စာအုပ်အမည် - ရွာရန်ရာနှုန်း ၈၀
စာရေးသူ - သော်တာအေးလဲ့
စာအုပ်တိုက် - ကံကော်ဝတ်ရည်
ပထမအကြိမ် (ဇူလိုင်လ၊ ၂၀၂၀) အုပ်ရေ ၁၀၀၀
တန်ဖိုး - ၃၀၀၀ ကျပ်
ကိုယ်ရေးအကျဥ်းနှင့်စာစုစာရင်း
မျက်နှာဖုံး - မာဏ
စာမျက်နှာ - ၂၀၈ မျက်နှာ
ISBN – 978-99971-44-31-7
ဒီစာအုပ်ကို ပထမဆုံး ကြိုက်တာ မျက်နှာဖုံးပဲ။ ရိုးရိုးရှင်းရှင်းလေး။ အရောင်က ကိုယ်ကြိုက်တဲ့ အဝါလေး။ အဝါဆိုတာ ကိုယ့်အတွက်တော့ ပျော်ရွင်ခြင်းပဲ။ စာအုပ်အဝါလေးရဲ့ အလယ်မှာ ရေခွက်လား ရေဇလုံလား တခုခု။ အဲဒီအပေါ်မှာ ကျီးကန်းလား၊ သာလိကာလား ငှက်လေးနှစ်ကောင် နားပြီး ရေသောက်နေတယ်။
စာအုပ်အစမှာ ဖြူဆိုတဲ့ အမျိုးသမီးလေး၊ ဘာသာပြန်အလုပ်ကို လုပ်တဲ့ အမျိုးသမီးလေးနဲ့ ဖွင့်ထားတယ်။ နောက် အောင်ဆိုတဲ့ အမျိုးသား တယောက်ပါလာတယ်။ သူတို့ နှစ်ယောက် စတွေ့တာက ကော်ရစ်တာဒေါင်းချိုးမှာ ဝင်တိုက်မိတာမျိုး၊ လက်ကိုင်ပုဝါကျခဲ့လို့ လိုက်ကောက်ပေးတာမျိုး၊ တယောက်က ချေမိုးပြီး ကားအကောင်းစားကြီးနဲ့ ရေအိုင်ကို ဖြတ်နင်းသွားလို့ နောက်တယောက်မှာ ရွံ့ရေတွေ ပေကျန်ပြီး ဒေါသထွက် ကျန်ရစ်ခဲ့တာမျိုးမဟုတ်ဘူး။ အစည်းအဝေးတခုမှာ ဘာသာပြန်လုပ်ပေးတဲ့ ဖြူရဲ့ ကျွမ်းကျင်မှုကို အောင်က သဘောကျ၊ အာရုံစိုက် ကြည့်နေလို့ ဖြူက အောင့်ကို ပြန်သတိထားမိသွားတာမျိုး။ ဇာတ်ကောင် နှစ်ယောက်လုံးက မတရားချမ်းသာ၊ မတရားတော်၊ သို့မဟုတ် မတရား ဆင်းရဲ၊ မတရားဘဝနာ၊ မတရား ဒီပရက်ရှင်ဝင်၊ ဆိုက်ကိုဝင် အဲလို မဟုတ်ဘူး။ သာမာန်လူတွေပဲ။ အဆင်မပြေတဲ့ မိသားစုရှိပေမဲ့ မိသားစုကို သိပ်ပြီး စိတ်နာတယ်ဆိုတာမျိုး မဟုတ်ဘူး။
အောင်က အမေရိကားမှာနေတယ်။ ဖြူက မြန်မာပြည် ရန်ကုန်မှာနေတယ်။ သူတို့အစည်းအဝေးမှာ တွေ့တယ်။ နှစ်ယောက်လုံးမှာ ကိုယ်ပိုင်ဘဝ ကိုယ်စီရှိတယ်။ အဆက်အသွယ် မရမလို့နဲ့ အဆက်အသွယ် မပျက်သွားဘူး။ မြင်မြင်ချင်း ချစ်သွားတာမျိုး မဟုတ်ဘူး။ အေးလဲ့က သူတို့ ကြားက တွယ်တာမှုကို ပါးပါးလေးပဲ ထည့်ပြသွားတယ်။ အိမ်က သဘောတူတယ် သဘောမတူဘူးဆိုတဲ့ ပြသနာတွေ ပါတဲ့ သာမန်ဇာတ်လမ်းမျိုးမဟုတ်ဘူး။ ဆန်းပြားလွန်းတဲ့ ဇာတ်လမ်းလည်း မဟုတ်ဘူး။
ဇာတ်ကောင်နှစ်ယောက်လုံးရဲ့ နေရာက တလှည့်စီရေးပြတယ်။ အဲဒီ နှစ်ယောက်လုံးရဲ့ အတိတ်ရယ် ပစ္စပ္ပန်အဖြစ်ရယ်ကို ရောပြီးရေးပြသွားတယ်။ ဒီလို လေးနေရာလောက် ရေးပြသွားပေမဲ့ စာဖတ်ရတာ ရှုပ်မသွားဘူး။ ရုပ်ရှင်ပြကွက် တကွက်ဆီ ပြသွားသလိုပဲ ရှင်းလင်းတယ်။ အီပြီး အိုင်သွားတဲ့ နေရာ မတွေ့ဘူး။ နောက်ပြီး သိပ်မြန်သွားတဲ့ နေရာတွေ မတွေ့ဘူး။
