` III ကျနော်တို့ ယောက်ျားတွေ မကောင်းဘူး III ´
စုစုထွေးက `မောင့်´ ကို ချစ်တာ မဟုတ်ဘူးး။
အချစ် ကို ချစ်တာ
အဲ့ဒါ ဂျူးပရိတ်သတ်တွေသိရင် သိပ်ကောင်းမှာပဲ။
ဂျူး ဖတ်သူ အားလုံးသို့/ ညွှန်းချက်
ဒီလောက် မာနကြီးတဲ့ မိန်းမ အပျိုကြီးဖြစ်တာ မဆန်းပါဘူး…. လို့ အပေါင်းအသင်းအတွေအကြား၊ ကျနော် မကြာမကြာ ဘုတောမိသည်။ ဘုတောစရာ အကြောင်းတွေကလည်း ရှိခဲ့ဟန်တူသည်။ အဲ… ကျနော့် လို စာရေးသူများက၊ ကလောင်နဲ့ စာဖတ်သူကို လှည့်စားချင်တာက လည်း အများသား။ ရေးပုံကိုက “ရှိခဲ့ဟန်တူသည်” တဲ့။ ဒဲ့ဒိုးရေးလို့ ရရသားနဲ့ မရေး။ သည်လိုအချက်မျိုးကပင်၊ စာရေးသူများ၏ ကလောင်အစွမ်းဖြစ်ပုံရသည်။
ဂျူးကလည်း ကလောင်အစွမ်းသိပ်ထက်သည့် အမျိုးသမီး။ ဂျူး က သူ့ကလောင်နဲ့၊ လူမှုအရွေ့တစ်ခုကိုပင် တစ်ရွေ့ရွေ့တွန်းသွားနိုင်သူ။ ဒီအရွေ့စခဲ့သည်က၊ ၁၉၈၈ မတိုင်မီ။ ၁၉၈၇ စက်တင်ဘာ “အမှတ်တရ” ထွက် သည့်ကာလ အပိုင်းအခြား။
အမှတ်တရ၏ ကောက်ချက်များကို၊ လူမှုစာမျက်နှာများပေါ်တွင် ပလူပျံ အောင် တွေ့ရမှာ သေချာပါသည်။ ကျနော်ကိုယ်တိုင်လည်း မကြာမကြာ တွေ့နေရသည်။ အမျိုးသမီးတို့၏ အတ္တအစကို၊ အမှတ်တရ က သိဒ္ဓိတင် ပေးလိုက်ဟန်တူသည်။ ဒီလိုနှင့်၊ အမျိုးသားများလည်း အသည်းဗြန်းဗြန်း အကွဲခံကြရသည်။ ထို့နောက်၊ ယောက်ျားတွေ မကောင်းဘူး ဆိုသည့် ပညတ်ချက်ကို သေရာပါအောင် ယူသွားခံကြရသည်။
“ယောက်ျားတွေမကောင်းဘူး။ ဟုတ်တယ်။ ယောက်ျားတွေ မကောင်းဘူး….။” ကျနော် လက်ခံပါသည်။ ယောက်ျားတွေ မကောင်းပါ။ ကျနော်ကိုယ်တိုင်လည်း ယောက်ျားစင်စစ်တစ်ယောက် ဖြစ်ပါသည်။ ကျနော်တို့ အမြဲမကောင်းနိုင်ပါ။ သူများတွေ ဘယ်လောက် ပင်ပြောပြော၊ ဆိုဆို ဂျူးကို ကျနော် မမုန်းပါ။ ဂျူးကို ကျနော် ချစ်ပါသည်။ အထူးသဖြင့်၊ သူ့စာသားတွေကို ကျနော်ချစ်သည်။ သူ့အယူအဆအားလုံးကိုတော့ ကျနော် မချစ် ပါ။
ကျနော်ဖတ်သမျှ၊ အမှတ်တရ တစ်အုပ်လုံးက ဇာတ်သိမ်းပိုင်းရောက်မှ ဟပ်ထိတော့သည်။
“ဟုတ်တယ်…။ အဲ့ဒါ နင့်ရဲ့ တကယ့်ဟန်ဆောင်မှု မပါတဲ့ စိတ်ဓာတ်ပဲ။ ငါချစ်တာလည်း အဲ့ဒီ စိတ်ဓာတ်ပဲ။ ဒါပေမယ့် ငါကြောက်တာလည်း အဲ့ဒီစိတ်ဓာတ်ပဲ။ နင် နားလည်ပါ့မလား မသိဘူး။ အဲ့ဒီ စိတ်ဓာတ်မျိုးရှိ တဲ့ မိန်းမ တစ်ယောက်ဟာ ချစ်သူတစ်ယောက်ကို ယူပြီဆိုရင်လည်း အချစ်အတွက်သာ ပေါင်းသင်းနေထိုင်မယ့် မိန်းမ။ အချစ်နည်းနည်း လျော့တာနဲ့ တစ်ပြိုင်တည်း သားသမီးသံယောဇဉ်၊ လူမှုရေး ပြဿနာ ဘာဆိုဘာမှ မငဲ့ဘဲ ငါ့ကို ထားပစ်ခဲ့မယ့်… မိန်းမ…”
