နင်းပြားတို့ရဲ့ သွားရာလမ်း
ဘယ်ဘဝဟာ ဘယ်လောက်ခက်ခဲတယ်ဆိုဆို ကိုယ်ချစ်တဲ့သူတွေ မရှိဘဲ ရှင်သန်ရမယ့်ဘဝဟာ အခက်ခဲဆုံးပဲ။
_____ လင်းခါး
၂၁၃၊ရေသေအိုင်။
ဘယ်ခေတ်စနစ်မှာနေနေ အောက်ခြေလူတန်းစားဟာ ဓားမနောက်ပိတ်ခွေးပဲ လို့ ဘယ်ထဲလဲ မသိ ဖတ်ရဖူးတယ်။ `ရေသေအိုင်´ဟာ စစ်အာဏာရှင်စနစ်အောက်မှာ နင်းပြားလူငယ်တွေ ပျက်စီးပျောက်ဆုံးသွားရတဲ့အကြောင်းပါ။ ဒါကြောင့်မို့ အညွန့်တလူလူ တက်လူငယ်တွေ ရှောင်ရမယ့်စာတစ်အုပ်ပဲလို့ ကြိုတင်စကားခံထားပါရစေ။ ဒီဝတ္ထုမှာ ချားလ်စ်ဒါဝင်ရဲ့ Survival of the fittest ဆိုတဲ့ အဆိုဟာ လင်းပြက်လို့နေပါတယ်။
×××××
ကဗျာဆရာ၊ အက်ဆေးဆရာ လင်းခါးရဲ့ ပထမဆုံးလုံးချင်းဝတ္ထု `ရေသေအိုင်´ဟာ ၂၀၁၉ ခုနှစ် မိုးတွင်းကာလမှာ ငါတို့စာပေကနေ ထွက်လာခဲ့ပါတယ်။ ဝတ္ထုကို အခန်း၃ခန်းနဲ့ ဖွဲ့စည်းထားပါတယ်။ နိဂုံး၊ မိုးကုတ်စက်ဝိုင်းကို စားတဲ့နေ့တွေ၊ နိဂုံးရဲ့နိဂုံး။ ဒီ၃ခန်းမှာ အဖွင့်နှင့်အပိတ် ၂ခန်းက ပစ္စုပ္ပန်ဖြစ်ပြီး အလယ်ခန်းကတော့ ပြန်ပြောပြထားတဲ့ အတိတ်ကြောင်းပါ။ ဝတ္ထုတစ်ခုလုံးဟာ ကျော်ဇောရဲ့ ကန့်သတ်သိရှုထောင့်နဲ့ ဖော်ပြထားချက်ပါပဲ။
ခေါက်ရိုးကျိုးဝတ္ထုရေးဆရာတွေဟာ ပြောင်မြောက်တဲ့စကားပြောခန်းတွေ၊ ဇာတ်နာကွက်တွေ၊ ပရိသတ်ကို ကြိုသိခွင့်ပေးမထားတဲ့ အလှည့်အပြောင်းတွေနဲ့ ဖတ်သူကို ဖမ်းစားလေ့ရှိပါတယ်။ ရေသေအိုင်မှာ ဒီအချက်တွေကို တွေ့ရမှာမဟုတ်ပါ။ ဝတ္ထုထဲက ဇာတ်ကောင်အချင်းချင်း ပြောစကားတွေဟာ ပျံကျရပ်ကွက်တွေထဲက တီးဆိုင်တကာ ဘုံဆိုင်တကာမှာ ကြားနေကျစကားမျိုးတွေပါ။ ဇာတ်နာကွက်တွေ၊ အလှည့်တွေကလည်း စာရေးသူက ကြိုကြိုပြီး စကားဦးသန်းထားလေတော့ နာစရာ၊ အံ့ဩစရာတောင် မကျန်တော့သလောက်ပါပဲ။ အများအပြားသော ဝတ္ထုဖတ်သူတွေဟာ ဒီလိုကြိုပြောတာကို မကြိုက်တတ်ကြပါဘူး။ အများစုက ကာလစဉ်အတိုင်း ရောက်ခါမှသာ အသစ်အနေနဲ့ပဲ သိချင်ကြတာကိုး။ ရေသေအိုင်ဆရာဟာ ဘာလို့ ခေါက်ရိုးကျိုး ဝတ္ထုနည်းနာကို စွန့်ပစ်တာလဲ။ ခေါက်ရိုးကျိုးပရိယာယ်တွေနဲ့ စာဖတ်သူကို မဖမ်းစားချင်လို့ပါပဲ။
