ဗန်းမော်တင်အောင်
ရိုးမတိုက်ပွဲ
မြနန္ဒာ စာအုပ်တိုက်၊
စတုတ္ထအကြိမ်၊ မတ် ၂၀၂၀။
မျက်နှာဖုံး ပန်းချီ - ကိုကိုနိုင်။
၁၄.၇ စင်တီမီတာ x ၂၀.၉ စင်တီမီတာ။
စာမျက်နှာ - ၁၂၇ ၊ တန်ဖိုး - ကျပ် ၂၀၀၀။
ရိုးမတိုက်ပွဲ စာအုပ်ထုတ်ဝေခြင်းနှင့်ပတ်သက်၍
မြနန္ဒာ စာအုပ်တိုက်၏ ၁ အောက်တိုဘာ ၂၀၁၉
ရက်စွဲဖြင့် ဖော်ပြထားသော အမှာစာပါရှိသည်။
စာရေးသူ၏အမှာပါရှိပြီး မင်းပြောင်းမင်းလွဲ၊ ရိုးမတောင်တန်း၊ ကင်ပေတိုင်နှင့် ဘီအိုင်အေ၊ တောင်ပေါ်နှင့်မြေညီ၊ တောင်ပေါ်ရွာ၊ ရိုးမအကျဉ်းသားများ၊ ထွက်ရပ်လမ်း၊ သေရေးရှင်ရေး၊ ရိုးမတိုက်ပွဲ၊ မပြီးဆုံးသေးသော တိုက်ပွဲ စသည့် အခန်း ၁၀ ခန်းပါရှိသော အရေးအသား တစ်ခုဖြစ်သည်။
'' ယင်းသို့ မြန်မာအမျိုးသားများက ဖက်ဆစ်ဂျပန်တို့ကို တိုက်ခိုက်ခဲ့ကြသော အကြောင်းအရာနှင့်
အဖြစ်အပျက်များကိုလည်း အက္ခရာတင်သူများက
တင်လျက် မော်ကွန်းထိုးသူများ ကလည်း ထိုးခဲ့ကြလေ သည်။ သို့ရာတွင် ဤ '' ရိုးမတိုက်ပွဲ '' အကြောင်းသည် လူသိအင်မတန်နည်းပါးလှသော သင်တိုင်းဝတ်
တောင်ပေါ်ကရင်အမျိုးသားများ၏ ဂျပန်ဆန့်ကျင်ရေး စစ်ပွဲကလေးတစ်ပွဲ၏ အကြောင်းအရာ အဖြစ်အပျက်မျှ သာ ဖြစ်လေသည်။ ထိုအဖြစ်အပျက် အကြောင်းအရာ နှင့် စစ်ပွဲအကြောင်းကို မော်ကွန်းရေးထိုးခြင်း မပြုကြသေးသည့်အတွက် ၁၈နှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီးမှ
စာရေးသူက မော်ကွန်းရေးထိုးရန် အားထုတ်တင်ပြ လိုက်ခြင်းမျှသာ ဖြစ်ပါသတည်း။ '' ဟု
'' စာရေးသူ၏အမှာ '' တွင် ဖော်ပြထားသည်။
'' သင်တိုင်းဝတ် ကရင်အမျိုးသားများ၏ အဓိကလုပ်ကိုင်စားသောက်ခြင်းပြုကြရသော တောင်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လူ့အနွယ်ဝင်များ၏ ရှေးအကျဆုံးဖြစ်သော တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြစ်လေ
သည်။ တောင်ပေါ်တောင်ယာစိုက်ပျိုးရေးလုပ်ငန်းသည် သဘာဝနှင့် လူတို့၏ ကြွက်သားများကိုပါ လုံးလုံးလျားလျားကြီး အားထားအားပြုနေရသော