စာ (၂၀၀ - ၁)
စုစုထွေး အကြောင်း ကျနော် မပြောပါ။ သူ့ဒိုင်ယာလော့များကသာ၊ ကျနော့်ကို ဆွဲခေါ်သွားနိုင်စေခဲ့သည်။ အမှတ်တရကို ဖတ်ရင်း၊ ကျနော်တို့ ယောက်ျားတွေနှင့် ဆန့်ကျင်ဘက် မိန်းမတစ်ယောက်၏ အဇ္ဈတကို ချည်း ကပ်ခွင့်ရလိုက်သည်က ကျနော်တို့ ယောက်ျားတွေ အတွက် သင်ခန်းစာကောင်းဖြစ်ခဲ့သည်။ အမှတ်တရကို မုန်း သော ယောက်ျားများထဲတွင်၊ ကျနော် မပါ။ ကျနော့် အနေနှင့် စုစုထွေးကို မုန်းသည်။ အမှတ်တရကို ချစ်သည်။ အားပြိုင်မှုများအကြားက၊ ဒိုင်ယာလော့များက ကျနော့်ရင်ကို ခုန်စေသည်။
“မောင်က ကလေးလိုပဲနော်” တဲ့။
ယောက်ျားတွေက၊ သူတို့ကို ကလေးလို့ သတ်မှတ်ပြဌာန်းတာကို မုန်းသည်။ သို့သော် သူတို့ ချစ်ရသူ၏ နုတ်ဖျားက ထွက်ကျလာသော စကားလုံးတိုင်းကိုတော့ ချစ်သည်။ ချစ်သူဆီမှ အမုန်းစကားများ ကြားရလျှင်၊ ယောက်ျားတို့ နှလုံးတဗြုံးဗြုံး လှုပ်ကုန်၏။ ဤအချက် ကြောင့်ပင်၊ ချစ်ခြင်း နှင့် ကြောက်ရွံ့ခြင်းတို့ ဒွန်တွဲခဲ့ဟန် တူသည်။ ကျနော် မသိ။ ကျနော်က၊ ခံစားချက်တို့ဖြင့် လေ့လာနေဆဲ ယောက်ျား တစ်ယောက်မျှသာ။
“မိန်းမဆိုတာ ပညာတတ်ဖို့ မလိုဘူး၊ ရုပ်ချောဖို့ပဲ လိုတယ်၊ မိန်းမပီသဖို့ပဲ လိုတယ်”
“ဒါဖြင့် ပညာတတ်ပြီး ရုပ်မချောတဲ့ မိန်းမကို မောင် ဘာဖြစ်လို့ မောင့်ဘေးမှာ လက်တွဲခေါ်ခဲ့သေးလဲ”
ပုလ္လိင် နှင့် ဣတ္တိလိင်တို့အကြား လွန်ဆွဲအားပြိုင်မှုများဖြစ်သည်။ အဆိုပါ အားပြိုင်မှုများကြောင့်ပင်၊ ကမ္ဘာကြီး လည်ပတ်နေရသည်ဟုပင် ကျနော် ယုံကြည်သည်။ ကမ္ဘာကြီးက၊ အမှန်တကယ်ဆို ချောက်ကပ်ကပ်နှင့် ပျင်းစရာကောင်းလိုက်မည့် ဖြစ်ခြင်း။ အားပြိုင်မှု၊ လွန်ဆွဲမှု၊ ထိခိုက်တွန်း တိုက်မှုများက၊ ဓာတုဒြပ်စင်အသစ်များ ကို ထွက်ပေါ်လာစေသည်။ အချင်းချင်း အပြန်အလှန် တိုးထိုးတိုက်ခိုက်ကြရင်း၊ ကျနော်တို့၏ ငုံလျှိုးဗီဇများ၏ သတ္တိပြလာသည်။ နှောင်ကြိုးများ တဖြည်းဖြည်းနှင့် ရစ်ပတ်ကုန်သည်။ ရုန်းရတော့မှ၊ ဘယ်သူမှ မရုန်းနိုင်။ သိစိတ်တို့ဖြင့်၊ အပြန်အလှန်တွန်းကြ ဆွဲကြရင်း၊ ကျနော်တို့ ခန္ဓာက ပင်ပန်းလာသည်။ မွန်းကြပ်လာသည်။
