ဘာရယ်မဟုတ်ပါဘူး။ ဒီနေ့ထွက်မယ်ဆိုပြီး preorder တွေ အများကြီးနဲ့ ဟိုးလေးတကြော်ဖြစ်နေတဲ့ စာအုပ်မို့ ဖတ်ကြည့်မိတာ။ ဟိုးလေးတကြော်ဖြစ်တိုင်း သိပ်တော့ အထင်မကြီးမိပါဘူး။ - ဂရုမစိုက်ခြင်းအနုပညာလိုပဲ နာမည်ကြီးရုံကြီးတာလို့ ထင်မိတာပေါ့နော်။ ဖတ်မိတော့လည်း တစ်ထိုင်တည်းနဲ့ အစအဆုံး ဖတ်ပြီးသွားပါတာ်။
တကယ်တော့ အမှတ်တရက စပြီး ဆရာမဂျူးရဲ့ စာအုပ်မှန်သမျှ မလွတ်တမ်း ဖတ်ခဲ့ဖူးသူတစ်ယောက်ပါ။ စာအုပ်ဖတ်ရင် စာအုပ်နာမည်၊ စာရေးဆရာနာမည်ကို သတိမထားမိသူတစ်ယောက်မို့ အမှတ်တရစာအုပ်ဆိုရင် သူများညွှန်းလိုက် ဖတ်လိုက်နဲ့ ၃ ခါ ၄ ခါလောက် ပြန်ဖတ်ဖူးပါတယ်။ စာရေးဆရာအစွဲမထားပေမဲ့ ဂျူးနဲ့ တာရာမင်းဝေစာအုပ်တွေတော့ စွဲစွဲလမ်းလမ်း ဝယ်သိမ်းဖူးပါတယ်။
နောက်ပိုင်းတော့ အရင်ကလောက်စွဲစွဲလမ်းလမ်းကြီး မဟုတ်တော့ပါဘူး။
စာအုပ်ကောင်းတယ်လို့ ဘယ်စံနှုန်းနဲ့ သတ်မှတ်မလဲ။ ကိုယ့်အတွက်တော့ ရသ စာအုပ်တစ်အုပ်ကို လက်ကမချဘဲ အစအဆုံးဖတ်ချင်စိတ်ပေးတာကိုများ ဆိုရမလားပဲ။
ဒီစာအုပ်က ဆရာမဂျူးရဲ့ တခြားစာအုပ်တွေလိုပဲ အမျိုးသမီးတွေအကြောင်းပဲဖွဲ့တာလို့ ဆိုရပါမယ်။ ဒါပေမဲ့ မျိုးဆက်၃ ဆက်က အမျိုးသမီးတွေရဲ့ သိုဝှက်ထားတဲ့ ခံစားချက်တွေကို လှလှပပလေး ပုံဖော်ထားပါတယ်။
မင်္ဂလာဦးအတွက် ရက်လုပ်ထားတဲ့ခြုံစောင် သေရင် တစ်ပိုင်းစီခွဲ ခြုံပေးလိုက်ရင် နောင်ဘဝ ပြန်ဆုံစည်းမယ်ဆိုတဲ့ အယူအဆ။ တကယ်တမ်းကျတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေကို နောင်ဘဝမှာ ပြန်ဆုံစည်းချင်ကြပါ့မလား။ ဒီထဲမှာတော့ အိမ်ထောင်ဖက်တွေနဲ့ နောင်ဘဝမှာ မဆုံဆည်းကြချင်သူတွေချည်းပဲ တွေ့ရပါတယ်။
မိန်းကလေးတွေ ဖတ်မိရင်တော့ ရည်းစားဟောင်း၊ crush ဟောင်းတွေကို ပြန်လွမ်းပြီး ရိုကြမလားမသိပါဘူး။ ယောက်ျားလေးတွေ ဖတ်မိရင်တော့ မိန်းမဆိုတာ ကိုယ့်နားကလူကို တန်ဖိုးမထားဘဲ ငယ်ချစ်ဟောင်းကိုပဲ တမ်းတကြတာမျိုးလို့ ထင်သွားကြမှဖြင့်။
