Book Image

ရှက်ပြီးသေတဲ့သင်္ဘော

မောင်မိုးသူ

ဘကြီးမိုးရဲ့ ဘာသာပြန်လက်ရာတွေကို ခရေဇီဖြစ်တဲ့ ကျွန်တော် ဒီစာအုပ်ပါးပါးလေးကို ခုမှပဲ ဖတ်ဖြစ်ပါတော့တယ်။ စာအုပ်ကတော့ ဒုတိယကမ္ဘာစစ်ရဲ့ ရေကြောင်းတိုက်ပွဲမှာ ဗြိတိသျှတွေဘက်က ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တဲ့ MGB1087 ဆိုတဲ့ သင်္ဘောအကြောင်းပါပဲ။


စာအုပ်အမည် - ရှက်ပြီးသေတဲ့သင်္ဘော
ဘာသာပြန် - မောင်မိုးသူ
မူရင်း - The Ship That Died of Shame by Nicholas Monsarrat
စာအုပ်တိုက် - NDSP (ငါတို့စာပေ)
ပုံနှိပ်မှတ်တမ်း - ၂၀၁၅၊ နိုဝင်ဘာ (ပထမအကြိမ်)
တန်ဖိုး - ၁၂၀၀ ကျပ်
စာမျက်နှာ - ၉၀


ဇာတ်ကြောင်းပြန်ပြောသူကတော့ MGB1087 ကို မောင်းတဲ့ ကပ္ပတိန်ဘီလ်ရန်းတောလ်ပါ။ သူရယ် သူ့လက်ထောက် ပထမလက်ဖတင်နင်ဂျော့ဟော့စကင်ရယ်ဟာ ဒုတိယကမ္ဘာစစ်ကာလမှာ MGB1087 ကို မောင်းနှင်ပြီး ရန်သူဂျာမန်သင်္ဘောတွေ၊ လေယာဉ်တွေကို ရှင်းပစ်တဲ့တာဝန် ယူရတာပါ။ အမယ်... သူတို့သင်္ဘောက နှယ်နှယ်ရရတော့ မဟုတ်ပေဘူးဗျ။ ကမ်းရိုးတန်းတိုက်ပွဲမှာ ထိပ်တန်းက အောင်ပွဲဆင်ခဲ့တဲ့ သင်္ဘောတစ်စင်းဆိုလည်း မမှားပါဘူး။ သူတို့သင်္ဘော ပစ်ချနှစ်မြှုပ်ပစ်ခဲ့တဲ့ ရန်သူ့သင်္ဘောစာရင်းကိုပဲ ကြည့်ဦး။


မိုင်းချ ၁၂၆
ဂတ်ဆိုမီတာ ၂
အီးဘုတ် ၇
မီးသင်္ဘော ၁
လေယာဉ် ၈
ငါးဖမ်းသင်္ဘော ၃

ဒါတောင် ကပ္ပတိန်ကြီးက သေချာပေါက်ပျက်ဆီးဆုံးရံှူးသွားတဲ့ စာရင်းကိုပဲ တင်လို့။ သူတို့သင်္ဘောက အမြောက်လက်ချက်နဲ့ မီးခိုးတန်းပြီး ပျံပြေးရတဲ့ ရန်သူ့လေယာဉ်တွေလည်း ရှိသေးသပေါ့။ ဂျော့ဟော့စကင်ကတော့ သူတို့သင်္ဘောဟာ ရန်သူဘက်ကို ပျက်ဆီးစေနိုင်တဲ့အထဲမှာ နံပါတ်တစ်ပဲလို့ ဂုဏ်ယူပြီး ပြောတာပေါ့လေ။ ထားပါ၊ ဒါတွေက ဒုတိယကမ္ဘာစစ်တုန်းက ကိစ္စတွေ။

ကမ္ဘာစစ်လည်းပြီးရော ကပ္ပတိန်ဘီလ်ရန်းတောလ် ခွေးဖြစ်တော့တာပဲ။ လုပ်စရာအလုပ်ကလည်း မရှိ။ သောက်ရတဲ့အရက်တောင် ဈေးပေါပေါပဲပဲဟာမှ။ သူတင်လားဆိုတော့ ကျန်တဲ့လူတွေလည်း ထိုနည်းလည်းကောင်း။ သူ့သင်္ဘောကော ဘာထူးလို့လဲ။ အမ်ရှားရားမြို့က လစ်မစ်တန်မြစ်ရဲ့ မြေအပုံမှာ တုံးလုံးပက်လက်ကလေးလဲလို့။ သင်္ဘောကုန်းပတ်ပေါ်က ဗုံးဆန်မှန်ထားတဲ့ ဒဏ်ရာကိုသာမတွေ့ရင် သူ့သင်္ဘောလို့ ပြောနိုင်ဖို့တောင် ခပ်ခက်ခက်မဟုတ်လား။ အဲ... ဟော့စကင်ကတော့ တစ်ဘာသာပါဗျာ။ ငနဲသားက မှောင်ခိုလုပ်ငန်းနဲ့ ကြီးပွားနေတော့ကာ ပြောင်ပြောင်ယောင်ယောင်ပဲ။ စစ်ပြန်တွေသောက်တဲ့အရက်ဆိုင်တစ်ခုမှာ သူနဲ့ဘီလ်နဲ့ဆုံတော့ မှောင်ခိုလုပ်ဖို့ ဆွယ်ပါလေရော။ ငတ်နေတဲ့ကာလကြီးမှာ ဘီလ်ကကော ဘာသားနဲ့ထုထားတာမို့လဲ။ ဒီလိုနဲ့ မှောင်ခိုလုပ်ငန်းမှာ အသုံးတော်ခံဖို့ စွန့်ပစ်ပစ္စည်းသာသာဖြစ်နေတဲ့ MGB1087 ကို ပြန်ဖော်ပြီး ပြင်ရဆင်ရတော့တာပေါ့။