နောက်တစ်ခုက ယုတ္တိအသေးအဖွဲကလေးတွေကို ထိထိမိမိ အသုံးချနိုင်စွမ်းပါ။ တောင်ပေါ်ကကြည့်တော့ မြို့ထဲက ဘောလုံးကွင်းဟာ လက်သန်းတစ်ပိတ်စာ(စာ ၂၀)၊ အန်မယ်ဆိုရင်တောင် ဗိုက်ထဲမှာ နှမ်းဖတ်ချဉ်ထဲပါတဲ့ ကြက်သွန်နီအဖတ်ကလေးတွေလောက်သာ အမာဆုံးအစာအနေနဲ့ ရှိလိမ့်မယ် (စာ ၂၁)၊ ကျော်ဇောက သူ့မအေပေးထားတဲ့ ရာတန်ကိုမေ့ပြီး ခိုင်မြဲပေးတဲ့ရာတန်ကို အိတ်ကပ်ထဲထည့်တော့မှ ရာတန်ချင်း တိုးတိုက်မိပြီး သတိရ(စာ ၃၄)။ ဒါလေးတွေဟာ ဝတ္ထုတစ်ပုဒ်လုံးနဲ့စာရင် အသေးအဖွဲလေးတွေပေမဲ့ ဆိုင်ရာဇာတ်ကြောင်းကို ပိုမိုသဘာဝကျစေပြီး ပိုမိုယုတ္တိတန်စေတဲ့ အထောက်အပံ့ကောင်းလေးတွေပါ။
ဆယ်တန်းအောင်လက်မှတ်လေးကိုင်ပြီး အလုပ်သွားလျှောက်တော့ မှတ်ပုံတင်အရ ၁၈ နှစ်မပြည့်သေးလို့ဆိုပြီး အလုပ်မရခဲ့တဲ့ကျော်ဇောဟာ အရက်ကိုတော့ မှတ်ပုံတင်တောင် ပြစရာမလိုဘဲ အတားအဆီးမရှိ၊ လွတ်လွတ်လပ်လပ် ဝယ်သောက်လို့ ရနေတဲ့ အကွက်ကလည်း အပြင်မှာ တကယ်ဖြစ်နေတဲ့ အရှိတရားပါ။ ကျော်ဇောနေတဲ့လမ်းပိုင်းထဲ ဝင်လိုက်ရင် ကလေးပေါက်စတွေကို ကလေးကြီးတွေက ထိန်းလို့။ ပါးစပ်က ညစ်ညစ်ပတ်ပတ်ဆဲရင်း ဖုန်အလူးလူး ဆော့လို့။ အနာဂတ် နင်းပြားမျိုးဆက်သစ်တွေရဲ့ လားရာကို အဲဒီတစ်ကွက်လေးနဲ့ပဲ နိမိတ်ပြရုံ ချိတ်ဆက်ပြထားခဲ့ပါတယ်။
ဒါတွေကို အခု ကိုယ်ပြောနေသလို ဝတ္ထုရေးဆရာကသာ ဝင်ပြောလိုက်ရင် ဝတ္ထုက ပျက်မှာပဲ။ လင်းခါးကိုယ်တိုင်လည်း နိုင်ငံရေးတိမ်းညွတ်သူမို့ ရေးနေရင်း ဝင်ပြောချင်မှာပဲ။ အဲလို ပြောချင်တာကို ထိန်းချုပ်၊ ကလောင်ကို ဘရိတ်အုပ်ရေးနိုင်စွမ်းကို မှန်းဆချီးကျူးရပါတယ်။ အရေးအသားတွေအကြောင်း ပြောတဲ့အခါ ရေးပြထားတာကြည့်ပြီး ပြောရတာများပေမဲ့ အခုလို ရေးပြမထားတာကို မှန်းဆပြီး ပြောရတာမျိုးလည်း ရှိတတ်ပါတယ်။
ဒီဝတ္ထုထဲက ဇာတ်ကောင်တွေဟာ ဖာချတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်စွဲတယ်၊ နှစ်လုံးထီ ထိုးတယ်။ လင်းခါးဟာ အဲဒါတွေနဲ့ပတ်သက်ပြီး ပညာပေးတရား တစ်ခွန်းတစ်ပါဒမှ ဟောပြမထားဘူး။ ဝင်ဟောမိရင်လည်း ရေသေအိုင်ဟာ ဝတ္ထုအရေခြုံထားတဲ့ စာရိတ္တပဲ့ပြင်ရေးဒေသနာတစ်ရပ် ဖြစ်သွားမှာပဲ။ ရေသေအိုင်ဟာ အဲဒါတွေထက် ပိုအရင်းကျတဲ့ စနစ်ကို မြင်စေချင်တာဖြစ်တယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး အကျိုးတွေ လိုက်သတ်နေရင်း ပဓာနအာဘော် ဝေဝါးသွားမှာကို ရေးသူက လိုလားပုံမရ။
