စာအုပ် အမည် - လှပါတယ် မသီတာ
စာရေးဆရာ - မောင်ဝဏ္ဏ
ထုတ်ဝေသူ - NDSP
တတိယအကြိမ်
၂၀၁၈ ဇန်နဝါရီလ
တန်ဖိုး - ၃၀၀၀ ကျပ်
စာမျက်နှာ - ၂၂၃ မျက်နှာ
“ဝတ္တုတစ်ပုဒ်လုံးဇာတ်လမ်းသည် အစဉ်အလာရေးဖွဲ့နည်း ဝတ္တုမျိုး မဟုတ်ပါ။ ချစ်၊ ကြိုက်၊ ကွဲ၊ လွမ်း၊ ညား ပုံသေနည်းလည်း မဟုတ်ပါ။ ဇာတ်လမ်းအဖွဲ့ ဝတ္တုမျိုးလည်း မဟုတ်ပါ။ ဇာတ်လမ်းအဖွဲ့ ဆန်းပြားရသည်မှာလည်း စရိုက်ကွဲ ဇာတ်ဆောင် အများအပြားကို သုံးစွဲထား၍ ဖြစ်သည်ဟု ဆိုရပါမည်။”
မလိခ၏ မြန်မာ ဝတ္တု အညွန်းပေါင်းချုပ်မှ
မယ်ကျွိကို ဘာသာပြန်တွေ အဖတ်များသူအဖြစ် ပြောရကြတယ်။ ဟုတ်လည်း ဟုတ်တယ်။ သို့ပေသိ သာဓုမိသားစုကိုတော့ ဖတ်ရတာ တော်တော်အရသာတွေ့တယ်။ သုမောင် ကွမ်းစားစကားဆိုလည်း ကြိုက်တာမှ။ စာတွေထဲကနေ ဘဝတွေကို တွေ့ရတယ်လေ။
ခု ဆရာ မောင်ဝဏ္ဏရဲ့ လှပါတယ် မသီတာ။ စာအုပ်ထဲ ဝင်ကြည့်လိုက်တော့ မသီတာ လှကြောင်းသူ ရေးထားတာ တစ်ခန်း နှစ်ခန်းပဲပါရဲ့။ သဘောင်္ဆိပ်နားက ကားမှတ်တိုင်မှာ မသီတာနဲ့ ဇာတ်လိုက် အောင်သော်တို့ ဆုံပြီး မိုးတွေရွာနေ၊ မသီတာကို ဇိုးဘဲတွေက ဝါးစားမတတ်ကြည့်နေလို့ အောင်သော်က ကယ်တင်ရှင်ဝင်လုပ်တဲ့အခန်း။
ကယ်တင်ရှင်ဆိုလို့ ဝှီး ဝုန်းဆိုပြီး ချတာမဟုတ်ပါဘူး။ “ကျွန်တော် ဘာအကူအညီပေးရမလဲ မသီတာ”လို့ပြောပြီး လိုင်းကားပေါ်တတ်ရအောင်လို့ ပြောပြီး ကယ်သွားတာရယ်။ အဲဒီအချိန်မှာ အင်္ကျီလက်ပြတ်ဝတ်ထားပြီး မိုးရေလေးတွေ တင်နေတဲ့ မသီတာရဲ့ လက်မောင်းလေးတွေ ဝင်းပလှပတာ။
မိုးရေတွေ မျက်နှာပေါ် မိုးရေတွေ တင်သွားပေမဲ့ မိတ်ကပ်ဆီကြောင့် မိုးစက်လေးတွေတောင် မကပ်နိုင်ပဲ ပြန်ကျသွား။ ခြေသည်းနီနီလေးနဲ့ ခြေထောက်ဖြူဖြူလေးကို အငှားကားပေါ်မှာ ငေးကြည့်မိ။ လည်တိုင်ပေါ်က မှဲ့နီနီလေးကို ငေးကြည့်မိ။ အဲလောက်နဲ့တင် မသီတာ လှတာသိသွားပြီ။ မသီတာက ကွင်းရွေးခံရဖို့ နိုမိနေးရှင်းထဲပါပေမယ့် ကွင်းမဖြစ်ဘူး။ မသီတာ ဖြစ်လိုတာက သမားတော်ကြီး ကွင်းမဟုတ်ဘူးတဲ့။
