ဒီနိုဗို
(ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
https://savethelibrarymyanmar.org/author/35/show
ပုံနှိပ်မှတ်တမ်း
ဒုတိယအကြိမ်
နိုဝင်ဘာ၊ ၂၀၁၈
ကံ့ကော်ဝတ်ရည်စာပေ
စာမျက်နှာ - ၂၃၂
တန်ဖိုး - ၃၂၀၀ကျပ်
မျက်နှာဖုံး - ဖြူမွန်
Paul Auster ရဲ့ New York Trilogy ထဲက ပထမဆုံးအုပ်ဖြစ်တဲ့ "မှန်သားမြို့တော်" [City of Glass]
ပေါလ်အော်စတာရဲ့ နယူးယောက် သုံးအုပ်တွဲ ပို့စ်မော်ဒန်စုံထောက်ဝတ္ထုရဲ့ နောက်နှစ်အုပ်ဖြစ်တဲ့ တစ္ဆေ [Ghost] နဲ့ ပိတ်ထားတဲ့အခန်း[The Locked Room] တို့ကိုလည်း ဆရာ ဒီနိုဗိုက ဘာသာပြန်ထွက်ရှိထားပြီး ဖြစ်ပါတယ်။
ပေါလ်အော်စတာဆိုတာကတော့ သက်ရှိထင်ရှားဖြစ်ဆဲ အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ နယူးယောက်သုံးအုပ်တွဲစာအုပ်ဟာ စုံထောက်ဇာတ်လမ်းတွေပါ။ ဒါပေမယ့် ပို့စ်မော်ဒန် အရေးအသားနဲ့ စုံထောက်ဇာတ်လမ်းတွေဖြစ်တာကြောင့် စာဖတ်သူတွေအတွက် အရသာအသစ် ဖြစ်ခဲ့ပါတယ်။ ဒီသုံးအုပ်တွဲဟာ နိုင်ငံတကာစာပေလောကမှာ ပေါလ်အော်စတာကို နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်စေခဲ့ပါတယ်။
ပေါလ်အော်စတာရဲ့ အရေးအသားတွေကို မဖတ်ဖူးသူတွေအတွက် နယူးယောက်သုံးအုပ်တွဲရဲ့ ပထမဆုံးစာအုပ်၊ ပထမဆုံးအခန်းကို ထုတ်နုတ်တင်ပြလိုက်ပါတယ်။
" ဇာတ်လမ်းက နံပါတ်မှားရာကနေ စခဲ့သည်။ ဖြစ်ပုံက ညဉ့်နက်သန်းခေါင်ကြီး သုံးကြိမ်တိုင်တိုင် တယ်လီဖုန်းမြည်ပြီး ဖုန်းထဲကနေ သူမဟုတ်သည့် အခြားတစ်ယောက်ကို မေးနေခဲ့သည်။ နောင်ကြုံခဲ့သမှျ ပြန်စဉ်းစားနိုင်လာသည့်အခါမှာတော့ ကြုံကြိုက်မှုတွေကလွဲပြီး ဘာမှမစစ်မှန်ပါလားဟု သူ ကောက်ချက်ချမိပေလိမ့်မည်။
သို့သော် ဒါက အတော်လေးကြာမှ။ ကနဦးမှာတော့ အဖြစ်အပျက်တွေနဲ့ သူ့အကျိုးဆက်တွေပဲ ရှိနေခဲ့သည်။ ဒီဇာတ်လမ်းက တခြားတစ်မျိုးတစ်မည်များ ဖြစ်နိုင်သေးလား၊ ဒါမှမဟုတ် လူစိမ်းရဲ့နှုတ်က ပထမဆုံး စကားဟလိုက်က တည်းက အားလုံးပြဌာန်းထားပြီးသားလား။ ဒါတွေကတော့ မေးစရာကိုမလို။ မေးရမည်က ဇာတ်လမ်းကိုယ်၌ပင်၊ ဇာတ်လမ်း ကတစ်ခုခုကို ရည်ညွွန်းလား၊ မရည်ညွွန်းဘူးလားဆိုတာကတော့ ဇာတ်လမ်းနဲ့မဆိုင်။
