“The Guys from Mandalay 1950s (ခက်ဇော်)”
ငါတို့စာပေ၊ ပထမ အကြိမ်။
တန်ဖိုး - ၆၅၀၀ ကျပ်
“ခုချိန် ငါက ဘုန်းကြီးဖြစ်နေရင်တော့ နိဗ္ဗာန်ရောက်တဲ့အထိ အားထုတ်ရမှာ ငါ့အလုပ်ပဲ။ မိန်းမရတော့လည်း မိသားစုကို သောင်သောင်သာသာ ထားဖို့က ငါ့အလုပ်။ ဟော … ခုကျ ဝရမ်းပြေး ဖြစ်သွားပြီ။ ဝရမ်းပြေး ဖြစ်မှတော့ ငါ့အလုပ်က ဓားပြဗိုလ် ဖြစ်အောင် လုပ်ရတော့မှာပဲ၊ မတတ်နိုင်ဘူးကွ၊ ကိုယ့်အလုပ်တော့ ကိုယ် ဂိတ်ဆုံး ဖြစ်အောင် လုပ်ရမှာပဲ။” ဆိုတဲ့ အလုပ်တစ်ခုကို လုပ်ရင် ဘာနေနေ ပြီးဆုံးအောင် လုပ်ရမယ်ဆိုတဲ့ စိန်ဓားမြှောင်။
“တရားလမ်းပေါ်လျှောက်ရင် နိဗ္ဗာန်အထိ ရောက်အောင်သွားမယ်၊ မတရားလမ်းပေါ် လျှောက်ရင်လည်း ငရဲအိုးကို ဖောက်ဆင်းမယ်ကွ။ ဘာမဆို အဆုံးထိအောင် လုပ်ရတယ်။ လူဆိုးမို့ လူဆိုးအလုပ်လုပ်တာ ဘာဆန်းသလဲကွာ။ မင်းက ဓားပြလုပ်နေပြီး ဟိုလူ့ငွေတော့ မတိုက်ရ၊ ဒီလူ့ငွေမို့ မတိုက်ရ၊ လူတန်းစား ခွဲခြားချင်နေသေးတယ်။ ငါတို့ အရင်တိုက်ခဲ့တဲ့ လူတွေမှာရော လှူမယ့်တန်းမယ့် ငွေတွေ မပါလို့လား။ ဟေ့ … ဒီမယ် … စိန်ဓားမြှောင်ဟာ တန်းတူညီမျှ လူတန်းစားမခွဲ အားလုံးကို ဓားပြတိုက်တယ်ကွ။” ဆိုပြီး လူတန်းစားမခွဲခြားဘဲ တန်းတူညီတူ တိုက်တဲ့ ဓားပြဗိုလ် စိန်ဓားမြှောင်။
“စောရဒေဝီ တောင်ချမ်းသာရှင်မ … ကျေးတော်မျိုး ကျွန်တော်မျိုး ခိုးသားဓားပြများက ဓား၊ လှံ၊ မီးပေါက်သေနတ်များကို အရေးကောင်းအတွက် အပ်နှံပါတယ်။ ကျည်တန်ခိုး မီးတန်ခိုးတို့ကို ပွင့်အောင် ထွက်အောင် စောင့်ရှောက်ပါ။ ယမ်းထုံ၊ ယမ်းထိုင်း၊ ယမ်းအ တို့ကို ဖယ်ရှားပါ။ ရန်သူလက်နက် မှန်သမျှ ဆံခြည် မခရအောင် ကာကွယ်ပါ။ နွားဖြူကို နားနက်ဖြစ်အောင်၊ နွားနက်ကို နွားနီဖြစ်အောင်၊ နွားနီကို နွားကျားဖြစ်အောင် လှည့်စား ဖန်ဆင်းပေးနိုင်သကဲ့သို့ တိုက်ရာပါများကိုလည်း လှည့်စားပေးပြီး မင်းပြစ်မင်းဒဏ်မှ ကွယ်ကာတော်မူပါ စောရဒေဝီတောင် ချမ်းသာသခင်မ…” ဓားပြထွက်တိုက် ခါနီးတိုင်း ယုံကြည်ကိုးကွယ်ရာကို အပ်နှင်းပြီးမှ အစီအစဉ် ကျကျနန ချလေ့ရှိတဲ့ စိန်ဓားမြှောင်။
