျင်းတာ၊ သံသယစိတ် လွန်ကဲတာ၊ အာဏာမက်လွန်းတာနဲ့ နေရာစွဲ ကြီးလွန်တာတွေဟာ သွေးစွန်း လူသတ်ပွဲကြီးကို ဖြစ်ပျက်စေခဲ့တယ်။ 

' စတန်းဖို့စမ်းသပ်ချက် ' လို့ လူသိများတဲ့ စမ်းသပ်ချက်ဟာ အင်မတန် ထိတ်လန့်စရာကောင်းတယ်။ 

ရုပ်ရှင်မှာဆို သရုပ်ဆောင်ဂုရုကြီးနှစ်ပွေ ဖြစ်တဲ့ အက်ဒရီယန် ဘရောဒီနဲ့ ဖောရက်စ် ဝှစ်တိပ်ကာတို့နှစ်ယောက်က အဓိက ဇာတ်ကောင်နေရာကနေ အပြိုင် သရုပ်ဆောင်ခဲ့ကြတာ ကြည့်ပြီး ထိတ်လန့်ခဲ့ရ၊ ရွံရှာစက်ဆုပ်ခဲ့ရတယ်။ သာမန် လူတွေကိုပဲ ထောင်သားဝတ်စုံနဲ့ ထောင်အရာရှိ ဝတ်စုံတွေ ပေးဝတ်ပြီး ထောင်အဟောင်းတစ်ခုထဲ ထည့်သွင်းစမ်းသပ်ခဲ့ကြတာ။ ဝတ်ထားတဲ့ ယူနီဖောင်းပေါ် လိုက်ပြီး စိတ်ဓာတ်တွေ တဖြည်းဖြည်းချင်း ပြောင်းလဲလာတာကနေ ထောင်တွင်း အဓိကရုဏ်းနဲ့ လူသေဆုံးမှုဖြစ်တဲ့အထိ အခြေအနေဆိုးသွားလို့ စမ်းသပ်မှုကို သတ်မှတ်ရက်မတိုင်ခင် အမြန် ရပ်လိုက်ရတဲ့အထိ။ 

အခု ဒီရုပ်ပြဝတ္ထုထဲမှာလည်း ရထားတဲ့နေရာအရ စိတ်ဓာတ်တွေ ပြောင်းလဲလာတာ၊ အာဏာရှင်ကို တော်လှန်ဖို့ ကြိုးစားနေသူတွေမှာပဲ အာဏာရှင်စရိုက် ဝင်လာတာ၊ တော်လှန်ရေးတပ်သားတွေကို ထောက်လှမ်းရေးကလို့ စွပ်စွဲပြီး အရှင်လတ်လတ် နှိပ်စက်ညှဥ်းပန်းတာ၊ လူ့အဖြစ်ကနေ လျော့ကျစေတဲ့အပြုအမူတွေကို ခိုင်းစေတာ၊ အစာအာဟာရကို မျှတအောင် မကျွေးတာ၊ အိပ်စက်တာကနေ ချီးပါသေးပေါက်အထိ အခွင့်အရေးမျိုးစုံ ချိုးဖောက်ဖိနှိပ်ခဲ့ကြတာတွေကို ဖတ်ရ၊ မြင်ရမယ်။ 

ခိုင်လုံမှုမရှိတဲ့စွပ်စွဲချက်နဲ့ ဦးစီးချုပ်ကို ကိုသံချောင်းက လူအများရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ပြပြီး အလောင်းကို စစ်ရေးလေ့ကျင့်ကွင်းအောက် မြှုပ်နှံကာ ခြိမ်းခြောက်ပြတယ်။ လက်ဝါးကပ်တိုင်မှာ လက်နှစ်ဖက်ကို တုပ်ပြီး ကားစင်တင် နှိပ်စက်ခံရတဲ့ကျောင်းသား၊ ထောက်လှမ်းရေးလို့ ဝန်မခံတဲ့အတွက် ပေါက်ကွဲအား ပြင်းထန်တဲ့ မိုင်းကက်ပ်တွေကို လက်မှာ တွဲချည်ပြီး ဖောက်ခွဲနှိပ်စက်ခံရတဲ့ကျောင်းသား၊ လက်နဲ့ ခြေထောက်တွေကို ငုတ်နဲ့ ရိုက်ထားပြီး ဗိုက်ပေါ် ကတ္တရာပြား တင်ကာ မီးဖို နှိပ်စက်ခံခဲ့ရတဲ့ကျောင်းသား၊ မီးဖုတ်ထားတဲ့သံချောင်းကို ခြေဖနောင့်ကနေ ထိုးသွင်းနှိပ်စက်ခံရတဲ့ကျောင်းသား၊ ခြေထောက်မှာ ဝါယာကြိုးတွေ ချည်ပြီး လျှပ်စစ်နဲ့ ရှော့ခ်တိုက်ညှဥ်းဆဲခံရတဲ့ကျောင်းသား၊ ရေဆွတ်ထားတဲ့ ပလတ်စတစ်အိတ်ကို ခေါင်းမှာ စွပ်ပြီး လည်ပင်းကနေ ဆွဲညှစ်နှိပ်စက်ခံရတဲ့ကျောင်းသား . . . ။ 

