စာအုပ်အမည် - Love in the Time of Cholera
စာရေးသူ - Gabriel Garcia Marquez
ဘာသာပြန်စာအုပ် အမည် - ကပ်တွင်းက ချစ်ခြင်း
ဘာသာပြန်သူ - သင့်လူ
စာအုပ်တိုက် - ကံကော်ဝတ်ရည်
ပထမအကြိမ် ဖေဖော်ဝါရီလ ၂၀၁၆
တန်ဖိုး - ၅၅၀၀ကျပ်
စာမျက်နှာ - ၃၉၀ မျက်နှာ
ဆရာကြီး မားရ်ကက်ရဲ့ စာအုပ်ကို ဆရာသင့်လူဘာသာပြန်တာဟာ ဒီစာအုပ်နဲ့ဆို သုံးအုပ်မြောက်လို့ အမှာစာကနေ တဆင့်သိရတယ်။ ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ (One Hundred years of Solitude) ဒီစာအုပ်ကိုတော့ ဝန်ဇင်းစာအုပ်စင်မှာ တွေ့ဖူးတယ်။ နောက် မိစ္ဆာမြူးချိန် (In Evil Hour) ဒီစာအုပ်ကိုတော့ အစပိုင်းဖတ်ပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ ပတ်ဝင်းကျင်အနေအထားကို ပုံဖော်ထားတာမို့ ဆက်မဖတ်ဖြစ်ပဲ ချောင်ထိုးထားဖြစ်တယ်။ ခုတော့ ကပ်တွင်းက ချစ်ခြင်းကို ဖတ်ပြီးတဲ့အချိန်မှာ ဟိုနှစ်အုပ်ကို ဖတ်ကိုဖတ်ရမယ်ဆိုတဲ့ စိတ်မျိုးဖြစ်မိလေတယ်။
ကပ်တွင်းက ချစ်ခြင်းမှာ ဆရာသင့်လူရေးထားတဲ့ အမှာစာကို ဖတ်တော့မှ မားရ်ကက်ဟာ သူဝတ္တုတွေကို သူ့ရဲ့ မွေးရပ်မြေ ကိုလံဘီယာကို အခြေတည်ရေးထားတာဖြစ်တဲ့ အကြောင်း သိရတော့တယ်။ ဒါကြောင့်မလို စစချင်းမှာတော့ ဇာတ်လမ်းဖြစ်တည်ရာ ပတ်ဝင်းကျင်၊ ခေတ်အနေအထား၊ ဇာတ်ဆောင်တွေဟာ ကိုယ်နဲ့ စိမ်းနေတာဖြစ်မှန်း သိရတော့တယ်။ ဒီတော့ သည်းခံပြီး ဖတ်ပါမယ်လေဆိုပြီး အခုစာအုပ်ကို ဖတ်လိုက်တယ်။ ဒါပေမယ့် သိပ်အကြာကြီး သည်းမခံလိုက်ရပါဘူးလေ။
စာအုပ်အစတင် ဆရာဝန်ကြီးယူဗီနယ်ရဲ့ သူငယ်ချင်း၊ စစ်တုရင်ကစားဖော်၊ ဓါတ်ပုံဆရာ စိန့်အာမာသေတယ်။ အဆိပ်ငွေ့ရှူပြီး သူ့ဟာသူ အဆုံးစီရင်သွားတာ။ စိတ်ထဲမှာ ဓါတ်ပုံဆရာရဲ့ အမှုကိုပဲလိုက်မလားပေါ့။ သို့ပေမယ့် ခဏနေတော့ ပြင်သစ်စကားပြောတတ်တဲ့ ကြက်တူရွေးဆီကို forecast က ရွှေ့သွားပြန်ရော။ ဘာလဲဟပေါ့။ ဒီကြက်တူရွေးကြောင့် ဆရာဝန်ကြီးပါ သေပါရောလား။ ဒီထိတော့ ဇာတ်လမ်းကို တစ်ဝဲလည်လည်ပဲ။ အဲဒီမှာ ဆရာဝန်ကြီးကတော် ဖာမီနာပေါ်လာတယ်။ ဆရာဝန်ကြီး ရုပ်အလောင်း မြေကျပြီးချင်းချင်း အဖိုးကြီးတစ်ယောက်ဟာ ဆရာဝန်ကြီး ကတော် ဖာမီနာကို