ရှေးဟောင်းစိုက်ပျိုးရေးလုပ်ငန်းပင်ဖြစ်သည်။
ယာအား ကောင်းမွန်လိမ့်မည်ထင်ရသော တောရိုင်းကြီး ကို လက်မောင်းနှင့်ခြေသလုံးကြွက်သားများကို အရင်း ပြု၍ ခုတ်ထွင်ရှင်းလင်းခြင်း ပြုကြရလေသည်။ ထိုသို့ ခုတ်ထွင်ထားသော တောင်ယာခင်းကို မီးရှို့ရှင်းလင်း ရန်အရေးအတွက် ဘေးပတ်ပတ်လည်တွင် တောမီးများမကူးစက်နိုင်စေရန် အတားအဆီး အကာ အကွယ်များကို ပြုလုပ်ရလေသည်။ ထိုသို့မှ တောမီး မဝင်နိုင်အောင် မကာကွယ်နိုင်ခဲ့လျှင် အနာအကျင် အပင်ပန်းခံ၍ ခုတ်ထွင်ထားသော တောင်ယာခင်း သည် စိုက်ပျိုး၍ မရနိုင်လောက်အောင် ပျက်စီးတတ်လေသည်။ '' ( စာမျက်နှာ - ၅၈ မှ ) ဟု သင်တိုင်းဝတ် ကရင်အမျိုးသားတို့၏ တောင်ယာလုပ်ငန်းအခြေအနေ ကို ရေးဖွဲ့ထားသည်။
တောင်ပေါ်ယာတို့အား စူးထိုးစိုက်ပျိုးကြသည်မှာ
ဝမ်းစာစပါး နှင့် အဝတ်အထည်ရက်လုပ်ရန် ဝါတို့ အတွက်သာ အဓိကဖြစ်သည်။
အာရှတိုက် သာတူညီမျှရေးစစ်ပွဲကြီး အောင်နိုင်ရေး အတွက်ဟုဆိုကာ ဂျပန်စစ်အာဏာပိုင်တို့သည်
သင်တိုင်းဝတ် တောင်ပေါ်ကရင်အမျိုးသားတို့ထံမှ
ဝမ်းစာစပါးတို့ကို လုယက်ယူငင်ကြ၏။ သဘာဝစရိုက်အတိုင်း မွေးမြူထားသော ကြက်ကလေး၊ ဝက်ကလေး တို့ကိုလည်း သိမ်းဆည်းသွားကြသည်။ တစ်ဝမ်းတစ်ခါး ပင်ပင်ပန်းပန်းရှာဖွေစားသောက်နေကြရသူတို့အား ညှဉ်းပန်းနှိပ်စက်ကြပြန်သေးသည်။ ထိုအခြေအနေများ မှာ အေးအေးလူလူနေထိုင်ကြသော သင်တိုင်းဝတ် တောင်ပေါ်ကရင်အမျိုးသားတို့၏ '' ရိုးမတိုက်ပွဲ '' ဆင်နွှဲ ရန် အခြေခံအကြောင်းတရားတို့ပင်ဖြစ်သည်။
'' သို့ရာတွင် ထိုဂျပန်ဆန့်ကျင်ရေးထက် ပိုမိုပြင်းထန်၍ ရေရှည်ဆင်နွှဲခြင်းပြုရဦးမည့် စစ်ပွဲကြီးတစ်ပွဲကို
သင်တိုင်းဝတ် တောင်ပေါ်သားများသည် ဆက်လက်၍ ဆင်နွှဲတိုက်ခိုက်ခြင်းကား ပြုကြရပေဦးမည်။ ထိုစစ်ပွဲ ဆိုသည်မှာ အခြားတော့မဟုတ်၊ ရန်လိုရုံမျှသာမဟုတ်။ ရန်ပြုခြိမ်းခြောက်နေသော သဘာဝပတ်ဝန်းကျင်နှင့် ဆက်လက်ဆင်နွှဲတိုက်ခိုက်ရဦးမည့် စစ်ပွဲကြီးပင် ဖြစ်လေသည်တကား။ '' ( စာမျက်နှာ - ၁၂၇ မှ )
မိုးမင်းသိမ်း
၃၁ မေ ၂၀၂၀