ဆရာမဂျူးရဲ့ ဝတၳုတွေအတိုင်း ဇာတ်လမ်းထက် အကြောင်းအရာကို အားကောင်းကောင်းနဲ့ ရေးဖွဲ့ထားတဲ့စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။ မြန်မာ့ရက်ကန်းအကြောင်းကို အသေးစိတ်ပုံဖော်ထားတာလည်း ပျင်းစရာမကောင်းဘဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဒီနေ့ fb သုံးနေတဲ့ ခေတ်ကာလကနေ ဟိုးခေတ်ကို တဖြည်းဖြည်းဆွဲခေါ်သွားပုံကလည်း ဒီခေတ်လူငယ်တွေ ဖတ်မိရင်လည်း သဘောကျကြမှာပါ။
ပြောစရာဆိုလို့ စက္ကူအသားပဲ ရှိပါတယ်။ စာအုပ်ကောင်းကောင်းကို ဘာကြောင့် ဒီစက္ကူသားနဲ့ ထုတ်လဲဆိုတာ စဉ်းစားမရပါဘူး။ အကာကိုကြည့်မှာလား၊ အနှစ်ကို ဖတ်မှာလား လို့ ပြောချင်လည်းပြောကြပါ၊ ဝယ်သိမ်းထားမယ့် သူတွေအတွက် ကြားထဲက အားနာမိပါတယ်။ ဆရာမဂျူးစာအုပ်ဆိုရင် ဘယ်လောက်ပဲပေးရပေးရ ဝယ်မယ့်ပရိသတ် အခိုင်အမာရှိတာမို့ ဒီစက္ကူသားကိုတော့ အတော်လေး စိတ်ပျက်မိပါတယ်။
အတွင်းရဲ့တန်ဖိုး၊ စာရဲ့ အနှစ်သာရသက်သက်ကိုသာ ညွှန်းဆိုရရင်တော့ စာအုပ်ကောင်းတစ်အုပ်၊ ဖတ်သင့်တဲ့စာအုပ်တစ်အုပ် လို့ပဲ ညွှန်းဆိုပါရစေ။
#Lynn Latt
စာအုပ်အမည် - သက်တံတို့ဖြင့် ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ
စာရေးသူအမည် - ဂျူး
ထုတ်ဝေသူ - ဂျူးစာပေ
ပထမအကြိမ် ၂၀၁၈ခုနှစ် ဇွန်လ။ (ပုံနှိပ်မှတ်တမ်းမှာ ဒီလိုဖော်ပြထားပေမယ့် တကယ်တမ်း ဆိုင်တွေမှာ စရောင်းတဲ့ ရက်က ၁၀ရက် ဇူလိုင်လ ၂၀၁၈။ ရောင်းမယ်လို့ ပြောထားတဲ့ နေ့က ၁၁ရက် ဇူလှိုင်။ ကြာရင် ရောကုန်မှာစိုးလို့ တစ်ခါတည်း ချရေးထားလိုက်တယ်။)
တန်ဖိုး - ၄၅၀၀ ကျပ် (ကိုယ်ကတော့ ၄၈၀၀ ပေးဝယ်လိုက်ရတယ်။ ဈေးတင်ရောင်းတဲ့ ဆိုင်မှာဝယ်လိုက်ရလို့။ အဲဒါလည်း မှတ်တမ်းတင်တဲ့ အနေနဲ့ ဒီမှာလည်းရေး စာအုပ် ကာဗာစကင် ဖတ်တော့လည်း ထည့်ဖတ်ထားလိုက်တယ်။)
စာမျက်နှာ - ၃၅၄ မျက်နှာ
မျက်နှာဖုံး ဒီဇိုင်းနှင့် ဓါတ်ပုံ - po po
Topography – saing mg mg
စာအုပ်နာမည်မှာ ခြုံလွှာလို့ ပါသလိုပဲ မျက်နှာဖုံးမှာလည်း အညာဘက်မှာ တွေ့လေ့ရှိတဲ့ ခြုံလွှာလေးနဲ့ ဒီဇိုင်းလုပ်ထားတယ်။ ကိုယ့်မျက်စိထဲမှာတော့ စာအုပ်ဒီဇိုင်းဟာ တော်တော်ကောင်းတယ်။ သုံးထားတဲ့ အရောင်နဲ့ အပြင်အဆင်ဟာ အဆင့်အတန်း တစ်ခုရှိတယ်လို့ ခံစားရတယ်။
