စာအုပ်အမည် ... ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ
စာရေးသူ - စံပယ်ဖြူနု
စာအုပ်တိုက်- ကံ့ကော်ဝတ်ရည်စာပေ
အကြိမ် - ပထမအကြိမ်
ထုတ်ဝေသည့်ခုနှစ် - ၂၀၁၅ အောက်တိုဘာလ
တန်ဖိုး - ၂၈၀၀ ကျပ်
အုပ်ရေ- ၅၀၀
စာမျက်နှာ -၂၂၀
စာအုပ်ဝယ်ယူလိုပါက
Just One Minute ဖတ်ညွှန်း
ဆရာမစံပယ်ဖြူနုရဲ့ " ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ" နဲ့ " အလွမ်းဆိုင်" ကို လွန်ခဲ့တဲ့ရက်ကနေစလို့ ဆက်တိုက်လို ဖတ်မိခဲ့ပါသည် ။
ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ စာအုပ်ကိုဖတ်ဖို့ စကိုင်တော့ ထူးအိမ်သင်ကြိုက်တဲ့ကျွန်မက " နွေဦးကံ့ကော်" ကို ဖွင့်ထားမိသည်။ စာဖတ်လျှင် အမှာစာကိုဖတ်လေ့ရှိသောကျွန်မက ဆရာမရဲ့အမှာစာထဲ နွေဦးကံ့ကော်က ပါလာတော့ ရင်ဘတ်ချင်းနီးစပ်မိကြပါသည် ။
( ဖတ်နေ သည့်အချိန်လည်း မကြာခဏ ထိုသီချင်းကိုဖွင့်လျက် မျက်လုံးလေးမှိတ်လျက် နားဆင်မိပါသေးသည်)
ဒီစာအုပ်က အခြားဝတ္ထုတွေနဲ့မတူ အနည်းငယ်ကွဲပြားသည် .. အဓိက ဇာတ်လမ်းရဲ့ ဇာတ်ဆောင်မဟုတ်သူရှုထောင့်ကနေ သူမြင်သမျှကြားသမျှသိသမျှကို ရေးထားသလို ဖြစ်သည့်အတွက် .. စာဖတ်သူကိုယ်တိုင် ပုံပြင်လေးနားထောင်နေသလိုခံစားရသည် ....
ကလေးမလေးပြောပြနေတာကို နားထောင်ရင်း စာဖတ်သူက ခြေရာကောက်ရသည် ... အချက်အလက်တွေမှတ်ထားမိသွားရသည်..
ကိုယ်ထင်နေတာလေးကို ဟုတ်သလိုမဟုတ်သလိုလိုခံစားမိရင်း ဖတ်နေရာကနေ ဟုတ်မှန်ကြောင်းကို အတိအလင်းမပြဆိုဘဲ သိသွားရသည့်ခံစားချက်က ဒီ ဝတ္ထု၏ထူးခြားချက်ဟုဆိုရပါမည် ...
ဇာတ်ဆောင်တွေဆီကမဟုတ်ဘဲ ဘေးလူကနေတစ်ဆင့် သူတို့အပြောအဆိုအမူအရာတွေကို ပုံဖော်ကြည့်ရင်းနဲ့မှ မြှုပ်ကွက်ကိုသိသွားရလေခြင်းပေါ့...
" ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး" ဆိုတဲ့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ကဗျာစာသားဟာ သူတို့နှစ်ယောက်အတွက်လေလားလို့ ဖတ်ရင်း မချင့်မရဲအတွေးတွေနဲ့ သက်ပြင်းလေးခိုးချမိတာ....
ချစ်ခြင်းဆိုတာ ပြောပြလေမှသိနိုင်တဲ့အရာမဟုတ်ဘဲ အဲ့ကနေဖြစ်လာတဲ့မေတ္တာနဲ့ နွေးထွေးမှုဟာ မှော်စွမ်းအင်လို တစ်ဘက်လူကိုလည်း ညို့ယူနိူင်ပါလေကြောင်း .. အသေအချာသိနိုင်မှာဖြစ်ပါတယ်.
ဒီစာအုပ်မှာ စာသားအနုအရွတွေ စကားပြောအနုအရွတွေတွေ့ရမှယမဟုတ်ပါဘူး ... မေတ္တာတွေကိုတော့ ခံစားနိုင်ပါလိမ့်မယ်... .
မိခင်အပေါ်ထားတဲ့ သမီးတစ်ယောက်ရဲ့ ခံစားနားလည်နိုင်မှုတွေကိုရောပေါ့....
ဪ ကျန်သေးတယ် ကံ့ကော်ပွင့်တွေမြင်ရင်ပဲဖြစ်ဖြစ် " နွေဦးကံ့ကော်" သီချင်းကို ကြားရင်ပဲဖြစ်ဖြစ် ဒီစာအုပ်ထဲက ကံမဆုံလည်းမမေ့နိုင်တဲ့ ဇာတ်လမ်းလေးကို ဖျတ်ခနဲသတိရနေမိတော့မှာပါပဲ...
" အဲ့ဒီအချိန်ဟာ ဘဝမှာအလှဆုံးအချိန်ပဲ၊ အစမရှိသလို အဆုံးလည်းမရှိနိုင်တဲ့ အချိန်မျိုးပေါ့၊ တော်ပြီလေ အဲ့ဒီ တစ်ချိန်ကို ပိုင်ဆိုင်ခဲ့ဖူးပြီလေ၊ တော်ပြီပေါ့လို့ပဲ တွေးတယ်၊ အဝေးမှာပဲ နေခဲ့တယ် နေလည်းနေသင့်တယ်၊ ဘယ်လိုပြောရမလဲဆိုတော့ အဲ့ဒီအချစ်ဟာ ငှက်ကလေးတစ်ကောင် ၊ ပန်းကလေးတစ်ပွင့်ကို ချစ်တဲ့အချစ်နဲ့လည်းတူတယ်၊ ငှက်ကလေးကောင်းကင်မှာပျံနေတဲ့အခါ ၊ ပန်းကလေး လှလှပပပွင့်နေတဲ့အခါ အဝေးကနေ ကျေနပ်တယ်၊ ဒါပါပဲ ဒီလောက်ပါပဲ"
စာမျက်နှာ ၁၉၈ ...
ဒါပါပဲ ဒီလောက်ပါပဲ ...
Seint Maw Maw Aung
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137