ကွင်းနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ သိပ်အချိန်ကုန်ခံစရာမလိုပါ။ သူ ဘယ်သူလဲ၊ သူ ဘယ်ကလာတာလဲ၊ သူ ဘာလုပ်လဲ ဆိုတာတွေက ဒီလောက်အရေးမကြီးလှ၊ ဥပမာ သူ သုံးဆယ့်ငါးနှစ်ရှိပြီဟု ကျွန်တော်တို့သိထားသည်။ သူ အရင် က အိမ်ထောင်ကျဖူးတယ်ဆိုတာ ကျွန်တော်တို့သိထားသည်။ တစ်ချိန်က ဖခင်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး မိန်းမနှင့်သား နှစ်ယောက်လုံး သေဆုံးသွားခဲ့တယ်ဆိုတာလည်း ကျွန်တော်တို့သိသည်။ သူစာအုပ်တွေရေးတယ်ဆိုတာလည်းပဲ ကျွန်တော် တို့သိသည်။ အတိအကျဆိုရလှျင် သူ လှျို့ဝှက်သည်းဖိုဝတ္ထုတွေ ရေးသည်။ ဒီစာတွေကို တစ်နှစ် တစ်အုပ်နှုန်းရေးသည်။ ဤဝင်ငွေနှင့်ပဲ နယူးယောက်တိုက်ခန်းတွဲလေးတစ်ခုမှာ သူ ခြိုးခြိုးခြံခြံ နေနိုင်ခဲ့သည်။ ဘာကြောင့်ဆို သူ့မှာ ဝတ္ထုတစ်အုပ်ကို ငါးလခြောက်လလောက်ပဲ အချိန်ယူပြီး ကျန်တဲ့အချိန်မှာ ကြိုက်သလိုနေနိုင်သည်မဟုတ်လား။ သူ စာတွေဖတ်သည်။ ပန်းချီကားတွေ ကြည့်သည်။ ရုပ်ရှင်ရုံတွေ သွားသည်။ နွေရာသီမှာ ရုပ်မြင်သံကြားကနေ ဘေ့စ်ဘောကြည့်သည်။ ဆောင်းတွင်းဆို အော်ပရာ သွားကြည့်သည်။
သို့သော် ထိုအရာများထက် သူ ပိုပြီး စိတ်ထက်သန်သည်က လမ်းလေှျာက်ခြင်းပင်။ နေပူပူ၊ မိုးရွာရွာ၊ ပူချင်ပူ၊ အေးချင်အေး၊ နေ့တိုင်းနီးပါးမြို့ထဲ လမ်းထွက်လေှျာက်တတ်သည်။ ဘယ်ကိုရယ်လို့မဟုတ်၊ ခြေဦးတည့်ရာ။
နယူးယောက်ကတော့ ဘယ်တော့မှ မကုန်ခမ်းနိုင်သည့် နေရာပင်၊ မဆုံးတမ်း လေှျာက်လှမ်းမည့် ခြေလှမ်းတွေ အတွက် ဝင်္ကပါတစ်ခုလိုပင်၊ သူ့မှာ ဘယ်လောက်ပဲ ဝေးဝေးလေှျာက်လေှျာက်၊ ဘယ်လောက်ပဲ လမ်းတွေ၊ အိမ်တွေကို သိလာ သိလာ၊ သူ့မှာ ပျောက်ဆုံးနေသလို အမြဲခံစားရသည်။