ဇာတ်လမ်းအဖွင့်ကို အမေဖြစ်သူ မလွန်းမယ် မမာမကျန်းဖြစ်နေချိန် ဘေးမှာ ရှိနေတဲ့ သမီးကြီး ဒေါ်ခင်လွန်းမြတ်နဲ့ ဖွင့်ထားတယ်။ အဖွင့်မှာ စပါတဲ့ ခြုံစောင်အမည်က “ရွှေစံပယ်ဖြူ”။ ဆရာမ ပုံဖော်ထားတဲ့ ခြုံစောင်ရဲ့ အလှကတော့ “ချည်သား စစ်စစ် ခြုံစောင်သည် မီးခိုးအခံမှာ မရမ်းဖျော့၊ အပြာဖျော့၊ အစိမ်းဖျော့နှင့် အဝါဖျော့ အရောင်များစွာ ဖောက်ထားသည့် အနုပညာ လက်ရာတစ်ခုဖြစ်သည်။” တဲ့။ နာမည်အတိုင်းပဲ စံပယ်ဖြူပွင့်လေးတွေလည်း ပါလိမ့်မပေါ့။ ဇာတ်လမ်းထဲမှာ ဇာတ်ကောင်တွေက မျိုးဆက် သုံးဆက်စာ ပါသလို။ ခြုံစောင်တွေလည်း အများကြီးပါတယ်။
မြန်မာ့ရက်ကန်းနဲ့ လက်မှုပညာကို အသားပေးရေးထားတာပါပဲ။ ခြုံစောင်တစ်ခုချင်းမှာ အချစ်ဇာတ်လမ်းတစ်ခုစီ။ မိန်းမပျိုတစ်ယောက်ချင်းမှာလည်း အချစ်ဇာတ်လမ်း ကိုယ်စီ။ မိန်းမပျိုဆိုတာက မျိုးဆက်သုံးဆက်မှာရှိခဲ့တဲ့ မလွန်းမယ်၊ ခင်လွန်းမြတ်ရဲ့ ညီမ ခင်လွန်းဆက်၊ ခင်လွန်းမြတ်ရဲ့ သမီး နေရီဘုန်းကျော်။ သူတို့ သုံးဦးရဲ့ ပျိုရွယ်စဉ်မှာ ကြုံခဲ့ရ၊ ကြုံနေရတဲ့ ရင်ခုန်ဖွယ် ဇာတ်လမ်းတွေ။
မလွန်းမယ်ခေတ်က ဇာတ်လမ်းမှာ ချစ်သူက သီချင်းကို အိမ်နားက ဘုရားမှာ မယ်ဒလင်တီးပြီး လာဆိုတယ်။ မလွမ်းမယ်ရဲ့ မြေး နေရီဘုန်းကျော်ကိုကျ ချစ်သူမကျ သူငယ်ချင်းမကတော့တဲ့ လင်းစက်ခေါ် ဖိုးခွားက Facebookမှာ tagတွဲပြီး တင်တယ်။ ဖုန်းနဲ့ နင်ဘာသီချင်း နားထောင်နေလဲ မေးပြီး ခံစားချက်ကို ဖတ်ကြတယ်။ ခေတ်တွေရဲ့ ကွာဟချက်နဲ့ အတူ ကျေးလက်က ဓလေ့တွေကိုပါ ပြန်တွေ့ရတယ်။
နိုဝင်ဘာမိုးလို သီချင်းခံစားမှုစာအုပ် ရေးခဲ့တဲ့ ဆရာမဟာ ခုချိန်ထိ သီချင်းတွေကို နားထောင်နေဆဲပဲလို့ ထင်ရအောင် စာအုပ်ထဲမှာ သီချင်းတွေကို အခြေအနေနဲ့ လိုက်လျောညီထွေအောင် သုံးသွားတာကို တွေ့ရတယ်။ စာအုပ်လေးဖတ်။ ကျေးလက် ရနံလေးကို ခံစားနေချိန်မှာ မယ်ဒလင်နဲ့ မြန်မာသီချင်းတွေကိုပါ နားထဲ ပြန်ကြားယောင်လာသည်အထိ ထိမိစေတယ်။ ဟိုဘက်ခေတ် သီချင်းတွေတင် မကပဲ ခုခေတ်က ဝေလ၊ ဖြိုးပြည့်စုံ၊ ထူးအယ်လင်းတို ့အထိ။ အနောက်ဘက်က Charlie Puth ရဲ့ သီချင်းတွေ အထိပါတယ်။ မိုးအေးအေးမှာ စာအုပ်လေးဖတ်ရင်း ဆရာမထည့်ရေးထားတဲ့ သီချင်းတွေကို youtubeမှာရှာ နားထောင်ပြီးရင်တော့ ဒီစာအုပ် လောလောဆယ်မှာ ရုပ်ရှင် မဖြစ်လာပါစေနဲ့လို့ ဆုတောင်းမိတော့မတတ်။