ဒီလိုနဲ့ သင်္ဘောတစ်စီးလုံး သံချေးတွေတိုက်ချွတ်၊ အင်ဂျင်တွေပြန်စမ်း၊ နဂိုမူလဇာတိရုပ် ပြန်ပေါ်လာချိန်မှာ မြစ်ထဲအစမ်းမောင်း၊ ဟုတ်လို့ပဲ။ ဒီတော့ ပြင်သစ်နဲ့အင်္ဂလန်အကြား မှောင်ခိုကုန် ကူးလေသည်ပေါ့ဗျာ။ ဘရန်ဒီတို့ ဝိုင်တို့ စီးကရက်၊ အထည်စ စတာတွေဟာ လူတွေသိပ်ကြိုက်တာပေါ့။ တစ်ခေါက်တစ်ခေါက်ကိုလည်း မြိုးမြိုးမြက်မြက် ရသေးတယ်လေ။ တစ်ခါသားမှာ ကံများဆိုးချင်တော့ အကောက်ခွန်စစ်တဲ့ ကမ်းလှည့်သင်္ဘောနဲ့ တိုးပါလေရော။ ဒါမျိုးကျ ဟော့စကင်က သိပ်လည်တယ်။ သင်္ဘောကို နွံတောထဲထိုးရပ်၊ ဟိုဘက်သင်္ဘောက အကောက်ခွန်အရာရှိတွေကို သူတို့သင်္ဘောပေါ် ဖိတ်ခေါ်ပြီး အရက်၊ စီးကရက်စတာတွေနဲ့ ဧည့်ခံတာပေါ့။ သောက်သောက်စားစား ပျော်ပျော်ပါးပါး လုပ်နေချိန်မှာ ဟော့စကင် လှစ်ခနဲပျောက်သွားတယ်။ သူပြန်ရောက်လာတော့ သင်္ဘောပေါ် စစ်ဆေးကြည့်မယ်လို့ အရာရှိတွေက ပြောပါရော။ စစ်ပေါ့၊ ဟော့စကင်က ခပ်အေးအေးပဲ။ ချွေးပြန်နေသူကတော့ ဘယ်သူရှိမလဲ၊ ဘီလ်ပဲပေါ့။ အဲဒီအချိန်မှာ သူတို့ထိုင်နေတဲ့ သင်္ဘောကုန်းပတ်ပေါ် ရေတွေရောက်လာတယ်။ နွံတောထဲထိုးရပ်တာ သင်္ဘောဝမ်းပေါက်ပြီး ရေဝင်လာတဲ့ပုံပေါက်အောင် ဟော့စကင်လုပ်လိုက်တာလေ။ ဟိုအရာရှိတွေလည်း သူတို့ဘာကူရဦးမလဲမေးရင်း နှုတ်ဆက်ပြီး သူတို့သင်္ဘောပေါ်ပြန်ကြ၊ ဒီလိုနဲ့ အဖမ်းမခံရဘဲ သူတို့ လွတ်လာပါတယ်။

ဒီအထိကတော့ ခေါင်းစဉ်နဲ့မဆိုင်သေးပါဘူး။ ဒါဖြင့် သင်္ဘောက ဘာကိုရှက်ပြီးသေတာပါလိမ့်။ ဖတ်ကြည့်ကြဖို့ပါပဲ။

ကျော်စွာ
၂၂:၀၀ နာရီ
၃.၇.၂၀၁၇

ဒါလေးကတော့ ကျွန်တော် ဖတ်ဖူးတဲ့ မောင်မိုးသူ စာအုပ်စာရင်းလေးပါ။ ကျွန်တော် မသိသေးတာ မေ့ပြီးမထည့်မိတာလေးတွေ သိထားရင် ဖြည့်စွက်ပေးကြပါဦး။ (ဒီစာရင်းထဲမပါတဲ့ #သေနေ့ #သစ္စာဖောက်ဘွန်း နဲ့ #ကောင်းကင်ဘုံကမျက်နှာမလိုက်ပါဘူး သုံးအုပ်ကိုတော့ ကျွန်တော်မဖတ်ဖူးသေးပါဘူး။)

