သင်္ခါ
သူတော်ကောင်းကြီး
ရာပြည့်စာအုပ်တိုက် ၊
ဒုတိယအကြိမ် ၊ ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ။
( ဂျာနယ်ကျော်တိုက် ၊ ပထမအကြိမ် ၊ ၁၉၄၀ ပြည့်နှစ် )
မျက်နှာဖုံးဒီဇိုင်း - ကျော်သောင်း နှင့် လင်းဝဏ္ဏ ။
၁၁.၈ စင်တီမီတာ x ၁၈.၅ စင်တီမီတာ ။
စာမျက်နှာ - ၁၂၁ ၊ တန်ဖိုး - ကျပ် ၁၅၀၀ ။
( ၁၃၀၂ ခု ၊ တန်ဆောင်မုန်းလဆန်း ၃ ရက်နေ့ ) ရက်စွဲဖြင့် ရေးသားထားသော ဂျာနယ်ကျော်ဦးချစ်မောင်၏ စကားချီး ပါရှိပြီး အခန်း ၁၃ ခန်းပါ ဝတၳုရှည်ဖြစ်သည်။
'' သင်္ခါ ကား ၎င်း၏ '' သူတော်ကောင်းကြီး'' ဝတၳုတွင် နေရာ များစွာ၌ အလွန်နုယဉ်သောစကားအသုံးအနှုန်းတို့ကိုနိုင်နင်း စွာ သုံးနှုန်းရေးသားထားရာ ၊ လှပြီးဖြစ်သောပန်းချီကားတစ်ကားကို တိုးတက်ပိုမိုလှပစေချင်သေးသည့် ပန်းချီကျော်သည် စုတ်တံကိုလက်မှမလွှတ်နိုင်သေးဘဲ ထပ်တလဲလဲမှုန်း၍ထား ဘိသကဲ့သို့ဖြစ်ပေ၏။ ''တစ်ကျွန်း''ဟူ၍ ကျွန်ုပ်တို့သာမန်အား ဖြင့်သိနားလည်ကြသော ကပ္ပလီကျွန်းပေါ်တွင်နေထိုင်ရပုံ များ၊ ပင်လယ်ထဲတွင်အသက်ဆံဖျား စွန့်စားခရီးသွားလာရပုံ များကိုဖော်ပြထားရာ၌ ပကတိမိမိတို့မျက်မှောက်၌ပင် လာရောက်ဖြစ်ပျက်နေဘိသကဲ့သို့ ကျွန်ုပ်တို့၏အာရုံတွင် ထင်ထင်ပြက်ပြက် ပေါ်လွင်ထင်ရှားစေသည်ကို ဖတ်ရှုတွေ့မြင်ကြ ရမည်ဖြစ်ပေ၏။'' ဟု ဂျာနယ်ကျော်ဦးချစ်မောင်၏စကားချီး တွင်ဖော်ပြထားသည်။
ကိုဖေသက် သည် ''တစ်ကျွန်း''ခေါ်ကပ္ပလီကျွန်း၌ အနှစ်နှစ်ဆယ်ကျွန်းဒဏ်ကျခံနေရသော ''ဘီစင်''အကျဉ်းသမားတစ်ယောက်ဖြစ်သည်။ ဘီစင်ဆိုသည်မှာ သားမယားမရှိသော အကျဉ်းသားလူပျိုဖြစ်သည်။ ဘီစင်ရိုးရိုးမျှမဟုတ်ဘဲ လူပျိုအ ကျဉ်းသမားများကိုစောင့်ထိန်းကြည့်ရှုရသူ''ကွင်းကြား''အ မှတ်ရသည့်အကြီးအကဲတစ်ယောက်လည်းဖြစ်သည်။ သူ့အ ထက်တွင် ''ကွင်းနီ''ခေါ်အနီကွင်းကြီးစွပ်ရသူအကျဉ်းသားရှိ သည်။
ကိုဖေသက်မှာ ကွင်းနီတစ်ယောက်ဖြစ်ခဲ့ဖူးသည့်တိုင် ကွင်းနီ အချင်းချင်းအကျဉ်းသမားတစ်ယောက်အားအပြင်းအထန်နာ ကျင်စေခဲ့ခြင်းကြောင့် ကျွန်းဆိုင်ရာတရားရုံးဥပဒေအရ နှစ်တိုးထောင်ဒဏ်ချမှတ်ခံရကာ ကွင်းနီပြုတ်ခဲ့ခြင်းဖြစ်သည်။
''ကိုဖေသက်ကား ''ကြောက်''ဆိုသောစကား နားမှမကြားဖူးလောက်အောင်သူရသတ္တိနှင့်တကယ်ပြည့်စုံသောလူတစ်ယောက်ဖြစ်၏။ ပြည့်စုံသလောက်လည်း ခွန်အားဗလမှာကြောက်စရာကောင်းလောက်အောင် ကြီးမားသူဖြစ်ရာ နွား မတမ်းတစ်ကောင်ကို အသာကလေးမျှကိုင်ယမ်းဆွဲပစ်နိုင်၏။
