မြသန်းတင့် (ကိုယ်ရေးအကျဥ်းနှင့်စာအုပ်များစာရင်း)
မြသန်းတင့်
လက်ဖက်ရည်ဆိုင်
စိတ်ကူးချိုချိုအနုပညာ၊
ဒုတိယအကြိမ်၊ ဇူလိုင် ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - unsplash image။
အတွင်းသရုပ်ဖော် - mso။
၁၀.၆ စင်တီမီတာ x ၁၆.၆ စင်တီမီတာ။
စာမျက်နှာ - ၈၀ ၊ တန်ဖိုး - ကျပ် ၉၀၀။
စိတ်ကူးချိုချိုစာအုပ်တိုက်၏ နှစ် ၂၀ ပြည့် အမှတ်တရ စာမွန် အဖြစ်ထုတ်ဝေထားခြင်းဖြစ်သည်။
ဆရာမြသန်းတင့်၏ ပင်ကိုရေးဝတ္ထုရှည် ဖြစ်ပြီး အခန်း ၄ ခန်း ပါရှိသည်။
'' ကျွန်တော်တို့မြို့က အလွန်ချောင်ကျတဲ့မြို့ကလေး။ ရန်ကုန် - မန္တလေး မော်တော်ကားလမ်းနဲ့မီးရထားလမ်း ကြီး ခရီးတစ်ဝက်ကျော်ကျော်လောက်ရောက်ရင် မြို့လတ်တစ်မြို့ကိုရောက်တယ်။ အဲဒီမှာ ရထားပြောင်း စီးရတယ်။ ရှစ်နာရီလောက်စီးရင် ရထားလမ်းဆုံးမြို့ဖြစ်တဲ့ မြို့ကြီးတစ်မြို့ကိုရောက်တယ်။ အဲဒီမြို့ကြီးကနေ ကူးတို့သင်္ဘောနဲ့ သုံးလေးနာရီလောက် ကူးရတယ်။ အဲသည်မြို့ကြီးကိုရောက်ရင် မိုးချုပ်သွားပြီ။ ကျွန်တော်တို့မြို့ကလေးကို ဆက်သွားလို့မရတော့ဘူး။ အဲသည်မြို့ကြီးမှာ ညအိပ်၊ နောက်တစ်နေ့ ညနေပိုင်းကျမှ ကျွန်တော်တို့မြို့ကလေးကို ဘတ်စ်ကား နှစ်နာရီလောက် စီးရတယ်။ ညနေပိုင်းလို့ ပြောတာက တခြားကြောင့် မဟုတ်ဘူး။ ကျွန်တော်တို့ မြို့ကလေးကို မနက်ပိုင်းမှာ ထွက်တဲ့ကား မရှိဘူး။ မြို့ကလေးက ဘတ်စ်ကားတွေ က မနက်ထွက်လာပြီး ညနေပိုင်းကျမှ ပြန်ဝင်ကြတာ။
ဒါကြောင့်မို့ ညနေပိုင်းထိအောင် စောင့်ရတယ်။ ကျွန်တော်တို့ မြို့ကလေးကို ညနေမိုးချုပ်မှ ရောက်တယ်။ ကျွန်တော်တို့ မြို့ကလေးကို ရန်ကုန်ကသွားရင် နှစ်ည အိပ်နဲ့ တစ်နေ့ခရီး သွားရတယ်။ ''
( စာမျက်နှာ ၄ နှင့် ၅ မှ )
လက်ဖက်ရည်ဆိုင်များတည်ရှိလာမည့် မြို့ကလေးအား ဆရာမြသန်းတင့်၏ ရေးဖွဲ့ထားချက်များဖြစ်သည်။ ထိုမြို့ကလေးတွင် ဦးအောင်ရှု၏လက်ဖက်ရည်ဆိုင်၊ ဦးဘယူ၏ လက်ဖက်ရည်ဆိုင် နှင့် ဦးဘဂျမ်း၏ လက်ဖက်ရည်ဆိုင်များ အသီးသီးပေါ်လာကြသည်။