အမှတ်တရထဲမှ၊ သူ နှင့် သူမ တို့လည်း၊ မွန်းကြပ်မှု ဒဏ်ကို ခံခဲ့ကြရ ပြီးပြီ။ ကျနော်တို့လည်း ဘဝမှ တစ်ကြိမ် တစ်ခါမျှတော့ ခံခဲ့ရဖူးမည် ထင်သည်။ မည်သို့ပင်ဖြစ်စေ၊ အတွန်းအတိုက်၊ အပွန်းအရှများကြား ထဲက အချစ်ဆိုသော ဒြပ်စင်အသစ်က ကျနော်တို့ အသက်နှင့် ခန္ဓာကို ဆက်လက်မောင်းနှင်နေမြဲ၊ နေဆဲ။
မန္တလေးမြို့ထဲကနေ ကျနော့် အိမ်ကိုပြန်တိုင်း၊ ကျနော် သတိတရ ဖြတ်သန်းခဲ့သော လမ်းတချို့ရှိသည်။ ဤလမ်းများထဲတွင်၊ နန်းရှေ့ ကျုံးလမ်း ပါသည်။ ပန်တျာကျောင်းနားက ရေနီမြောင်းထိပ်ကို ကျနော် မကြာ မကြာငဲ့ကြည့်ဖြစ်သည်။ သိပ်ချစ်တတ်တဲ့ မိန်းမတစ်ယောက် ဟာ…. သိပ်မုန်းစရာ ကောင်းမှန်းအစက ကျနော် မသိခဲ့။ နားမလည်ခဲ့။ နောက်များကျမှ ကျနော် နားလည်သဘောပေါက်လာခဲ့ရသည်။
အမှတ်တရက၊ ကျနော့်အတွက် အမှတ်တရများချည်း ဖြစ်နေခဲ့သည်။ ထူးဆန်းပေစွ။ ကျနော် အရင်က ဝတၳု တွေကို မကြိုက်တတ်ပါပကော။ ဘာကြောင့် အခုမှ ဝတၳုတစ်အုပ်အကြောင်း တစ်ခုတ်တရရေးနေမိပါ လိမ့်။ ကျနော့်ကိုယ် ကျနော်လည်း အံ့ဩနေမိသည်။ တကယ်တော့ ကျနော်ရေးတာ မဟုတ်။ ကျနော့်လက်ချောင်း များက ရေးခြင်းသာဖြစ် ပါသည်။ ကျနော့်နုတ်က ဖွင့်ကထွက်မပြောနိုင်သော အရာများကို ကျနော့်လက်ချောင်း များက ပြောတတ်သည်။ ပြောရဲသည်။ ပြောနိုင်စွမ်းရှိသည်။ သည်လိုအကြောင်းအရာတွေကို လက်များက တစ်ဆင့် ပြောတာပဲ ကောင်းလိမ့်မည် ထင်သည်။ ကျနော့် နုတ်ခမ်းမှာ၊ အမှတ်တရများအတွက် ဖွင့်ဟနိုင်စွမ်း မရှိ။
သိပ်ချစ်တတ်တဲ့ မိန်းမတွေကို ယောက်ျားတွေ သိပ်ကြောက်သွား တတ်တယ်…. ကျနော့် အတ္တနောမတိနဲ့ ချည်း ကပ်လိုက်သည်။ ဂစ်တာခေါက်ပြ၊ ကော်ဖီ ချိုခါး ဖျော်ပေးတတ်တဲ့ မိန်းမတစ်ယောက်ကို ဘယ်အမျိုးသားက၊ အမှတ်တရမရှိဘဲ နေမတုန်း။ ယောက်ျားများက၊ ကြင်နာမှုများကို ချစ်ပါသည်။ သို့သော ကြင်နာမှုများနောက် ကွယ်က၊ စိုးရိမ်ချက်များက သူတို့ကို အမြဲ အရိပ်မည်းကြီး လိုက်နေသလို ခံစား နေမှာ စိုးကြောက်လှသည်။ ဤ စိုးရိမ်ချက်ကြောင့်ပင်၊ ယောက်ျားတို့က သူတို့ နှလုံးသားကို တံတိုင်းများ တည်ဆောက်လိုက်ကြဟန်ရှိသည်။
ဒီလိုနှင့် ချစ်ကြသူတို့ အကြား တဖြည်းဖြည်း ဝေးကွာသွားကြသည်။ အချစ်နှင့် ရွေးချယ်မှုတို့သည် အမြဲ ထပ်တူ မကျ။ မကျနိုင်သော အကြောင်းအရင်းများလည်း အများအပြားရှိပါလိမ့်မည်။ မတူညီသော ဓာတ်သဘာဝတို့ ပိုင်ဆိုင် ဆုပ်ကိုင်ထားသော လူ နှစ်ဦးတို့ တစ်သက် တာ ပေါင်းဖက်နေထိုင်သွားကြတာ လွယ်ကူသော အလုပ် မဟုတ်။ ဦးနှောက်နှင့် နှလုံးသားတို့ ပြိုင်တူ အလုပ်လုပ်ကာမှ၊ တော်ကာကျနိုင် မည့် အဖြစ်။