ပျောက်ဆုံးမှုက မြို့ထဲမှာတင် မဟုတ်၊ သူ့အထဲမှာလည်း ပျောက်ဆုံးနေခဲ့သည်။ သူလမ်းလေှျာက်သည့်အခါတိုင်း သူ့မှာ သူကိုယ်တိုင်၏ အနောက်တွင် ကျန်နေရစ်သလို ခံစားရတတ်သည်။ သူ့ကိုယ်သူ လမ်းတွေထဲ ဒီလိုပဲ မျောရွေ့နေစေ ခဲ့သည်။ သူ့ကိုယ်သူ ဟိုဒီလေှျာက်ကြည့်နေသော မျက်လုံးသက်သက်အဖြစ်ပဲ လေှျာ့ချထားခဲ့သည်။ သို့မှသာ တွေးရသည့် အလုပ် သက်သာမည်မဟုတ်လား။ ဒီလိုလုပ်ခြင်းဖြင့် သူ့စိတ်ထဲတွင်ရှင်းလင်းပြီး အေးချမ်းငြိမ်သက်သွားတတ်သည်။
ကမ္ဘာကြီးက သူ့ရဲ့ အပြင်မှာ၊ သူ့နံဘေးမှာ၊ သူ့အရေှ့မှာ ရှိနေခဲ့သည်။ သူသွားနေသည့် အရှိန်က ဘယ်အရာကိုမှ စိတ်ထဲကြာကြာထား၍ မရ။ ခြေတစ်ဖက် ရေှ့နောက်တစ်ဖက်ချ၊ ခန္ဓာကိုယ်၏ ရွေ့မျောမှုအတိုင်း သူ့ကိုယ်သူ လိုက်ပါစေ ခဲ့သည်။ ဤတွင် ရွေ့လျားမှုက အနှစ်သာရပင်၊ ရည်ရွယ်ချက်မရှိ လေှျာက်သွားနေသည့်အတွက် နေရာအားလုံးက အတူတူ လိုပင်ဖြစ်လာသည်။ သူ ဘယ်နေရာရောက်နေလဲဆိုတာ ဘာမှအရေးမပါတော့။
လမ်းလေှျာက်လို့ သိပ်ကောင်းသည့်အခါများတွင် သူ့မှာ ဘယ်မှာမှ မရှိသလိုခံစားရတတ်သည်။ သူအမြဲတောင့်တ နေမိသည်ကလည်း ဘယ်မှာမှ မရှိဖို့ပင်။
တကယ်တော့ နယူးယောက်သည် သူ့ဝန်းကျင်မှာ သူ့ဘာသာဖန်တီးထားသည့် မရှိသည့်အရပ်ပင်။ ထို့ကြောင့် ဒီကနေ ပြန်ထွက်ခွာဖို့ သူဘယ်တော့မှ စိတ်မကူးဘူးဆိုတာ သူ့ကိုယ်သူလည်း သိနေခဲ့သည်။
အရင်ကတော့ ကွင်း တစ်ယောက် ဒီ့ထက် ရည်မှန်းချက် ကြီးခဲ့သည်။ လူငယ်ဘဝမှာ သူ ကဗျာစာအုပ်အတော်များ များ ထုတ်ခဲ့သည်။ ပြဇာတ်တွေ ရေးသည်။ ဝေဖန်ရေးအက်ဆေးတွေ ရေးသည်။ ဘာသာပြန်လက်ရာရှည်ကြီးတွေ အတော် များများ ရေးခဲ့သည်။ သို့သော်လည်း ရုတ်တရက် သူ အဲဒါတွေအားလုံးကို စွန့်လွွတ်ခဲ့သည်။ တကယ်တော့ သူ၏ တစ်စိတ်တစ်ပိုင်းက သေဆုံးသွားခဲ့ပေပြီ။ ထိုအရာ၏ ပြန်လည်ခြောက်လှန့်မှုကို သူ မလိုလားဟု သူငယ်ချင်းတွေကို ပြောခဲ့သည်။
ထိုအချိန်တွင် သူ ဝီလီယံ ဝီလဆင် ဆိုသည့် နာမည်ကိုယူခဲ့သည်။ ကွင်းတွင် စာရေးနိုင်သည့် အစိတ်အပိုင်း မရှိတော့။ ကွင်းတစ်ယောက် ဘယ်လိုပဲ ဆက်ပြီးရှိနေသည်ဆိုသော်လည်း သူ့မှာ သူကိုယ်တိုင်အတွက်ကလွဲလို့ ဘယ်သူ့ အတွက်မှ မတည်ရှိတော့။
သူ စာတွေ ဆက်ပြီးရေးနေခဲ့သည်။
သူ လုပ်နိုင်တာလည်း ဒါပဲ ရှိသည်မဟုတ်လား။ လှျို့ဝှက်သည်းဖိုဝတ္ထုတွေက သူ့အတွက် သင့်တော်သည့် ထွက် ပေါက်တစ်ခု ဖြစ်ပုံရသည်။
