"လူ့အခွင့်အရေး" ကို ကမ္ဘာနဲ့အဝန်း တောင်းဆိုနေကြတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေ၊ ပြစ်မှု ပြစ်ဒဏ်တွေကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ရေးဆွဲ ပြဋ္ဌာန်းနေကြပါပြီ။
မည်သို့ပင် ရေးဆွဲအကောင်အထည် ဖော်နေစေကာမူ တန်းတူအခွင့်အရေးရရှိမှုကတော့ ထင်သလောက် မပေါက်နိုင်သေးပါဘူး။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ အမျိုးသမီးထုကြီးရဲ့ အခွင့်အရေးရရှိမှုဟာ ရှေးရိုးစွဲ အယူအဆတွေနဲ့ အခြားသော အကြောင်းအရပ်ရပ်ကြောင့် ကျေနပ်လောက်တဲ့အထိ မရနိုင်သေးပါဘူး။
ကျွန်တော်တို့ နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် မြို့ပြလူဦးရေထက် ကျေးလက်လူဦးရေဟာ ပိုမိုများပြားလျက်ရှိပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးမှာ ဖြစ်တယ်။
ဒါကြောင့်လည်း ကျေးလက်လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက်စေဖို့ ဗိုလ်ချုပ်အောင်ဆန်းက "လူငယ်တွေဟာ မြို့မှာချည်း မနေဘဲ တောကိုလည်း သွားပြီး အလုပ်လုပ်ကြပါ။ မြို့မှာ အလုပ်လုပ်ရင် ထင်ပေါ်တယ်၊ လူသိများတယ်။ ဒါပေမဲ့ တကယ်ထိရောက်တာက တောကိုသွားမှ ထိရောက်မယ်။ စစ်ပြီး ဗမာပြည်မှာ ထူထောင်ရေးလုပ်ငန်းတွေ အများကြီးရှိတယ်။ တကယ်လုပ်ချင်ရင် မြို့မှာ မနေပါနဲ့၊ တောကိုသွားကြပါ။ နာမည်ဖြစ်ရုံ၊ စတန့်ဖြစ်ရုံ လုပ်ချင်ရင် အခုရှိနေတဲ့ အခြေအနေအတိုင်း လုပ်ကြ၊ ဗမာပြည်တော့ ကြီးပွားမှာ မဟုတ်ဘူး" လို့ ပြောဖူးတယ်ဗျ။
ထားပါတော့လေ၊ စကားတွေက ဆိုလိုရင်း မရောက်ဘဲ ဘေးထွက်ကုန်ပြီ။ အစမှာ ပြောထားတဲ့ အခွင့်အရေးဆိုတာကို ပြန်သွားကြရအောင်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အမျိုးသမီးတွေရဲ့ ဘဝရပ်တည်မှုဟာ ကျဥ်းမြောင်းလွန်းတယ်။ "ယောက်ျားဖောင်စီး၊ မိန်းမ မီးနေ"၊ "စီးတဲ့ရေ၊ ဆယ်တဲ့ ကန်သင်း" ဆိုတဲ့အတိုင်း အမျိုးသမီးတွေဟာ ရှေးရိုးစွဲ အယူအဆတွေကြောင့် "လင်ယူ သားမွေး" ကာ မီးဖိုချောင်က ဘဝပန်းတိုင်အဖြစ် ရုန်းကန်နေကြရတယ်။
ယခုနောက်ပိုင်းမှာ "နွားထီး ၅ ကျပ်၊ နွားမ ၅ ကျပ်" နဲ့ ကျား၊ မ တန်းတူ ဖြစ်ခွင့် ရနေပါပြီ။ ဒါတောင် မြို့ပြလူနေမှုစနစ်နဲ့ ကျေးလက်လူနေမှုစနစ်တွေအရ အမျိုးသမီး အခွင့်အရေးဟာလည်း ကွာဟလို့ ရှိနေဆဲပါပဲ။ ဒါက ယခုခေတ်မှာနော်။
ဟိုးအရင် ကာလတစ်ခုက ကျေးလက်နေ အမျိုးသမီးတွေရဲ့ ဘဝကို ဆရာမကြီး ခင်နှင်းယုက ဝတ္ထုတစ်ပုဒ်အဖြစ် ပုံဖော်ထားခဲ့တယ်။ ဝတ္ထုအမည်က "ရေချိုတွင်း" တဲ့ဗျ။
ရေချိုတွင်း . . .