“ဖာမီနာ.. ကိုယ် ဒီအခွင့်အရေးအတွက် ရာစုနှစ်တစ်ဝက်ကျော် စောင့်ခဲ့ပြီးပြီ။ မင်းကို တစ်ခါပြန်ပြီး ကိုယ့်ရဲ့ ထာဝရအချစ်တွေကို ဦးညွန့်ပြီး ပေးစမ်းပါရစေလား ဖာမီနာရယ်”
စာမျက်နှာ ရ၆
ရည်းစားစကားပြောခံရလို့ ဖာမီနာကို ငယ်ငယ်လေး မထင်ပါနဲ့လေ။ သူ့အသက်က ရ၂နှစ်တဲ့။ ရည်စားစကားပြောတဲ့ အဖိုးကြီးက ဖာမီနာထက် နှစ်နှစ် သုံးနှစ်ကြီးတယ်။ အဲဒီကစလို့ ဒီဇာတ်လမ်းကို ကိုယ်စိတ်ဝင်စားတော့တာပဲ။ ရီလည်းရီချင်၊ ဘာလဲဟလို့လည်း တွေးပေါ့။
ဆရာကြီးမားရ်ကက်ဟာ အဖိုးကြီး ဖလိုရန်တီနိုအရီဇာနဲ့ အဖွားကြီး ဖာမီနာတို့ရဲ့ ငယ်ဘဝ အချစ်ဇာတ်လမ်း၊ ဆရာဝန်ကြီး ယူဗီနယ်ရဲ့ အကြောင်း။ လူငယ်လေး ဖလိုရန်တီနိုဟာ သူ့ငယ်ချစ် ဖာမီနာကို လက်လွတ်ဆုံးရှုံးပြီးတဲ့ အချိန်ကစလို့ သူ့ရဲ့ အသည်းကွဲဒါဏ်ရာကို ကုစားဖို့ အမျိုးသမီး တစ်ယောက်ပြီး တစ်ယောက်နဲ့ ချစ်ပွဲဝင်လိုက်တာ အမျိုးသမီးပေါင်း ၆၄၂ ယောက်လို့ စာရင်းရှိလေရဲ့။ ကြာကြာတွဲတဲ့သူရှိသလို တစ်ညတစ်လေပဲ တွဲတဲ့သူလည်း ရှိပေါ့လေ။ ဒါတွေအကုန်လုံးကို ဘိုးတော်က မှတ်တမ်းတင်ထားတယ်ဆိုပဲ။ (လူဇိုး)
လူဇိုးဟာ ငယ်ချစ်ဖာမီနာကိုတော့ အသည်းနစ်အောင် ချစ်ရှာတယ်။ သူ့ရှေ့ရောက်ရင် ခြေမကိုင်မိ လက်မကိုင်မိ၊ ခြေဖျားလက်ဖျားတွေ အေးစက်ကုန်လောက်အောင် ချစ်တယ်။ ချစ်သဝန်လွှာပေါင်းမြောက်မြားစွာလည်း ရေးဖူးလေရဲ့။ ဒီလိုရေးရင်းနဲ့ သူရဲ့ စာအရေးအသားတွေဟာ တိုးတတ်လာလိုက်တာ အလုပ်အားချိန်မှာ ကိုယ်စားရေးတဲ့ မေတ္တာစာတွေကို လက်မလည်အောင်လည်း ရေးရလေရဲ့တဲ့လေ။ အဲဒီထဲမှာ ထူးထူးခြားခြား တစ်တွဲကတော့ ယောကျာင်္းလေးဘက်က မေတ္တာစာကိုရော မိန်းခလေးဘက်က မေတ္တာစာကိုရော သူကပဲရေးပေးလိုက်ရတာ။ ကိုယ်ရေးပေးထားတဲ့စာကို ကိုယ်ပဲ ပြန်စာရေး။ နောက်ဆုံး အဲဒီအတွဲ လက်ထပ်ကြ။ ကလေးရတော့ သူဟာခေါင်းကိုင် ဖခင်တောင် ဖြစ်လိုက်သေးတယ်။