သူ့အတွက် ဇာတ်လမ်းခွဲလေးတွေ အများကြီးပြည့်နှက်နေသည့် ဇာတ်အိမ်တွေ ဖန်တီးရတာ အခက်အခဲသိပ်မရှိလှ။ သူ့မှာ ဒီလအတွက် သိပ်အားထုတ်စရာမလို၊ အကြောင်းရင်းက ဒီစာတွေကို သူရေးနေတာလို့မယူဆ၊ ဒီ့အတွက် သူ့မှာ တာဝန်ရှိတယ်လို့ကို မခံစားရ၊ အထိမခံနိုင်ဖြစ်တာမျိုးလည်း မရှိ။
တကယ်တော့ ဝီလီယံ ဝီလဆင်ဆိုတာ ဖန်တီးထားတဲ့အရာ မဟုတ်လား။ သူဟာ ကွင်းဆီကနေ မွေးဖွားလာတယ် ဆိုပေမယ့် အခုသူ့ဘဝသူ လွတ်လွတ်လပ်လပ် ဖန်တီးနေခဲ့ပြီလေ။
ဘယ်လိုပဲဖြစ်စေ ကွင်းကတော့ သူ့ကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ဆက်ဆံသည်။ တစ်ခါတစ်ရံများ အားကျအထင်ကြီးမိတတ်ပါသေးသည်။ သို့ပေမဲ့ သူနဲ့ ဝီလီယံ ဝီလဆင်ကို တစ်ယောက်တည်းဟု ဘယ်တုန်းကမှ မထင်ခဲ့။ ဒီ့အတွက်ကြောင့် သူ့ကလောင်နာမည် အနောက်ကနေ ဘယ်တော့မှ လူလုံးထွက်မပြ။ သူ့မှာ ကိုယ်စားလှယ်တစ်ယောက် ရှိသည်။ သို့သော် ထိုသူနှင့်လည်း ဘယ်တုန်းကမှ သူ လူချင်းမဆုံဖူး။ စာနဲ့သာ အချင်းချင်းဆက်သွယ်ကြသည်။ ဤ ရည်ရွယ်ချက်ဖြင့် ကွင်းက စာတိုက်မှာ စာတိုက်သေတ္တာတစ်လုံးကို ဌားထားသည်။ ထုတ်ဝေသူနှင့်လည်း ဤအတိုင်းပင်။ စာမူခ ပိုက်ဆံတွေ၊ မူပိုင်ကြေးတွေ အကုန်လုံးကို ကိုယ်စားလှယ်ကတစ်ဆင့်ပဲ ပေးသည်။ ဝီလီယံ ဝီလဆင်၏ စာအုပ် များတွင် စာရေးသူဓါတ်ပုံတို့၊ ကိုယ်ရေးအကျဉ်းတို့ ထည့်လေ့မရှိ။ ဘယ်စာရေးဆရာ လမ်းညွွန်စာအုပ်များမှာမှ သူ့ကို စာရင်း မသွင်းထား။ သူက တွေ့ဆုံခန်းတွေလည်း မလုပ်။ သူ့ဆီလာသည့် ပေးစာတွေကိုလည်း သူ့ကိုယ်စားလှယ်၏ အတွင်းရေးမှူး ကပင် ဖြေကြားပေးသည်။ ဤအတွက် သူ့လှျို့ဝှက်ချက်ကို ဘယ်သူမှ မသိကြသေးဆိုတာတော့ ကွင်း ပြောနိုင်သည်။
သူစာမရေးတော့တာကို သိထားသည့် သူငယ်ချင်းတွေက အစမှာတော့ သူ့ကို နေရေးထိုင်ရေးအတွက် ဘယ်လို စီစဉ်ထားသလဲဟု မေးကြသည်။ အားလုံးကို သူက သူ့မိန်းမအတွက် ထိန်းသိမ်းထားသောငွေများ ရလိုက်သည်ဟုပဲပြော ထားသည်။ တကယ်တော့ သူ့မိန်းမမှာ ပိုက်ဆံတစ်ပြားမှ စုဆောင်းထားတာမရှိ။ ဒီ့နောက်တော့ သူ့မှာလည်း သူငယ်ချင်း အပေါင်းအသင်းဆိုတာ မရှိတော့။
