"အချို့ဝတ္ထုများသည် စာရေးသူပြောလိုသော အချက်ကို တိုက်ရိုက် ရေးဖွဲ့ထားသလို အချို့ဝတ္ထုများသည် စာရေးသူပြောလိုသော အချက်ကို ယနေ့ကာလတွင် အမှန်တကယ်ဖြစ်ပျက်နေသော အကြောင်းအရာတစ်ခုကို တင်စား၍ သင်္ကေတဝါဒီဖြင့် ရေးဖွဲ့ထားကြသည်" (အတိအကျဟုတ်မဟုတ်၊ မသေချာ) လို့ ဆရာနတ်နွယ်ရဲ့ ကမ္ဘာ့ဝတ္ထုအညွှန်းမှာ ဖတ်ခဲ့ဖူးပါတယ်။
အာကာခေတ်ပိုင်ရဲ့ ကျားဖောင်ကို ဖတ်ရတော့ အဲ့ဒီစာစုလေး သတိရမိတယ်။ စာရေးသူရဲ့ ကြိုးပမ်းအားထုတ်မှုကို မြင်ရတယ်။ ခေတ် စနစ် အနေအထားအရ လူ့သမိုင်းမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာတွေကို မှတ်တမ်းတင်နိုင်ဖို့ သူအားထုတ်ခဲ့တာကို မြင်ရပါတယ်။
စာအုပ်နာမည်က ကျားဖောင်ဆိုပေမယ့် အဓိကက ကျားဖောင်ပေါ်က လူလေးယောက်အကြောင်း၊ သူတို့ဘဝတွေ၊ သူတို့ရဲ့ ဆက်စပ်ရာအကြောင်းတွေ။ ကျားဖောင်ရဲ့ ဦးစီးမှတ်ကြီး၊ နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုပြီး အိမ်ကထွက်ပြေးလာတာကနေ လူပွဲစားလက်ချက်မိပြီး ကျားဖောင်ပေါ်ရောက်လာတဲ့ ရဲထက်၊ ပင်လယ်ပြင်မှာ အသက်စွန့်ခဲ့ရတဲ့ ကျားဖောင်လုပ်သားကြီးရဲ့သားဖြစ်တဲ့ မိုးစည်၊ ဆေးပင်စင်ယူထားတဲ့ စစ်သားဟောင်းကြီး ဦးခင်ဝင်း။ ဒီကျားဖောင် စာအုပ်မှာ မင်းသားက ဘယ်သူလဲဆို သူတို့ ၄ ယောက်လုံးပဲ။ တစ်ယောက်ချင်းစီရဲ့ အတိတ်ဇာတ်လမ်းကို ကျားဖောင်ပေါ်က ပစ္စုပ္ပန်အချိန် ဇာတ်လမ်းမှာ ရေးသွားတယ်။
ကျားဖောင်စာအုပ်မှာ ထမင်းတစ်လုပ်အတွက် ပင်လယ်ပြင်က လှိုင်းကြားမှာ အသက်စွန့်ပြီး ရုန်းကန်လှုပ်ရှားရတဲ့ ဘဝတွေကို ဖတ်ရှုရရုံမဟုတ်ဘဲ ငါး၊ ငါးပိလုပ်ငန်းနဲ့ သက်ဆိုင်တာတွေကိုပါ ရေးထားတာမို့ အာ့တွေပါ ဖတ်ရှုရမှာပါ။ စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတရတယ်လို့ တွေးမိမှာ ဖြစ်ပြီး စိတ်မပါတဲ့သူအချို့ကတော့ အဲ့နေရာတွေမှာ ဖတ်ရတာ ပျင်းပါလိမ့်မယ်။
ခေတ်၊ စနစ်တစ်ခုမှာ တကယ်ရှိခဲ့တဲ့ ရင်နင့်ဖွယ်ရာ လူသားတို့ရဲ့ အကြောင်းတွေနဲ့ ငါးပိ ဖြစ်လာဖို့ ပင်လယ်ပြင်မှာ ငါး၊ ပုဇွန်ရှာသူတို့ရဲ့ ကျားဖောင် အကြောင်း ဖတ်ရှုရမယ့် စာအုပ်လို့ ညွှန်းဆိုပါရစေ။
#မိုးသားလတ်
(၂၆.၁၁.၂၀၂၀) ၂၀:၀၀
Publisher Name: စိန်မိုးယံ