ကပ်တွင်းက ချစ်ခြင်းလို့ရော ဘာလို့ခေါ်လဲဆိုတော့ အဲဒီခေတ်အခါက ကာလဝမ်းရောဂါကြီးဟာ ကျိန်စာတစ်ခုလိုပဲ။ ဝင်ချင်တဲ့အချိန် ဝင်လာ ထွက်ချင်တဲ့ အချိန်ထွက်သွား။ အလောင်းတွေ တောင်လိုပုံ၊ နောက် မြေကြီးတူးပြီး မြုပ်ပြန်တော့လည်း မြုပ်ထားတဲ့ အလောင်းတွေများလွန်းလို့ မြေကြီးထဲက သွေးတွေ စိမ့်ထွက်တဲ့အထိ။ အမလေး ဖတ်ရင်း ဖတ်ရင်းနဲ့ ကြောက်တောင် ကြောက်တယ်။ ဆရာထင်လင်းရဲ့ ပုလိပ် (The plague by Albert Camus) ကို ဖတ်တုန်းက အသက်တောင် မရှူရဲတော့တာကိုတောင် သတိရမိတယ်။
ကိုလံဘီယာရဲ့ ဓလေ့ထုံးစံတွေ၊ အဲဒီခေတ်ရဲ့ ကာလဒေသအခြေအနေတွေ၊ အပေါ်ယံ ရွှေမှုန်ကြဲလို့ အတွင်းမှာ ဖောက်ပြန်နေတဲ့ အိမ်ထောင်ရေးတွေ စသည် စသည်တွေကို ဆရာကြီးမားရ်ကက်က သရော်ဟန်နဲ့ရေးတယ်။ ဆရာသင့်လူက ထုံးစံအတိုင်း မြန်မာစကားကျွမ်းကျွမ်းကျင်ကျင်နဲ့ ဘာသာပြန်တယ်။ ချစ်ခန်းကြိုက်ခန်းတွေကို ဆရာဘာသာပြန်သွားတာလေးတွေဟာ မျက်စိထဲလည်းမြင်၊ ဖတ်ရတာလည်း မရိုင်းပေါ့လေ။
စာမျက်နှာ ၁၇၉
တစ်ညမှာ စာဖတ်ခြင်းကို စောစောစီးစီး နိဌိတံလိုက်ပြီး အညောင်းဆန့်ကာ အိမ်သာသို့ အသွား အိပ်ခန်းတံခါးတစ်ချပ် ရုတ်တရက် ဟလာပြီး လက်တစ်ဖက်က သူ့ကို အကျီင်္ကော်လာမှ ဆွဲကိုင်ကာ ကြွက်ကို သိမ်းစွန်သုတ်သလို အိပ်ခန်းထဲ စွေ့ကနဲ့ ဆွဲသွင်းလိုက်သည်။ အမှောင်ထဲမှာ မသဲမကွဲ တွေ့ရသည်က ဝတ်လစ်စားလစ် မိန်းမတစ်ယောက်၊ ကောက်ကြောင်းလှသည့် သူ့ခန္တာက တစ်ကိုယ်လုံး ချွေးတွေ ရွှဲလျက်၊ အသက်ရှူသံက မုန်တိုင်းထန်နေသည်၊ ထိုမိန်းမသည် သူ့ကို ခုတင်ပေါ် တွန်းလှဲပြီး ခါးပတ်ကို ချွတ်သည်။ ဘောင်းဘီကို အမြန်ချွတ်သည်။ သူပေါ် တက်ခွသည်။ သူ့ကို ဒုန်းစိုင်းသည်။ လူပျိုပျက်ခန်းက ဂုဏ်သိက္ခာလဲလှသည်ဟု ဆိုချင်ဆို၊ ပြင်းပြလှသော စိတ်ဆန္ဒတွေဖြင့် နှစ်ယောက်လုံး ဆုံးစမဲ့သည့် ပုစွန်ခြောက်ကန်ကြီးထဲ ကျသွားသလို၊ ခဏနေတော့ အသက်ကို အလုအယက် ရှူနေရသည့် အမျိုးသမီးသည် သူ့ကိုယ်မှ ခွါလိုက်သည်။