အဲလို သမားတော်ကြီး ဖြစ်ချင်လို့ သော်လို့ သူခေါ်တဲ့ ဒေါက်တာ အောင်သော်နဲ့ လွဲကြတယ်။ ဒါပေမဲ့ “မသီတာကို ကျွန်တော် ချစ်နေမှာပါ”။ ချစ်တဲ့အကြောင်းတွေ ရေးပြနေလို့ ဒီဇာတ်လမ်းက ရိုမန့်နေလား ဆိုတော့ မဟုတ်ဘူး။ ဒေါက်တာ အောင်သော်က ခရမ်း သုံးခွလမ်းဆုံက ကျေးရွာ ဆေးခန်းလေးက ဆရာဝန် ကိုရွွေစိုးက ရွာပြန်မှာမို့ဆေးခန်းလေးကို လက်လွဲယူတယ်။ အနီးတစ်ဝိှက်က လူနာတွေကို ကုပေးရတယ်။
ငွေကြေးမတတ်နိုင်လို့ ဆရာဝန်က အကြွေးနဲ့ကုပေးရတဲ့ လူနာတွေအကြောင်းက ခပ်များများ။ ကျေးတောသားဆိုတော့ ဆေးရုံကို မတတ်ချင်ဘူးဆိုပြီး ဂျီချပြီး အိမ်မှာတင် မရရအောင် ကုခိုင်းတဲ့ လူနာတွေလည်း ရှိရဲ့။ မနက်ဖြန် အလုပ်လုပ်ရမှာမို့ ခုနေမကောင်းနေတာကို ချက်ချင်းကောင်းအောင် ကုပေး ကုနိုင်ရင် အစိတ်ပေးမယ်လို့ လောင်းကြေးနဲ့ ဆေးကုခိုင်းတဲ့ ကိုမူတူးလည်းပါတယ်။
အသည်းယောင် အသားဝါဖြစ်နေတဲ့ ထမ်းသမားသား ဂျစ်တူးလေးကို အကြွေးနဲ့ ဆေးကုပေးရင် မွေးစားသား လုပ်လိုက်ဖြစ်တဲ့ အဖြစ်လည်းပါတယ်။ မလိခ စာညွန်းမှာပါသလိုပဲ ဒီစာအုပ်က မတူကွဲပြားတယ်။ ချစ်တော့ ချစ်တယ်။ လွမ်းလည်း လွမ်းတယ်။ ကွဲလည်း ကွဲတယ်။ ဒါပေမယ့် သူတို့ ချစ်ကြတဲ့ အကြောင်းလည်း အများကြီး မရေး။ လွမ်းတဲ့ အကြောင်းကျတော့လည်း မသီတာ ဆေးခန်းစဖွင့်တော့ အခန်းလေးကို နေရာချတုန်း ဒါတွေကို သော်နဲ့သာ တူတူလုပ်ရရင် ဘယ်လောက် ကောင်းလိမ့်မယ်လဲလို့ တွေးပြီး ဆွေးတယ်။
“တို့ဘဝတွေကို လူနာတွေက ပိုင်နေကြပြီ သော်”…. (မသီတာ)
ဝယ်ထားတာ ထွက်စကတည်းက ခုမှ ဖတ်ဖြစ်တယ်ဆိုပေမယ့် ဒီထဲက ဇာတ်ကောင်တွေကို ကိုယ်က သတိရနေမှာ။
မယ်ကျွိ
ညနေ ၄ နာရီ ၁၁ မိနစ်။
ဇွန်လ ၆ ရက် ၂၀၁၈။
တောင်ကြီး။
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543