ဇာတ်လမ်းထဲကမှာ ဒီမိသားစုအပြင် အခြားပါဝင်သူတွေကတော့ စာရေးဆရာမ ဖြူဖြူလွင်နဲ့ ဒီဇိုင်နာ ညီဟန်မိုး။ ပိုးရက်ကန်းကို တစ်ဘက်ကမ်းခပ်သူ မကြေးမှုံ။
ကိုယ်အကြွေဆုံးအချစ်ကို ပြပါဆိုရင်တော့ မြဝတီ ရွာမှာ ချည်ရက်ကန်း အတော်ဆုံးဆိုတဲ့ မလွန်းမယ်နဲ့ သူရက်ဖို့ ရက်ကန်းစင်ကို အခန်းနားဆုံးနဲ့ အလှပဆုံး ထွင်းထု၊ ဆောက်လုပ်ပေးခဲ့တဲ့ လက်သမားဆရာလေး ကိုလူမောင်တို့ရဲ့ အချစ်ပဲ။ နောက်တစ်ခါ ထပ်ပြီး ဒီလို ရက်ကန်းစင်မျိုး ကျုပ်မလုပ်တော့ဘူးတဲ့။ ဒီလို ခံစားချက်လဲ နောက်တစ်ခါ ထပ်မဖြစ်တော့ဘူးတဲ့။ ဒီရက်ကန်းစင်ကို လုပ်နေတဲ့အချိန် ရက်ကန်းစင်နဲ့ ကျုပ်နဲ့ တစ်သားတည်းပဲတဲ့။ ချစ်သူနဲ့ လွဲခဲ့ပေမဲ့ ချစ်သူလက်နဲ့ လုပ်တဲ့ ရက်ကန်းစင်မှာ မလွန်းမယ် တစ်သက်လုံး အထည်တွေ ရက်သွားခဲ့တယ်။ ကိုလူမောင်ကလည်း သူ့ချစ်သူ ရက်ပေးတဲ့ တစ်ဘက်လှလှလေးကို တစ်သက်လုံး သိမ်းဆည်းထားခဲ့တယ်။
တကယ်တော့ ဒီစာအုပ်ကို နောက်တစ်ခါ မက ထပ်ထပ်ဖတ်ပြီး ဖတ်ညွန်းမဟုတ်တဲ့ ဖတ်တွေးရေးလောက်အောင် ပြောစရာတွေ များလှတယ်။ ဆရာမ လေးနှစ်ကျော် အချိန်ယူပြီး ရေးထားတဲ့စာအုပ်ကို တစ်ရက်ထဲနဲ့ အပြီး ဖတ်တာတော့ မကောင်းဘူးပေါ့။ နောက်တစ်ခါ ထပ်ဖတ်။ နောက်တစ်ခါတွေ ထပ်ဖတ်ပြီး ဖတ်တွေးရေးဖို့ တွေးထားလိုက်တယ်။
ဝန်ဇင်းရဲ့ အင်ဖော်မေးရှင်းအရ ဒီစာအုပ်မှာ သုံးထားတဲ့ စက္ကူသားဟာ ဂျပန်ဝူဖီးစက္ကူတဲ့။ အချိန်တွေ အကြာကြီး သိမ်းထားတောင် အစက်အပြောက် မဖြစ်ပါဘူးတဲ့။ တစ်ခြားစာမျက်နှာတူ စာအုပ်တွေနဲ့ ယှဉ်ကြည့်ရင် သူက တော်တော် ပေါ့ပေါ့ပါးပါးရှိတယ်။
ဒီစာအုပ်ဖတ်ပြီး ကိုယ်တွေးမိတာ နောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ ကိုယ်တို့တွေ နိုင်ငံတကာ စာပေတွေကို ဘာသာပြန်နေကြတယ်။ မြန်မာစာပေကိုရော ဘယ်တော့ ကမ္ဘာက သိအောင် ဘာသာပြန်ကြမလဲ။
မယ်ကျွိ
ည၁၁နာရီ ၁၅ မိနစ်
၁၁ရက် ဇူလိုင်လ ၂၀၁၈
တောင်ကြီး။