အခုဆို ငါးနှစ်ကျော်ရှိခဲ့ပြီ။ သူ့မှာ သူ့သားအကြောင်းလည်း သိပ်ပြီးမတွေးဖြစ်တော့။ တစ်လောကပဲ နံရံက သူ့မိန်းမဓါတ်ပုံကို ဖြုတ်လိုက်သည်။ တစ်ခါတစ်ရံတော့ စိတ်ထဲမှာ သုံးနှစ်သားချာတိတ်လေးကို ပွေ့ထားရသလို ခံစားမိတတ်သည်။ သို့ပေမဲ့ ဒါဟာလည်း တွေးနေမိတာမဟုတ်။ ပြန်သတိရနေတာမျိုးလည်း မဟုတ်။ သူ့ခန္ဓာကိုယ်တွင် စွဲထင်နေသည့် ရုပ်အာရုံခံစားမှု သက်သက်သာ။ ဒါက သူ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်။ အခုဆို ဒီလို ဖြစ်တာတောင် နည်းလာခဲ့ပေပြီ။ သူ့အတွက် အရာရာပြောင်းလဲစပြုလာပြီလို့ ထင်လာမိသည်။
သူ့မှာ သေဆုံးချင်စိတ်တွေ မရှိတော့။ တစ်ချိန်တည်းမှာ အသက်ရှင်နေရတာကို ဝမ်းသာလှတယ်လို့လည်း မဆိုနိုင်ပြန်။ သို့ပေမဲ့ အနည်းဆုံးတော့ အသက်ရှင်နေရတာကို မကျေမနပ် မဖြစ်တော့။ သူ့မှာ ရှင်သန်လို့နေသေးသည်။
ဤသို့ မသေနိုင်သေးသည့် အဖြစ်က တစ်မျိုးစိတ်ဝင်စားစရာ။ သူ့မှာ တမလွန် ဘဝမှာပဲ နေနေသလိုလို။ အခုလို တစ်ယောက်တည်း ကျန်ရစ်တဲ့ဘဝကို နေတတ်လာသလိုလို၊ သူ မီးလုံးနဲ့ မအိပ်တော့။ အိပ်မက်တွေကို မမှတ်မိတော့တာဆို လပေါင်းများစွာ ရှိခဲ့ပြီ။
*********************
ညအချိန် ကွင်းတစ်ယောက် အိပ်ရာပေါ်မှာ စီးကရက်သောက်ရင်း ပြတင်းပေါက်က မိုးသံတွေကို နားထောင်နေခဲ့သည်။ မိုးက ဘယ်အချိန်တိတ်မည်မသိ။ သူ့မှာ မနက်ဘက်ကို နီးနီးနားနားပဲလေှျာက်ရင် ကောင်းမလား၊ ခပ်ဝေးဝေးလေှျာက်ရင် ကောင်းမလား ဇဝေဇဝါ။ သူ့ဘေးခေါင်းအုံးပေါ်တွင် မေှာက်ထားသည်က မာကိုပိုလို၏ ခရီးသွားမှတ်တမ်းစာအုပ်။ ပြီးခဲ့သည့်နှစ်ပတ် ဝီလီယံဝီလဆင်ရဲ့ နောက်ဆုံးဝတ္ထုပြီးသွားကတည်းက သူ့မှာ နုံးချည့်ချည့်ဖြစ်နေခဲ့သည်။ သူ့ဇာတ်လိုက်ကျော်အလွတ်စုံထောက် မာ့စ်ဝေါ့ခမျာ အမှုတွဲတွေ တသီကြီးကို ဖော်ထုတ်ခဲ့ရသည်။ အကြိမ်ပေါင်းများစွာ အန္တရာယ်ပြုခံရပြီး ကပ်ကပ်ပြီးလွတ်လွတ်သွားခဲ့သည်။ သူ့ဇာတ်ကောင်ရဲ့ အားထုတ်မှုတွေအတွက် ကွင်းမှာလည်း