"တို့များ မိန်းမသားက ပင်လယ်ရေငန် ဝိုင်းနေတဲ့ ကျွန်းလေးပေါ်က လူနဲ့တူတယ်။ လင်သည် ယောက်ျား ဆိုတာက ဒီကျွန်းပေါ်က ရေချိူတွင်းလေးနဲ့ တူတယ်။ လောကီစည်းစိမ် အနန္တဟာ ပင်လယ်သမုဒ္ဒရာအမျှ ပေါများနေပေမဲ့လည်း ဒီစည်းစိမ်တွေဟာ သမုဒ္ဒရာ ရေငန်လိုပဲ။ တို့တွေ တစ်စက် သောက်လို့လည်း မရ။ အဝတ်စလေးကအစ လျှော်လို့မရဘူး။ တကယ့် ကျွန်းလေးပေါ်က လူသား အားကိုးရတာက သမုဒ္ဒရာအကျယ်နဲ့ စာရင် မနှိုင်းယှဉ်လောက်တဲ့ ဒီ ရေချိူတွင်း ကွက်ကွက်ကလေးပါ"
ဒီဝတ္ထုလေးမှာ "ယောက်ျား ပဓာန၊ ယောက်ျားသာ အဓိက" ဆိုတဲ့ ယောက်ျားဝါဒ ကြီးမားစဥ်က ရေးခဲ့တာမို့ ထင်တယ်။ "အဆံမပါ၊ သင်္ကြန်အမြှောက်" လို ဖြစ်နေတဲ့ ယောက်ျားပင် ဖြစ်လင့်ကစား မိန်းမသားတွေရဲ့ လိုလားတောင့်တရပုံတွေကို တအံ့တသြ ဖတ်ရတယ်။ "တံခွန်မရှိတဲ့ဘုရား၊ အလံမရှိတဲ့ရထား၊ လင်သားမရှိတဲ့မိန်းမသား" ဆိုတဲ့ စကားဟာလည်း အတော် ပေါက်မြောက်ကြီးစိုးချိန် ကာလလည်း ဖြစ်နေလို့ နေမှာပါ။
"သားကို သခင်၊ လင်ကို ဘုရား" သဘောထားကြတဲ့ အသိနုံချာ၊ ဉာဏ်ပညာ မဖွံ့ဖြိုးတဲ့ ကျေးလက်က အမျိုးသမီးတွေရဲ့ ဒုက္ခအထွေထွေကို အံ့သြမှင်သပ် ဖတ်ရှုကြရမှာပါ။
ပညာမတတ်ခြင်း၊ အသိဉာဏ်မကြွယ်ခြင်းတွေရဲ့ ဆိုးကျိုးတွေအကြားက ဇာတ်ကောင် အမေကျန်၊ ကြည်ကြည်၊ ပွေးလှ၊ သန်းရှင်မတို့ရဲ့ ဘဝတူချင်း ဖေးကူထူမ ကူညီကြတဲ့အခါ "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ" ဖြင့် လူမှုဘဝနယ်ပယ်ထဲက အေးမြချိုကြည်တဲ့ ရေချိုတွင်းလေးတွေကို ဆရာမကြီး ခင်နှင်းယုရဲ့ "ရေချိုတွင်း" ဝတ္ထုမှာ မြင်တွေ့၊ ခံစား၊ စာနာ၊ သနား နိုင်ကြရမှာပါ။
တစ်ခေတ်တစ်ခါက တစ်ဘဝ ဝတ္ထုပေမဲ့ ဒီမျက်မှောက်ခေတ်မှာကော ဘာတွေ ဘယ်လို ပြောင်းနေပြီလဲ၊ ဘာများ မပြောင်းမလဲ ဆက်လက်ရှိနေသလဲ ဆိုတာ ရေချိုတွင်းထဲ ကိုယ်တိုင်ခပ်ယူ သောက်သုံး ဖတ်ရှုကြည့်ပါတော့။
Aung Thiha
#ဝတ္ထုရှည်ဖတ်ညွှန်း
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137