Book Image
သင်္ခါ
သင်္ခါ [၁၉ဝ၉ - ၁၉၉၇] ပြင်ဆင်
ပဲခူး ခရိုင် ညောင်လေးပင် မြို့၌ အဖ ရဲအရာရှိ ဦးစည်၊ အမိ ဒေါ်ဒွေး တို့က ၁၉ဝ၉ ခု အောက်တိုဘာ ၃ဝ ရက် စနေနေ့တွင် မွေးဖွား ခဲ့သည်။ ငယ်မည် မောင်ထွန်းဘွား၊ အမည်ရင်း ဦးတင်မြင့် ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် တတိယ မြောက်သား ဖြစ်သည်။


ငယ်စဉ်က ညောင်လေးပင်မြို့ အမျိုးသား အထက်တန်း ကျောင်းတွင် ပညာသင်ယူခဲ့သည်။ ခုနစ်တန်းကို စကောလားရှစ်နှင့် အောင်ပြီးနောက် ရန်ကုန်မြို့ အလွတ်ပညာသင် ကျောင်းများတွင် ဆက်လက် ပညာသင်ခဲ့သည်။ ဆယ်တန်း မအောင်မီ ကျောင်းမှ ထွက်ခဲ့သည်။ ငယ်စဉ်ကပင် စာပေဝါသနာ ပါရုံသာမက စိတ်ကြီးသူတစ်ယောက်ဖြစ်၍ စိတ်လည်း ခက်ထန်သူ ဖြစ်သည်။ လူငယ်တို့ဘာဝ ဝတ္တု၊ မဂ္ဂဇင်းတို့ ဖတ်တတ်သည့်အရွယ်တွင် အခြားသူများနှင့်မတူ စာအလွန်အကျွံ့ ဖတ်ခဲ့သည်။


ထို့နောက် ဖြူးမြို့ရှိ ဘကြီးထံတွင် စပါး အဝယ်လုပ်ငန်း လုပ်ကိုင်သည်။ အသက် တစ်ဆယ့်ရှစ်နှစ်တွင် ရာဇဝတ်အုပ် (ဒုလုံခြုံရေးမှူး) ရာထူးဖြင့် ဝန်ထောက်၏ ရှေ့ဖတ် စာရေး ဖြစ်လာခဲ့သည်။ မကြာမီ အလုပ်မှ နုတ်ထွက် ခဲ့ပြီးနောက် ညောင်လေးပင်မှ ရန်ကုန်သို့ ထွက်လာခဲ့သည်။ ဝပ်ဆင်တိုက်တွင် စာရေးဝင်လုပ်သည်။ ဗြိတိသှျ ဘားမား ရုပ်ရှင်ကုမ္ပဏီတွင် ဇာတ်ညွှန်းရေး ဆရာ အဖြစ် ၂ နှစ်ခန့်မှျ လုပ်ကိုင်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်တွင် စာရေးဆရာအသင်း ပေါ်ပေါက်လာသော အခါ ပထမဆုံး အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ဂျပန်ခေတ်တွင် ဇဝန အတွင်းရေးမှူး လုပ်ခဲ့သည် မှအပ ခုနစ်နှစ် တိုင်တိုင် လုပ်ခဲ့သည်။ "စာတော်ဆက်" စာအုပ်တိုက် ဖွင့်၍ ဝတ္ထု စာအုပ်များ ထုတ်ဝေ ခဲ့ဖူးသည်။ နဂါးနီ စာစောင် ပေါ်ပေါက် လာသော အခါ အယ်ဒီတာ အဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့သည်။ ဂျပန် တစ်ခေတ်လုံး စာအုပ်သည် ဘဝဖြင့် နေထိုင်ခဲ့သည်။ ကက်စ်ဘီ လက်ထက်တွင် "စာရေးဆရာ မဂ္ဂဇင်း" ကို ထုတ်ဝေပေးခဲ့သည်။ စစ်ပြီးခေတ် ၁၉၅၅ ခုနှစ် ဒီဇင်ဘာမှ စ၍ ၁၉၆၄ ဇွန်ထိ တိုင်းရင်းမေ ဂျာနယ်တွင် အတိုင်ပင်ခံ အယ်ဒီတာ၊ အယ်ဒီတာချုပ် အဖြစ် ၁ဝ နှစ်ခန့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။


ကျောင်းသား ဘဝတွင် ဆရာမြစလွယ်(ဦးထင်ပေါ်)၏ ဖြတ်တောက် ပြင်ဆင်မှုဖြင့် `ကြည်တော်မူ´မဂ္ဂဇင်း၊ ကြို့ကုန်းမှ `ပျော်တော်ဆက်´မဂ္ဂဇင်းတို့တွင် ဝတ္ထုတို များသို့ ရေးသား ပေးပို့ခဲ့ရာ ရွေးချယ်ခံရပြီး ဆုငွေများ ရရှိခဲ့ဖူးသည်။ ထိုစဉ်က အလောင်အမည်မှာ မွန်သွေးပါသော မိခင်အား ဂုဏ်ပြုသောအားဖြင့် "ဗညားဘွား" ဟု အမည်ပေးခဲ့သည်။ ထို့နောက် မွန်သီချင်းကြီး ဖြစ်သော `ကောင်းကြီးသင်္ခါ´အမည်ကို ကြိုက်နှစ်သက်၍ `သင်္ခါ´ဟု ကလောင်အမည် ပြောင်းခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်အုပ် အလုပ်မှ ထွက်ပြီးနောက် စာပေ လောကသို့ ဝင်ရောက် ခဲ့သည်။

ဒီဆူဇာမှ "သက်စောင့်" ၊ ဝပ်ဆင်မှ "ကောဇာသစ်" စသော စာစောင် အသေးအမွှား မကျန် ရေးခဲ့သည်။ လေးပဲတန် ဝတ္ထုခေတ်တွင် ကင်းကတော်လေး၊ ဘိုကတော်ကြီး၊ ကောလိပ်သူ၊ ညိုညိုမြ၊ အိမ်ကလူ၊ အုံ့ပုန်းမ စသည် တို့ကို ရေးခဲ့သည်။ ၁၉၃၂ ခုလောက်တွင် သတင်းစာ ဝတ္ထုများ ပြန်လည် ခေတ်စား လာခဲ့သည်။ သူရိယ သတင်းစာတွင် ဂဠုန် လက်သည်း၊ ရင်သွေးဟူက၊ သုံးပန်လှ၊ မြန်မာ့ အလင်း သတင်းစာတွင် ထိုက်သူပန်၊ မိုးနဲ့ မြေကြီး၊ ဓားနဲ့ တရား၊ တရားနဲ့ တရား၊ သပိတ်လှန်မယ် ဝတ္ထုများ ရေးခဲ့သည်။ ငါးပဲတန် ဝတ္ထု ခေတ်တွင် ညိုညိုမြ (၁၉၃၃)၊ ညိုပြာဝါဝင်း (၁၉၃၆)၊ ကောလိပ်သူ (၁၉၃၇)၊ တတိုင်းတပြည် (၁၉၃၇)၊ လထွက်ချိန် (၁၉၃၇)၊ ဘာသာ (၁၉၃၇)၊ သူတော်ကောင်းကြီး (၁၉၄ဝ)၊ ချစ်ဝေမသီ (၁၉၄၉) နှင့် ဤသုံးဦး စသည် တို့ကို ရေးခဲ့သည်။ 'ညိုပြာဝါဝင်း' သည် သိုက်သမိုင်း ဝတ္ထုဆန်သည်။ 'လထွက်ချိန်' နှင့် 'ဘာသာ' မှာ လှျို့ဝှက် သည်းဖိုနှင့် ဆေးပညာ ရောယှက် ထားသည်။ 'တတိုင်းတပြည်' နှင့် 'သူတော်ကောင်းကြီး' ဝတ္ထုတို့ မှာမူ ပင်လယ် ခရီးသွားဖွဲ့ ဝတ္ထုများ ဖြစ်သောကြောင့် ထူးခြား ထင်ရှား ခဲ့သည်။ 'ဤသုံးဦး' မှာ ရဲထွတ်၊ ရန်အောင် တို့နှင့် သုံးဦးစပ် ရေးခဲ့ ကြသောကြောင့် ပြောစမှတ် ရှိခဲ့သည်။ စစ်ပြီးခေတ် တွင်ကား ကြီးပွားရေးကျမ်း၊ စိတ်ဓာတ် တိုးတက်ရေး ကျမ်းများသာ အရေးများ၍ ဝတ္ထုများ မရေးတော့ သလောက်ပင် ဖြစ်ခဲ့သည်။ စိတ်ပညာနှင့် ကြီးပွားနည်း၊ ယခု အခြေနှင့် ကြီးပွားနည်း၊ မှန်ကန်သော ကြီးပွား တိုးတက်နည်း၊ မှတ်ဉာဏ်နှင့် ကြီးပွားနည်း (၁၉၄၇)၊ သင် ဘာကြောင့် မကြီးပွား သနည်း၊ လူတိုင်း အဖို့ စိတ်ပညာ (၁၉၄၇) စသော စာအုပ်များနှင့် ကြက် ဘဲ မွေးမြူနည်း ဆိုင်ရာ စာအုပ်များ ရေးသား ပြုစု ခဲ့သည်။ စာပေဗိမာန် အတွက် သင့်ကို အလိုရှိသည် (၁၉၇၆) နှင့် သူတို့ ကျွနု်ပ်တို့ အကြောင်း (၁၉၇၆) တို့ကို ပြုစု ပေးခဲ့သည်။ အခြား ကလောင် အမည်ခွဲ များမှာ နတ်စက်ရောင်၊ ဓာတ်ဆရာကြီး တဦး၊ ကြီးကြီးမေ၊ ဒေါ်လေးမေ၊ စပ်စုမ စသည်တို့ ဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာ စာပေဆု ရရှိ ခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်
၁၉၉၇ ခု ဩဂုတ်လ ရ ရက်နေ့တွင် ရန်ကုမြို့၌ ကွယ်လွန် ခဲ့သည်။[၁]



စာညွှန်း ပြင်ဆင်
မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၃)။ စာ ၁ဝ၁-၁၁၄။
မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၈)။ စာ ၂၉၆-၂၉၇။
၁၃၅၇ ခုနှစ် ကန်တော့ခံ သက်ကြီး စာပေပညာရှင်များ၏ အတ္ထုပ္ပတ္တိ။ စာ ၄၄-၄၅။
စာတည်း အဖွဲ့။ သင်္ခါ၊ မြဝတီ (မတ် ၁၉၅၆)။ စာ ၄-၇။
သင်္ခါ။ သင်္ခါမှ သင်္ခါသို့၊ ရှုမဝ (ဇူလိုင် ၁၉၅၇)။ စာ ၉၁-၉၅။
သင်္ခါ၏ သင်္ခါ (ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)၊ ငွေတာရီ (ဒီဇင်ဘာ ၁၉၆ဝ)။ စာ ၃၉-၄၃။
မမေသန်းရီ (သိပ္ပံဘွဲ့၊ ဓာတုဗေဒ)။ သင်္ခါ စာစု စာရင်း(အောက်တိုဘာ ၁၉၉၅)


ကိုးကား ပြင်ဆင်
 ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)



Reference from: wikipedia

Written Books

Book Review Image

သူ​တော်​​ကောင်​းကြီး

သင်္ခါ