“တဲတဲကလေး ကျန်ရစ်သော မျှော်လင့်ချက် ကြိုးမျှင်ကလေး တစ်ခု ထောက်ခနဲ ပြတ်သွားပြီး အေးစိမ့်သော ပတ်ဝန်းကျင်နှင့် ဘာမျှ မဆိုင်စွာပင် ကျွန်မရင်ထဲမှာ မီးတောက်တစ်ခု အရှိန်ပြင်းစွာ ဟပ်လိုက်သလို၊ ပူပြင်း နာကျင်သွားရသည်”
စာ - ၁၄၂
အဆိုပါ မီးသည်၊ စုစုထွေးကို လောင်သည်။ ထို့နောက် “မောင့်” ကိုပါ လောင်သည်။ မိန်းမတို့ ရင်တွင်းမှ မီးစ တစ်ခုသည် မီးတောက်အဖြစ် လောက်ကျွမ်းသောအခါ၊ သူတို့ နှလုံးသား နာလိုခံခက် ဖြစ်ရသည်။ သူတို့၏ တစ်ကိုယ်လုံး မီးလောင် ပြာကျပြီးသကာလ၊ ဖီးနှစ်ငှက်ကဲ့သို့ အသစ်တဖန် ပြန်လည်မွေးဖွားလိုက်သည့် ကာလ တွင်မူ၊ သူ့မူရင်း နှလုံးသား ဗဟိုချက်ရှိရာကို သူ့နည်းတူ လောင်ကျွမ်းရန် ဦးတိုက် ရည်ရွယ်တော့သည်။
မိန်းမတို့၌ အချစ်၊ အမုန်း၊ ကြင်နာမှု၊ စိုးရွံ့မှု နှင့် မာနတို့ ရောပြွမ်း ကြိုချက်ထားသော ခံစားချက်များကား၊ များပြားလှသည်။ ထို့ကြောင့်၊ ခံစားချက်များရောပြွမ်းထားသည့် မိန်းမတို့နှင့် ကြုံဆုံသည့် ယောက်ျား တိုင်း၏ အပြုအမူများမှာ ဦးတည်ရာမရ ကဆုန်စိုင်း အပြေးနှင်ကုန်ကြ သည် ထင်သည်။
အပြုအမူတို့ စေစားရာနောက်ကို လိုက်ပါရသော အချစ်များကလည်း၊ ယောက်ျားအတွက် ရောထွေးလျက်၊ ရှုပ် ပွေလျက်။ ပွေလီလျက်။ ဤသို့ဖြင့်၊ ကျနော်တို့ ယောက်ျားများက၊ စာတွေ ကဗျာတွေ ရေးကုန် ကြသည်။ စကား လုံးအလှများကို သုံး၍ သူတို့ ခံစားချက်များကို ဖွဲ့သီကုန်သည်။ သံစဉ်များအကြား အလှတရားကို ရှာဖွေ ဆည်း ပူး ကုန်ကြသည်။ မိန်းမများကြောင့်သာ… ယောက်ျားများသည် အနှစ်သာရ တစ်ခုအတွက် ရှာဖွေဖို့ စိုင်းပြင်းကြသည်ဟု ကျနော်ထင်သည်။
အမှတ်တရမှာ - အမှတ်တရများအဖြစ်သာ ကျန်ခဲ့ပြီး၊ လက်တွေ့သည် အနာဂတ်ကို သယ်ဆောင်သွားကြလိမ့် မည် ထင်သည်။
အမှတ်တရအမှာ - အနာဂတ်တွင် မရှိနိုင်ပါ။ အတိတ်မှာသာ ရှိနိုင်ပါသည်။
အမှတ်တရသည် အတိတ်နှင့် အပ်စပ်သော အရာသာဖြစ်ပါသည်။
အနာဂတ်မှာ အမှတ်တရအဖြစ် ကျန်နေချင်သေးလျှင်၊ ကျနော်တို့ အနာဂတ် မရှင်သန်နိုင်တော့။
အမှတ်တရကို အမှတ်တရအဖြစ်သာ ထားလိုက်တာ ကောင်းပါသည်။
#မင်းသေ့
နံနက် ၀ း ၅၈
၂၃ ၊ ဇွန်လ ၊ ၂၀၁၇
ရသစာပေမခံစားတတ်သူ ပုရိသယောက်ျားတစ်ယောက်၏ ရှုမြင်ချက် များကို နားလည်သည်းခံကြပါကုန်။
မရေးရဲဘဲ ရေးခဲ့သည့် စာ။