စိတ်တိုင်းမကျတာ ပြောရရင်တော့ ခိုင်မြဲ ရည်းစားစကားလိုက်ပြောတာကို ပြန်ဖောက်သည်ချတဲ့အခါ ခိုင်မြဲအူမြူးနေပုံကို ခိုင်းနှိုင်းရာမှာ၊ မသွယ်အဖြေပေးမယ့်နေ့ ခိုင်မြဲ မရိုးမရွဖြစ်နေပုံကို တင်စားရာမှာ ဥပမာတွေ ထပ်နေတာဟာ သတိရှိတဲ့ ဝတ္ထုဖတ်သူကို မျက်ခုံးတွန့်မိစေပါတယ်။ အားအပါဆုံးဥပမာတစ်ခုတည်းကို ရွေးပြီးနှိုင်းရမယ့်အစား ဥပမာ၂ဆင့်၃ဆင့်ပေးလိုက်လို့ ဝတ္ထုဇာတ်ကြောင်းကို မထိခိုက်စေဘူးပဲ ထား၊ စကားပြေရဲ့ ကျစ်လျစ်မှုကိုတော့ ထိခိုက်စေပါတယ်။
အထိဆုံးအခန်းကတော့ ကျော်ဇောက စနောက်လိုက်လို့ ဖိုးသက် သတိလက်လွတ် ပေါက်ကွဲသွားပြီးမှ စိတ်ပြေပြီး အပြန်အလှန် ပြောကြငိုကြတဲ့အခန်း။ ဒီအခန်းမှာ ကျော်ဇော၊ ဖိုးသက် ၂ဦးလုံးရဲ့ အငုံ့စိတ်တွေ ပွင့်သွားရပုံကိုရော၊ မိတ်ဆွေသံယောဇဉ်ကြိုး ပိုတင်းသွားရပုံကိုပါ မြင်လိုက်ရလို့ပါ။
ချုပ်ရရင် ရေသေအိုင်ဟာ အသက် ၃၀ ပတ်လည် အခြေခံပြည်သူတွေရဲ့ ခေတ်ပြိုင်သမိုင်း၊ စနစ်ဆိုးကြီးအတွင်းမှာ ဓားမနောက်ပိတ်ခွေး ဖြစ်ခဲ့ရတဲ့ နင်းပြားမျိုးဆက်ရဲ့ ဘဝထုပ္ပတ်အနှစ်ချုပ်။ အဲဒီမျိုးဆက်တစ်ခုလုံးမှာ ကျော်ဇောလို နင်းပြားကျောမွဲဘဝက လွတ်တယ်ဆိုရုံလေး ကပ်လွတ်လာတဲ့ ဦးရေဟာ ခိုင်မြဲ၊ ဖိုးသက်၊ ဇော်ပိုင်တို့လို့ အရက်နွံထဲ ပျက်စီးပျောက်ဆုံးသွားရတဲ့ ဦးရေနဲ့စာရင် ရာခိုင်နှုန်း ဘယ်လောက် ကွာဟမယ် ထင်ပါသလဲ။
တစ်နည်းပြောရရင် ရေသေအိုင်ဟာ ကဗျာဆရာလှသန်း ရဲ့ `ငါတို့မျိုးဆက်´ကဗျာကို ဥဒါဟရုဏ်ဆောင် ပဲ့တင်ထားတဲ့ ဝတ္ထုတစ်ပုဒ်လို ခံစားမိစေပါတယ်။ ကြည့်ရအောင်ပါ။
ပန်းဆိုးတန်းတံတားအောက်က
ဆံပင်စုတ်ဖွား
ဘောင်းဘီအစုတ်နဲ့ စိတ်ရောဂါသည်ဟာ
ငါတို့မျိုးဆက်ပေါ့။
အရက်ဆိုင်ထဲ
စွတ်ကယ် စွတ်ကယ် ဝင်သောက်
ဆံပင်ရှည်နဲ့ ဂျာနယ်လက်ပွေ့ရောင်းတဲ့ကောင်က
ငါတို့မျိုးဆက်ပေါ့။
ဪ... ငါတို့မျိုးဆက်
ပိုးစိုးပက်စက်နိုင်လိုက်တာ။
(၂၈၆၊ လှသန်းကဗျာပေါင်းချုပ်- မှ)
နင်းပြားတို့ရဲ့ သွားရာလမ်းမှာ ရေသေအိုင်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ပိုးလိုးပက်လက်လဲလို့။ အဲဒါ ပိုးစိုးပက်စက်နိုင်လှတဲ့ ငါတို့မျိုးဆက်ပါပဲ။
ဓီရာလင်း
22082019