'' လက်ဖက်ရည် ယဉ်ကျေးမှုဟာ တရုတ်က စတယ်လို့ ဆိုကြတယ်။ ဒါကြောင့်မို့လားတော့ မသိဘူး။ ကျွန်တော်တို့မြို့မှာတော့ ပထမဆုံး လက်ဖက်ရည်ဟာ တရုတ်လက်ဖက်ရည်ဆိုင်၊ နောက်တော့ ကုလားလက်ဖက်ရည်ဆိုင်၊ ဗမာလက်ဖက်ရည်ဆိုင်က နောက်ဆုံးမှ ပေါ်လာတာ။
ဒီလက်ဖက်ရည်ဆိုင်တွေဟာ ကျွန်တော့်ဘဝ၊တစ်နည်း ပြောရရင် ကျွန်တော်တို့မြို့ကလေးမှာ ပထမဆုံးတွေ့ရ တဲ့ လက်ဖက်ရည်ဆိုင်တွေပဲ။
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လောက်က ဖြစ်မှာပေါ့။ ''
( စာမျက်နှာ ၁၆ မှ )
ထိုထိုသော လက်ဖက်ရည်ဆိုင်များသို့ အကြောင်းပြ ချက်အမျိုးမျိုးတို့ဖြင့်ရောက်လာကြသူများကို ရေးဖွဲ့ပြ သည်။ မြန်မာ့အလင်းနှင့်သူရိယ သတင်းစာနှစ်စောင်ဖြင့် ထိုခေတ်နိုင်ငံရေးအခြေအနေများကို မီးမောင်းထိုး ပြသည်။
ဝတ္ထုပါ ဇာတ်ကောင်လူငယ်တို့သည် စာကြည့်တိုက်တစ်ခုထူထောင်ရေးအတွက် ရန်ပုံငွေရရှိရန် လက်ဖက်ရည်ဆိုင်ဖွင့်ကြ သည်။ စစ်ပြီးခါနီး အင်္ဂလိပ်လေယာဉ်ပျံများက ဗုံးလာကြဲခြင်းကြောင့် '' မတောင့်တ'' စာကြည့် တိုက်ဆောက်ရန်အတွက် အုတ်ပုံကြီးမှာ ကျင်းကြီးဖြစ်သွားတော့သည်။
စစ်ကြီးအပြီး၌ ထိုလူငယ်တို့သည် '' ရဲဘော် '' လက်ဖက်ရည်ဆိုင်ကို ဖွင့်ကြပြန်သည်။
'' မတ်လက ဖွင့်လိုက်တဲ့ ကျွန်တော်တို့ရဲ့ လက်ဖက်ရည်ဆိုင်ကလေးဟာ သြဂုတ်လကျတော့ ပြုတ်သွားပါ တယ်။
ပြုတ်တဲ့အကြောင်းကလည်း ကျွန်တော်တို့ စီးပွားရေး မလုပ်တတ်လို့ဘဲလို့ ပြောရမယ် ထင်တယ်။ ဖတပလ စည်းရုံးရေးလုပ်ဖို့ ရန်ပုံငွေကို ဒီအထဲကိုကပဲ ဖဲ့သုံးရတာ ကိုး။ နယ်ထွက်တဲ့အခါမှာ ခရီးစရိတ်တို့ ဘာတို့ကုန်တယ်။ စာရင်းအင်း ကောင်းကောင်းမနိုင်ဘူး။
ဒါပေမဲ့ ကျွန်တော်တို့မှာတော့ လက်ဖက်ရည်ရောင်းတဲ့
အတွေ့အကြုံ ရလိုက်ပါတယ်။ ''
( စာမျက်နှာ ၇၉ နှင့် ၈၀ မှ )
ခေတ်သမိုင်းကို လက်ဖက်ရည်ဆိုင်များဖြင့် ပုံဖော်ရေးဖွဲ့ထားသော ဝတ္ထုရှည်တစ်ပုဒ်ဟု ခံစားမိပါသည်။
မိုးမင်းသိမ်း
၁၀ သြဂုတ် ၂၀၁၉
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845