အဖြစ်ဆိုး မျိုးစုံကို ခံခဲ့ရတဲ့ကျောင်းသားပေါင်း မြောက်မြားစွာ။ 

တချို့က ပိုင်ဆိုင်တဲ့ပိုက်ဆံပမာဏပေါ် မူတည်ပြီး စိတ်ဓာတ်တွေ ပြောင်းလဲတယ်။ 

တချို့က ပိုင်ဆိုင်တဲ့အာဏာပေါ် မူတည်ပြီး စိတ်ဓာတ်တွေ ပြောင်းလဲတယ်။ 

တချို့က ပိုင်ဆိုင်တဲ့လက်နက်တွေပေါ် မူတည်ပြီး စိတ်ဓာတ်တွေ ပြောင်းလဲတယ်။ 

ဒီသုံးမျိုးစလုံး ပိုင်ဆိုင်ထားတဲ့ လူတွေဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ စဥ်းစားကြည့်ပေါ့။ 

အသက် ၁၈ နှစ်အထက်ပဲ ဖတ်ရမယ့် စာအုပ်ဆိုတာ သတိချပ်ပါ။ 

???? 

ရုပ်ပုံတွေ ဆွဲထားတာနဲ့ အရောင်တွေ သုံးထားတာဟာ ဇာတ်လမ်းကို တော်တော် ကြွစေတယ်။ စာအုပ်ဆိုဒ်သာ ဒီ့ထက် ပိုကြီးမယ်ဆိုရင် ဖန်တီးသူရဲ့လက်ရာတွေ ပိုမြင်သာမယ်။ 

လေ့လာကြည့်တော့ ဖန်တီးသူဟာ ကိုရီးယားက ရုပ်ပြဇာတ်လမ်းတွဲပေါင်း ၃၀၀ ကျော်မှာ ၁၈ နှစ်ကျော်တဲ့အထိ ရုပ်ပြပညာရှင်အဖြစ် ရပ်တည်ရေးဆွဲခဲ့သူ ဖြစ်နေတယ်။ ရှေ့မှာ ဖတ်ခဲ့ဖူးတဲ့ မြန်မာ ဂရပ်ဖစ်နော်ဗယ်လ်တစ်အုပ်ထက် ဒီစာအုပ်ကို ဇာတ်လမ်းအရရော ဂရပ်ဖစ်အရပါ ပိုကြိုက်မိတယ်။ 

#လူသာမန်
23.1.2021; 8:07 pm 

** ​မြောက်ပိုင်းလူသတ်ပွဲအကြောင်းကို ဒီ့ထက် အသေးစိတ် သိချင်ရင် ဆက်လက်ဖတ်ရှုရမယ့် စာအုပ်တွေ ရှိတယ်။ 

* ပန်းချီ ထိန်လင်း - မြောက်ပိုင်း ABSDF အချင်းချင်း သတ်ဖြတ်ပွဲ
* ထွန်းအောင်ကျော် - ABSDF ကျောင်းသားတပ်မတော် ဖြစ်ပေါ်လာပုံ
* ဖိုးကျော် - ပြည်ထောင်စုနေ့နှင့် ABSDF
* ဒေါက်တာ မြင့်ချို - ဆရာဝန်တစ်ဦး၏ တော်လှန်ရေးခရီး
* ဆမားညီညီ - ဝံပုလွေများထံမှ လွတ်မြောက်ခြင်း
* မိုးတိမ် - သေ့ဘောဘိုးစခန်း ABSDF 88 ...
* မောင်မောင် (ရွှေကရဝိက်) - ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင် 

မှတ်မိသလောက်ပါ။ စာအုပ်အဖြစ် မထွက်နိုင်သေးတဲ့ ဆောင်းပါးတွေ၊ မှတ်တမ်းတွေလည်း ကျန်ပါသေးတယ်။



Publisher Name: ရုပ်ပြောင်စာပေ


Related Books