သို့သော် တည်ကြည်ဖြောင့်မှန်သောစိတ်ထားရှိ၏။ စကားအပြောအဆိုနည်း၏။ မိမိအောက်နိမ့်ကျငယ်ရွယ်သူတို့အပေါ် တွင် အခါခပ်သိမ်းကြင်နာသနားထောက်ထားညှာတာတတ်သောသဘောရှိပြီးလျှင် သာယာညင်းပျောင်းဆုံးမသွန်သင်တတ်ပေ၏။ မျက်နှာပေါက်ကား ကြောက်စရာအထူးဆိုးသူ တစ်ယောက်ဖြစ်ကာ အမြဲမှုန်ကုပ်ကုပ် မာတင်းတင်း မျက်မှောင်ကြုတ်ကြုတ်ဖြင့် လူဆိုးလူမိုက်ရုပ်အဟုတ်ပေါက်နေသူ ဖြစ်ပေ၏။
ထို့ကြောင့်အကြောင်းမသိသူများကား ကိုဖေသက်အား တ ကယ့်လူဆိုးလူမိုက်ကြီးတစ်ယောက်ဟု ရွံရှာမုန်းတီးမည်ဖြစ်သော်လည်း အကြောင်းသိသူများကမူ ကိုဖေသက်အပေါ် တွင် ချစ်ကြောက်ရိုသေကာ ခင်မင်လေးစားကြကုန်၏ ''
( စာမျက်နှာ - ၁၂ မှ )
လယ်ပိုင်ကလေးဖြင့်ဆင်းရဲသားဘာဝ သားအမိ၊သားအဖ တစ်တွေလုပ်ကိုင်စားသောက်ခဲ့ကြပြီး မြို့မှသူေဋ္ဌးဦးလူဝထံမှ ငွေချေးရာ လယ်၊အိမ်နှင့်ခြံတို့ တဖြည်းဖြည်းအပေါင်ဆုံးဖြစ်ခဲ့ ရသည်။ ကျွဲနွားများအသိမ်းခံရသည်။ နောက်ဆုံး အိမ်မှပင် နှင်ချခံခဲ့ရသည်။ မိုက်ရိုင်းစော်ကားလာသည့် သူေဋ္ဌး၏လက်ပါးစေတို့နှင့် ပြဿနာတက်သည်။ ရိုက်နှက်မိရာမှ သူေဋ္ဌး၏ လက်ပါးစေတစ်ဦး ပွဲချင်းပြီးသေဆုံးသွားသည်။ အသည်းအ သန်ဖြစ်နေသည့်ဖခင်ကြီးမှာလည်း ရောဂါဖောက်ကာ ကွယ်လွန်သွားသည်။ လူသတ်မှုဖြင့် ကိုဖေသက်အဖမ်းခံရသည်။ မိခင်ကြီးမှာလည်း မကျန်းမမာဖြင့်ကျန်ရစ်ခဲ့သည်။
ကျွန်းမှထွက်ပြေးကာ သူေဋ္ဌးဦးလူဝအားလက်စားချေရန် ကိုဖေသက်ကြံစည်ထားသည်။ ထောင်ကျအကျဉ်းသမားမဟုတ်သည့်တိုင် ကိုဖေသက်အား ညီရင်းအစ်ကိုကဲ့သို့ချစ်ခင်သည့် မောင်မြကလည်းအတူလိုက်ပါလိုသည်။
လှေတစ်စင်းဖြင့် ကိုဖေသက်၊မောင်မြ၊ချစ်တင်နှင့်ထွန်းအေး တို့ ကပ္ပလီကျွန်းမှထွက်ပြေးကြသည်။
လိုရာခရီးပန်းတိုင်သို့အရောက်လှမ်းနိုင်ကြပါမည်လော။
လွန်ခဲ့သည့် နှစ်ပေါင်း ၇၈နှစ်ကာလက အရေးအသားဖြစ်သည့်တိုင် ''သူတော်ကောင်းကြီး''သည် သစ်လွင်လတ်ဆတ်လျက်ရှိဆဲ ဝတၳုရှည်တစ်ပုဒ်ဟုယူဆမိပါသည်။
မမသ
၂ ၊ ဇူလိုင် ၊ ၂၀၁၈
Publisher Name: ရာပြည့်စာအုပ်တိုက်
Publisher Address: အမှတ် ၂၆၂(ခ)၊ ပန်းဆိုးတန်း (အထက်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၁ ၂၄၃၃၅၁
Publisher Phone Number: 01243351