ခြေကုန်လက်ပန်းကျသလို ခံစားနေရသည်။ နှစ်ကြာလာသည့်အခါ ဝေါ့မှာ ကွင်းနဲ့ အတော်ရင်းနှီးလာခဲ့သည်။ ဝီလီယံ ဝီလဆင်က သူ့အတွက်ဒြပ်မဲ့အရာတစ်ခု ဖြစ်နေပေမယ့် ဝေါ့ကတော့ပိုပိုပြီး အသက်ဝင်လာခဲ့သည်။ ကွင်းမှာ သုံးကိုယ်ခွဲလိုဖြစ်လာခဲ့ပြီး ထိုသုံးကိုယ်ခွဲကို ပြန်ပြီးခွဲခြမး်စိတ်ဖြာကြည့်လှျင် ဝီလဆင်က အသံနဲ့ ဖျော်ဖြေတင်ဆက်သူ၊ ကွင်း ကိုယ်တိုင်က သူ့ရဲ့ ဒမ်မီအရုပ်၊ ဝေါ့ကတော့ ဒီလုပ်ဆောင်မှုတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်ပေးနေသည့် အသံ။ တဖြည်းဖြည်း အထီးကျန်နေသည့် ကွင်း၏ စိတ်အတွေးထဲတွင် ဝေါ့မှာ ညီအစ်ကိုလို၊ ရဲဘော်ရဲဘက်လို ပိုမိုပါဝင်လာခဲ့သည်။ ဝီလဆင်ကတော့ ထင်ယောင်မှားမှု သက်သက်လိုပင်။ သို့ပေမဲ့လည်း တခြားနှစ်ယောက်ရဲ့ ဘဝကို ရှင်းပြနိုင်သေးသည်။ တစ်နည်းအားဖြင့် ဝီလဆင်ဆိုတာ အမှန်တကယ် မရှိခဲ့သည့်တိုင် ကွင်းကို ဝေါ့ဆီရောက်ဖို့ တံတားထိုးပေးနိုင်ပါသေးသည်။
ကွင်းတစ်ယောက် မာကိုပိုလိုကို ကောက်ကိုင်ပြီး ပထမစာမျက်နှာကို ပြန်လှန်ဖတ်လိုက်သည်။
“ငါတို့တွေ အရာရာကို မြင်ရင်မြင်တဲ့အတိုင်း၊ ကြားရင်ကြားတဲ့အတိုင်း မှတ်သားမယ်။ ဒီ့အတွက် ငါတို့စာအုပ်က ဖန်တီးလုပ်ကြံထားတာမျိုးကင်းတဲ့၊ တိကျတဲ့ မှတ်တမ်းတစ်ခု ဖြစ်စေရမယ်။ အမှန်တွေပဲရေးထားတဲ့အတွက် ဖတ်တဲ့သူတိုင်း၊ ကြားတဲ့သူတိုင်းးက အပြည့်အဝယုံကြည်လိမ့်မယ်။”
ကွင်းမှာ ထိုစာကြောင်းများ၏ အဓိပ္ပါယ်ကို စိတ်ထဲရှင်းရှင်းလင်းလင်း လက်ခံလာအောင် အလေးအနက် စဉ်းစားနေတုန်းမှာပင် ဖုန်းမြည်လာခဲ့သည်။ နောက်ပိုင်းတွင် ထိုညက အဖြစ်အပျက်ကိုပြန်လည်ဆက်စပ်စဉ်းစားကြည့်သည့်အခါ သူနာရီကို လှမ်းကြည့်လိုက်ချိန်မှာ ၁၂ နာရီကျော်ရှိနေခဲ့ပြီး ဒီအချိန်ကြီး ဘယ်သူများ ဆက်သလဲလို့အံ့သြလိုက်မိတာကို သတိရလာမိသည်။ သတင်းဆိုးပဲဖြစ်ဖို့များတယ်လို့ သူတွေးလိုက်မိသည်။ သူလည်း ခုတင်ပေါ်ကနေ တယ်လီဖုန်းရှိရာ အဝတ်အစားမပါဘဲ ထသွားပြီးဒုတိယအကြိမ်ဖုန်းမြည်တုန်း ကိုင်လိုက်မိသည်။
‘ဟုတ်ကဲ့ ပြောပါ’ . "
#ကံကော်ဝတ်ရည်