“ကျွန်တော်တို့လို လူဆိုးဓားပြတွေပဲ ကိုယ့်နေရာ တည်မြဲရေးအတွက် ဘာမဆိုလုပ်မယ်လို့ ထင်တာ။ ခင်ဗျားတို့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေလည်း အတူတူပဲကိုးဗျ … အဟက်၊ ရယ်တော့ ရယ်ရတယ်နော့…” ခနဲ့တဲ့တဲ့ လေသံနဲ့ အစိုးရ လူကြီးတွေကိုပါ သရော်ရဲတဲ့ စိန်ဓားမြှောင်။
ဒီလို ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားနဲ့ တစ်ချိန်က မြန်မာနိုင်ငံတခွင်မှာ ဟိုးဟိုးကျော်ခဲ့တဲ့ မန္တလေးက ဓားပြဗိုလ် စိန်ဓားမြှောင်ဆိုတာ ဘုန်းကြီးလူထွက် တစ်ယောက်။ ၁၉၃၈ ခုနှစ်၊ ကုလား-ဗမာ အရေးအခင်း အရှုပ်တော်ပုံကနေ စတယ်။ သူ့ဟာသူ ဘုန်းကြီးဝတ်နဲ့ နေနေရင်း ရပ်ထဲရွာထဲမယ် အမြင်မတော်တာကို ဝင်ဖျန်ဖြေရင်း ဆုံမိတဲ့ မမြကြည်ကို စွဲလမ်းစိတ်နဲ့ လူဝတ်လဲခဲ့တယ်။ ဘုန်းကြီးလူထွက် ဆိုတော့ စကားပြောရာမှာလည်း တည့်တိုးအိုးပေါက်။ မိန်းမတောင်းတဲ့ အခန်းဆို မမြကြည်ရဲ့ သဘောထားကိုတောင် မမေးမြန်းဘဲ ယောက္ခမလောင်းကို တိုက်ရိုက် ဘွင်းဘွင်း ဝင်မေးရဲပုံက ရယ်ရမလို … လန့်ရမလို … တပည့်ကျော် ညီနောင် နှစ်ဖော်ရဲ့ ကျေးဇူးတော်နဲ့ ဓားပြဇာတာ ပါလာပြီး ဓားပြဗိုလ် ဖြစ်မှန်း မသိ ဖြစ်လာရပြီး စိန်ဓားမြှောင်ရယ်လို့ နာမည်ကျော်ဇောလာခဲ့တယ်။ စိန်ဓားမြှောင်ရဲ့ အားထားရတဲ့ ဗိုလ်ငရုတ်သီး အဖြစ် မြင်းလှည်းသမား ဘရင် နာမည်တွင်လာပုံကလည်း ဟာသနဲ့ နှောထားလို့ ခွီလိုက်ရပါသေးတယ်။
ဓားပြဗိုလ် ဖြစ်အောင် လုပ်ခဲ့တဲ့ တပည့်ကျော် ညီနောင် နှစ်ကောင်ထဲက အငယ်ကောင် လှမောင်အတွက် နှင်းနှင်းကို လိုက်တောင်းပေးတဲ့အခန်းမှာလည်း - “ဟေ့ကောင် လှမောင်၊ မှတ်ထားကွ ကောင်းကောင်းတောင်းမရတော့ တိုက်ယူမှရတယ်။ မင်းကတော့ ကိုယ့်ယောက္ခမကိုယ် စတွေ့ တွေ့ချင်းနေ့တင် ဓားပြတိုက်တဲ့ သမိုင်းဝင် သမက်ကလေး ဖြစ်သွားပြီ။ အဲ့ဒါ ငါ့ကို ကျေးဇူးတင်ကွ” ဆိုပြီး နှင်းနှင်းရော နှင်းနှင်းရဲ့ မိဘတွေဆီက ဥစ္စာပစ္စည်းတွေပါ ဓားပြတိုက်လာရဲတဲ့ စိန်ဓားမြှောင်။ ဒီအခန်းရောက်တော့ ပြောချင်စိတ် ပြင်းပြနေတာက စိန်ဓားမြှောင် မိန်းမ မမြကြည်၊ နှင်းနှင်းနဲ့ TGOR (The Guys of Rangoon) ထဲက ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ လမ်းမတော် ဖိုးတုတ်ရဲ့ညီဝမ်းကွဲ စံဘမိန်းမ ချောရင်။ “မိန်းမဖျက်ရင် ပြည်ပျက်တယ်” ဆိုတဲ့ ဆိုရိုးစကားကို ဒီစာအုပ်ထဲမယ် ပြောင်းပြန်လှန် ရတော့မယ်။ မိန်းမတွေရဲ့ ဉာဏ်ကွန့်မြူးလို့ အသင်းအဖွဲ့ တစ်ခု အနေနဲ့ တည်မြဲမှုနဲ့ ကျော်ဇောမှု အရှိန်အဝါတွေ ထွန်းတောက်ခဲ့တယ်ဆိုတာကို တွေ့ရလိမ့်မယ်။ အဓိက,ကတော့ နှင်းနှင်းနဲ့ ချောရင်။ ဘယ်လို ဘယ်ပုံတွေနဲ့ ယောက်ျားတွေတောင် မတွေးနိုင်၊ မလုပ်နိုင်တဲ့ အရာတွေကို သွေးအေးအေး၊ အကွက်ကျကျ လုပ်ပြသွားပုံတွေ ဟာခနဲ နေအောင် ဖတ်ရလိမ့်မယ်။
ဆက်ပြောရမယ်ဆိုရင်တော့ ကျွန်တော်လိုချင်တာ မြကြည်လို … နှင်းနှင်းလို … ချောရင်လို မိန်းမမျိုးပဲ။ ဖိုးတုတ်မယား မသင်းမြနဲ့ သောင်းရီမိန်းမ မသောင်းတို့က သူတို့ယောက်ျားတွေအလုပ်ကို မကန့်ကွက်သော်ရှိ မကူညီခဲ့။ သင်းတို့ကိုတောင် ပြန်ပြီး ကာကွယ်ပေးနေရတယ်။ အာဂ မိန်းမတွေ ဖြစ်တဲ့ မြကြည်တို့၊ နှင်းနှင်းတို့ ချောရင်တို့ကတော့ သူတို့ရဲ့ ယောက်ျားသားတွေအပေါ် ကျရောက် လာမယ့် အန္တရာယ်တွေကနေတောင် ပြန်ပြီး ကာကွယ်ပေး နေကြသေးတယ်။ လင်ဖြစ်သူ လုပ်တာ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ … လင်ယောက်ျား ဘက်ကနေ မားမားမတ်မတ် ရပ်တည် ထောက်ခံပြီး တတ်စွမ်းသမျှ အားထောက်ပံ့ပိုးတဲ့ မိန်းမမျိုးကို ဆိုလိုတာ … (ဒါဟာလည်း ကျွန်တော်နဲ့ သဘောထားများစွာ ကွဲလွဲနိုင်ပါတယ်။)
စ,စဖတ်ချင်း စိန်ဓားမြှောင်ရဲ့ ဓားပြတိုက်မှုတွေ၊ ရဲဌာနတွေကို လှည့်ဖြားမှုတွေ အကြောင်း တွေချည်း ဖတ်ရတာ နည်းနည်း ငြီးငွေ့လာတယ်။ စာမျက်နှာ ၄၅၀ လောက်ပါတဲ့ စာအုပ်အထူကြီးကို ဒီ မရိုးနိုင်တဲ့ ဓားပြမှုတွေပဲ ဖတ်ရတော့မှာလားဆိုပြီး နည်းနည်း ဖီးလ်ကျဲမိတယ်။ TGOR ဖိုးတုတ်လို လူမိုက်ဇာတ် မဟုတ်ဘဲ ဓားပြဇာတ် ဖြစ်နေတာကိုး … အွန်လိုင်းမှာ ဖတ်လို့ ရတာတောင် မဖတ်ဘဲ (ကိုယ်တိုင်ကလည်း Physical Book ကိုင်ဖတ်မှ အရသာတွေ့တတ်တဲ့ လူမျိုး ဖြစ်ပေလို့ စာအုပ်ထွက်တာကို စောင့်တာလည်း ပါတယ်။) စောင့်ဖတ်ပါတယ်ဆိုကာမှ ခဲလေသမျှ သဲရေကျ သလို ဖြစ်နေခဲ့တယ်။ ဒါကိုလည်း စာရေးဆရာ ခက်ဇော်က သိတယ် ထင်ရဲ့ …. လာပါပြီဗျာ စာအုပ်ရဲ့ အလယ်လောက် အခန်း (၁၇) မှာ ကျွန်တော် စောင့်မျှော်နေတဲ့ TGOR လက်ကျန် ဂန္ဓမာကြီးနဲ့ စိန်ဓားမြှောင်တို့ရဲ့ တွေ့ဆုံခန်း။ ဒီတွေ့ဆုံခန်းကို မရောက်ခင်မှာ စိန်ဓားမြှောင်ရဲ့ အဖွဲ့သား ကြင်အေးတို့၊ ညီနောင်နှစ်ဖော် ဘမောင်နှင့် လှမောင်တို့ အိုးဘိုကျောင်း တိုက်ပွဲမှာ ကျဆုံးကုန်တယ်။ သူလည်း ထောင်နန်းစံပြီး ရန်ကုန်ထောင်ကို ရောက်လာတယ်။ သူ့ရဲ့ အားကိုးရတဲ့ လူရင်း ခါလေး၊ ငန်းနက်၊ ငရုတ်သီးဘရင်နဲ့ ဝင်းမောင်တို့ပဲ ကျန်တယ်။ ရန်ကုန်ထောင်ရဲ့ စားဖိုဆောင်မှာ ဂန္ဓမာနဲ့ တွေ့တယ်။
နည်းနည်း ဝမ်းနည်းဖို့ကောင်းတာက ကျွန်တော့် IDOL ကြီး ဂန္ဓမာက ဒီစာအုပ်ထဲမှာ ပါရုံသက်သက်ပဲ ဖြစ်သွားရတာပါပဲ။ သူ့ခေတ်သူ့အခါရဲ့ နေဝင်ချိန်ကိုလည်း ရောက်သွားတာကိုး။ TGOR ဖတ်ပြီးမှ TGRM ကို ဖတ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဂန္ဓမာနဲ့ တွေ့တဲ့အခန်းမှာ TGOR က အပြီးသတ်နဲ့ ပြန်ချိတ်ထားလို့ပါပဲ။ နည်းနည်း ပြန်နွှေးပေးရမယ်ဆိုရင် ဒေါက်တာ ဘမော်ရဲ့ လူယုံ လူမိုက် မြကျင် ပြန်ပါလာမယ်။ ဖိုးတုတ် အာဏာပါဝါ ထွားလာချိန် မှေးမှိန်သွားတဲ့ မက်စတီးခန်းရဲ့ သားတော် မဂျစ်ခန်း ပါလာမယ်။ ဒီနေရာမှာ စာရေးဆရာရဲ့ အတွေးနဲ့ ဇာတ်အိမ် တည်ဆောက်မှုကို အထူး သဘောခွေ့မိတော့တာပဲ။ အစက ဓားပြတိုက်တဲ့ အကြောင်းတွေချည်းနဲ့ပဲ ပျင်းတွဲ့တွဲ့ ဖြစ်နေတဲ့ ဇာတ်ကို တစ်မျိုးတစ်မည် ဆွဲပြောင်းပစ်လိုက်တယ်။ ရန်ကုန်လူမိုက်နဲ့ မန္တလေး ဓားပြဗိုလ်တို့ ဘာတွေ ဆက်ဖြစ်ကြမှာလဲ … လွတ်လပ်ရေး ရပြီးခါစ ဖရိုဖရဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အရှုပ်တော်ပုံ တွေထဲမှာ ဂန္ဓမာနဲ့ စိန်ဓားမြှောင်တို့ ဘယ်လို ပါဝင် ပတ်သက်နေသလဲ … ကျွန်တော်တို့ နှစ်ခြိုက်စွာ ကြည့်ဖြစ်ကြတဲ့ မှုခင်းစုံထောက်၊ ထောက်လှမ်းရေး ရုပ်ရှင်တွေထဲကလို ဘယ်သူက ဘယ်လို … ဘယ်သူကဖြင့် ဘာလုပ်တော့မယ် ဆိုတာကို ခန့်မှန်း မရနိုင်တဲ့ ဇာတ်လမ်း အလှည့်အပြောင်းတွေကို ဖတ်ရမယ်။
မဖြစ်မနေ အားနည်းချက်ကို ရှာပါဆို စိန်ဓားမြှောင်ရဲ့ ပိရိသေသပ်လှတဲ့ ဓားပြတိုက်မှုတွေကို ဦးစီးဦးဆောင် လုပ်တဲ့ ပုံစံတွေက ဒီခေတ်စကားနဲ့ဆို နည်းနည်း OP (Overpower) ဖြစ်တယ်လို့ ပြောလို့ရပေမယ့် ဖြစ်နိုင်ချေ ရှိတဲ့အရာတွေချည်းပါပဲ။ ဖိုးတုတ်တုန်းကလည်း ကံလိုက်ပြီး တန်ခိုးဩဇာ ကြီးထွားခဲ့သေးတာပဲ မဟုတ်လား … အစပိုင်း ဓားပြမှုတွေမှာ စိန်ဓားမြှောင်ချည်း အနိုင်ရတဲ့ အကြောင်းတွေက ကြာလာတော့ နည်းနည်း ပျင်းချင်သလိုလို ရှိသွားပြီး တန်းသွားတဲ့ Tempo ကို စာအုပ်အလယ်လောက်ကျ လက်က မချချင်လောက်အောင် ပိရိသေသပ်တဲ့ ဇာတ်လမ်း ဖွဲ့စည်းထားပုံ တွေနဲ့ ချပြလိုက်တော့မှ ဘဝင်ကျသွားပြီး ကျေနပ်သွားတာ။ ကျွန်တော့်အတွက်ကတော့ TGFM က TGOR ကို မမီတောင် မတူညီတဲ့ ရသတွေနဲ့ လျှို့ဝှက်သည်းဖို စုံထောက်ဇာတ်လမ်း ဆန်ဆန် ဇာတ်ရဲ့ လှည့်ကွက်တွေမှာ ဟာခနဲ ဟင်ခနဲ ဖြစ်အောင် လှည့်သွားနိုင်တဲ့ ပင်ကိုယ်ရေး ဝတ္ထုကောင်း တစ်ပုဒ် ဆိုတာပါပဲ။
သတ်ပုံပိုင်းမှာတော့ TGOR လောက် အမှားမများတော့ပေမယ့် နည်းနည်းလေးတော့ ပါပါသေးတယ်။
ဖြန့်ကျက် ကို ဖြန့်ကြက်
ခတ်ေတ ကို ခတ်တ
စုံရပ် ကို ဆုံရပ်
နောက်ဆုံးပိတ် ကို နောက်ဆုံးဘိတ်
သင့်လျော် ကို သင့်လျှော် (ဒီ သင့်လျော် က စာအုပ်စစချင်း “၁၈ နှစ်အောက်များ ဖတ်ရန် မသင့်လျော်ပါ” ဆိုတဲ့ အမှာစာ နေရာက အမှားပေပဲ။ အမှာစာကြီးမှာ မှားတာမျိုးက မဖြစ်သင့်ဘူး ထင်လို့ TGOR မှာလည်း မှားလို့ ကျွန်တော် ထောက်ပြပြီး ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ TGFM မှာ ထပ်မှားနေပြန်တယ်။)
#Hein Min Oo
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543