အောင်နဲ့ ဖြူအပြင် တခြား ဇာတ်ကောင်တွေ ဖြစ်တဲ့ ကိုကိုကြီး၊ ကိုကိုလေး၊ မျိုးကြီး၊ မင်းမြတ်၊ မမမွန်၊ မမစု၊ ကလဲရာနဲ့ တခြားဇာတ်ကောင်တွေကိုလည်း အသက်ဝင်လာအောင် သူက ရေးထားနိုင်သေးတယ်။
ကိုယ်အကြိုက်ဆုံးက အောင်ဟာ သမီးလေး ကလဲရာနဲ့ အတူ မြန်မာပြည်ကို ပြန်လာတဲ့ လေယာဉ်ပေါ်က အခန်းပဲ။ တခန်းထဲမှာတင် အောင့်ရဲ့စိတ်ဟာ အတိတ်ကို လွင့်သွားလိုက်၊ နောက်တကြောင်းမှာ လေယာဉ်ပေါ်က သမီးလေးဘေး ပစ္စပ္ပန်ကို ပြန်ရောက်လာလိုက်။ အနေအထားကို ပိုင်ပိုင်နိုင်နိုင် ရေးပြသွားနိုင်တာပဲ။ အေးလဲ့ရေးခဲ့သမျှ ကိုယ်ဖတ်ခဲ့ဖူးတယ်လို့ မပြောလိုပေမဲ့ ကိုယ်ဖတ်ခဲ့ဖူးသမျှထဲတော့ ဒီစာအုပ်ကို အကြိုက်ဆုံးပဲ။ နောက်ပြီး ဒီစာအုပ်ကြောင့် သူ့ကို ကိုယ်လေးစားသွားတယ်လို့ ဆိုနိုင်တယ်။
အချစ်၊ အိမ်ထောင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လူသားဆန်မှု၊ ခံစားချက်၊ သံယောဇဉ်.... အနိုင်ယူလိုမှု.. စတာ စတာတွေကို အကုန်ထည့်ပြသွားပေမဲ့ ဘယ်အရာကြောင့်မှ လေးပင်မနေတဲ့ ဒီစာအုပ်ကို ဖတ်ရတာ အစပ်အဟက်တည့်တဲ့ ထမင်းဝိုင်း တခုကို ချစ်သူခင်သူတွေနဲ့ စကားတပြောပြော စားလိုက်ရသလိုပဲ။ တချို့နေရာမှာ ကိုယ်ပြုံးပျော်မိ၊ တချို့နေရာမှာ မျက်ရည်လည်မိ၊ တချို့အခန်းမှာ မျက်ရည်ကျမိတယ်။
ညက စာအုပ်ဖတ်အပြီး မနက် ၂နာရီ အကျော်လေးမှာ ဘယ်လိုမှ မနေနိုင်တော့လို့ သိပ်ကောင်းတာပဲ အေးလဲ့ရယ်လို့ လှမ်းပြောမိတယ်။ အဲဒါဟာ သူ့ကိုကိုယ် တိုက်ရိုက်စကားပြောဖူးတာ ပထမဆုံး အကြိမ်ပဲ။ တကယ်က ကိုယ်တို့က ခုမှသိတာ မဟုတ်ဘူး။ ဟို... ၂၀၀၂ လောက်တုန်းက မန်းတလေးမှာ ကိုယ်တို့ ကျောင်းနေဖက်တွေ ဖြစ်ခဲ့ဖူးတယ်။ ခပ်အေးအေး ကောင်မလေး၊ စာကြိုးစားတဲ့ မန်းတလေး သူလေးကို ခုထိ ကိုယ်မျက်လုံးထဲ မြင်ယောင်မိလို့ ရသေးရဲ့။ သူ့ရဲ့ ပထမဆုံး စာအုပ်ထွက်မှ ဟာ... အရင်က ငါ့အတန်းဖော်ပါလားလို့ ပြန်သိခဲ့တာ။ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းတွေ အများကြီး သူ့မှာ တွေ့ရလို့ အင်မတန်လည်း အားကျမိတယ်။ ဒါတောင် ကိုယ်မမြင်တာ အများကြီးရှိအုံးမှာ။ ကိုယ်နဲ့သူ အပြင်မှာ မတွေ့ရတော့တာ အဲဒီ ၂၀၀၂ ၂၀၀၃ စာသင်နှစ်အပြီး ကိုယ် မန်းတလေးကျောင်းကနေ ရန်ကုန်ကို ပြောင်းလာကတည်းက ဆိုပါတော့။
ဆိုတော့က အတန်းဖော်ဖြစ်ခဲ့ဖူးပေမဲ့ သူငယ်ချင်းလို့ ပြောရမှ ခပ်ခက်ခက်ပဲ။ ထားပါလေ…. ခုစာအုပ်လေးကို ကြိုက်မိပြီး နောက်ရေးမယ့် စာတွေကို ကိုယ်မျှော်နေမိမှာပဲ။
ဒီလိုကောင်းတဲ့ ဒီထက်ကောင်းတဲ့ စာတွေ ဆက်ပြီး ဖန်တီးနိုင်ပါစေ...
မယ်ကျွိ
မနက် ၂နာရီ ၁၅ မိနစ်
ဩဂုတ်လ ၆ ရက် ၂၀၂၀ သောကြာနေ့။
တောင်ကြီး။
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137