#အတုံ့အလှည့် (ကံ့ကော်ဝတ်ရည်)
(The Postman Always Rings Twice by James M cain)

#အင်နစ်ဂမာ (ကံ့ကော်ဝတ်ရည်)
(Enigma by Michael Barak)

#အတိတ်တစ္ဆေ (မကြာမီလာမည်မျှော်)
(The Phantom Conspiracy by Michael Barak)

#မာဖီးယားနှင့်ပေါ်ပီပန်း (ရန်ကုန်လမ်းမများစာအုပ်တိုက် ပြန်ထုတ်)
(Fruit of the Poppy by Robert Wilder)

#စိတ္တဇ (ကံ့ကော်ဝတ်ရည်)
(Psycho by Robert Bloch)

#ကျားကုတ်ကျားခဲ (ဘဝတက္ကသိုလ် ပြန်ထုတ်)
(Eye of the Needle by Ken Follett)

#သဲကြီးမဲကြီး
(Key to Rebecca by Ken Follett)

#အထွတ်အထိပ် (ခြူးခြူးစာအုပ်တိုက် ပြန်ထုတ်)
(Lie Down With Lions by Ken Follett)

#သူနိုင်ကိုယ်နိုင် (သီဟရတနာ)
(Triple by Ken Follett)

#စိန့်ပီတာစဘတ်မှလူ
(The Man From St Petersberg by Ken Follett)

#လင်းယုန်တို့၏အောင်ပွဲ
(On Wings of Eagle by Ken Follett)

#သမုဒ္ဒရာပေါ်မှခရီးကြမ်း (ကံ့ကော်ဝတ်ရည်)
(Night Over Water by Ken Follett)

#ရိုလာကိုစတာ_အခုမကြည့်နဲ့ဦး (ဝတ္ထုတိုနှစ်ပုဒ်)

#အချစ်ပုံပြင် (NDSP ပြန်ထုတ်)
(Love Story by Erich Segal)

#ပစ်မသွားနဲ့အချစ်ရယ်
(Never Leave Me by Harold Robbins)

#အိပ်ဇိုးဒပ် (NDSP ပြန်ထုတ်)
(Exodus by Leon Uris)

#အိပ်မက်ကုန်သည်
(The Dream Merchants by Harold Robbins)

#အိပ်ဇိုးဆေး
(Exocet by Jack Higgins)

#သက်စွန့်ဆံဖျား (ကံ့ကော်ဝတ်ရည်)
(Day of Judgement by Jack Higgins)

#ငြိုးသူရန်ဘက်
(Worldly Goods by Michael Korda)

#ကြေးစား
(? by Wilbur Smith)

#ဂျိမ်းစဘွန်း၏အထူးတာဝန်
(For Special Services by John Gardner)

ဘာမှမရေးထားတာတွေက ဝယ်မရနိုင်တော့လို့ပါ။ ပြန်ထုတ်တွေက ဝယ်လို့ရတာသေချာ။ ကံ့ကော်ဝတ်ရည်က ထုတ်တာတွေက ကံကောင်းရင်ရနိုင်သေး။

ကျော်စွာ


Publisher Name: ငါတို့စာပေ

Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543

Publisher Phone Number: 09 73055543


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

ဆင်ကုန်သည်

မောင်ထွန်းသူ
Book Review Image

မင်းပုန်းတောင်သိုင်းသမား

မြသန်းတင့်
Book Review Image

ချာလီနှင့်ထူးဆန်းသောချော့ကလက်စက်ရုံကြီး

မောင်ဒေး
Book Review Image

စန်းထတဲ့မမများ

တင်မောင်မြင့်
Book Review Image

အကြမ်းပတမ်းခရီးဆန်း

တက္ကသိုလ်နေလင်းအောင်
Book Review Image

ခြေသလုံးအိမ်တိုင်ဂတ်ဂျစ်

အောင်ကျော်
Book Review Image

ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - မိုးကြိုးခိုးသူ

ကောင်းမြတ်လွန်းသော် (ဆေးတက္ကသိုလ်)
Book Review Image

မိစ္ဆာ

သင့်လူ
Book Review Image

ကော်ရလိုင်းဆိုတဲ့ကောင်မလေး

မောင်ဒေး
Book Review Image

ဇရာအိုကြီး

ထွန်းမြတ်အေး
Book Review Image

သက်တံနေ့ရက်များ

တင့်ဇော်
Book Review Image

နန်​းဟာဗီး

ရန်ကုန် ဘဆွေ
Book Review Image

နှစ်​​လောကတိုက်​ပွဲ

ခင်​မျိုးချစ်​
Book Review Image

ဂေါ့ဖားသား

တက္ကသိုလ်နေဝင်း
Book Review Image

ဒါဗင်ချီကုတ်

ဉာဏ်သစ်
Book Review Image

မှောင်သောအလင်း

လင်းတင့်သီဟ
Book Review Image

တင်​တင်​၏စွန်​့စားခန်​းများ ( ဆိုဗီယက်​ )

မယ်​ကျွိ