“သွားတော့၊ ထွက်တော့၊ ဒီကိစ္စကို မေ့လိုက်၊ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး။”
မြတ်စွာဘုရား… အဲတိုင်းပဲ ပြောမိတော့တယ်။
နာမည်တောင် မသိလိုက်တဲ့ အမျိုးသမီးတစ်ယောက်ကြောင့် လူလေး ဖလိုရန်တီနိုဟာ လူပျိုရည်ပျက်၊ နောက်တော့ အမျိုးသမီးပေါင်းများစွာရဲ့ ချစ်ဖော်ဖြစ်။
ဒီအခန်းတွေဟာ တကယ်တမ်းတော့ ဝေဖန်ခံနေရတဲ့ ဟိုဂျပန်စာရေးဆရာကြီးစာအုပ်တွေမှာ ပါတဲ့ အခန်းတွေထက် ပိုလို့များတယ်။ စကားလုံး ရွေးချယ်မှုကြောင့် ဒီစာအုပ်ဟာ ဟိုစာအုပ်လို ဝေဖန်မခံရရှာဘူး။ အဲဒီတော့ နာမည်လည်း သိပ်မကြီးရရှာဘူးပေါ့။
အဖိုးကြီးနဲ့ အဖွားကြီး ဇာတ်လမ်းကို ဇာတ်ကြောင်း ပြန်ပြောသလိုရေးထားတယ်။ ငယ်ဘဝ၊ ဘယ်လိုအသက်ကြီးလာတယ်။ ဘယ်လိုချစ်ခဲ့ကြတယ် စသည်ဖြင့်ပေါ့။ ဖတ်လို့လည်း ကောင်းတယ် နောက်ဆုံးဘာဖြစ်မလဲဆိုတာလည်း သိချင်တယ်။ ခင်ပွန်းဖြစ်သူ အသုဘမှာ ရည်းစားစကား အပြောခံလိုက်ရတဲ့ မုဆိုးမအသစ်စက်စက်ရဲ့ ဒေါသမုန်တိုင်းဟာ ဘယ်အထိ ပြင်းထန်လဲ။ မိန်းခလေးတစ်ကာရဲ့ ချစ်ခြင်းကို ရခဲ့တဲ့ ကျမ်းကြေလှသူ ဖလိုရန်တီနိုဟာ အသက် ရ၅နှစ် သေခါနီးကပ်တော့မှ သေခါနီး အဖွားအိုရဲ့ အချစ်ကို ရနိုင်ခဲ့လား။ စပ်စုစိတ်ကြောင့် နောက်ဆုံးကို လှန်ဖတ်ကြည့်ချင်ပေမယ့်လို့ အရသာပေါ့မှာစိုးလို့ တစ်မျက်နှာချင်း ဇိမ်ခံဖတ်လိုက်တယ်။ ဖတ်လို့ပြီးတဲ့အခါလည်း တကယ်ကို စိတ်ကျေနပ်မှုရခဲ့တဲ့ စာအုပ်တစ်အုပ်ပဲ။ အဲဒါကြောင့် ရုံးက ပြန်ရောက်ရောက်ချင်းကို ဒီခံစားချက်တွေကို ခုလို ဖွင့်ချမိတာ။ စာအုပ် အစပိုင်းမှာ အရှုံးသမား ဖလိုရန်တီနိုဟာ စာအုပ်ဆုံးသွားတဲ့အခါမှာ ကိုယ့်ရဲ့ ဟီးရိုးဖြစ်လို့သွားတယ်။
မယ်ကျွိ
၇နာရီ ၁၁ မိနစ် (ညနေ)
၁၅ရက် မတ်လ ၂၀၁၇